COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၈
    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ် များအလိုက် တပ်မတော်သားများက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
    
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ဆေးရုံကြီး၊ ကချင်ပြည်နယ်၊ ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ရပ်စောက်မြို့၊့ ခိုလမ်မြို့နှင့် လင်းခေးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ကယားပြည်နယ်၊ ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံ၊ မွန်ပြည်နယ်၊ ရေးမြို့ ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြည်သူ့ ဆေးရုံ၊ ပဒါန်းတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ပြည်သူ့ဆေးရုံ၊ ပန်းတောင်း မြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
    
ထို့ပြင် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ သွားရောက်၍ တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် COVID-19   ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်း များဖြစ်သည့်  Personal Protective Equipment (PPE) ဝတ်စုံ ၁၀၀ စုံ၊ Mask  ၃၀၀၀ ခု၊  Face  Shield  ၁၀၀ ခု၊ အပူချိန်တိုင်းကိရိယာ ၂ ခုနှင့် အင်အားဖြည့်အာဟာရများဖြစ်သည့်  ကြက်ဥ ၅၀၀ လုံး၊ ရွှေဖီဦးလက်ဖက်ရည်ထုပ် ၁၄၈ ထုပ်၊ နန်းမြိုင်ကော်ဖီမစ် ၁၄၅ ထုပ်နှင့် အသားဘူး ၆၄ ဘူးတို့ကို ပေးအပ်လှူဒါန်းရာ ဒဂုံတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဒေါ်နုနုရီ ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။