တပ်မတော်(ကြည်း၊ ရေ၊ လေ)က  ပုလောမြို့နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ပေးအပ်၊ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၈
    
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လှူဒါန်းသည့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် ပလောက်မြို့၊ နယ်မြေခံသင်တန်းကျောင်းရှိ အောင်ဇေယျရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များက ပုလောမြို့နှင့် ပလောက်မြို့တို့ရှိ  မြို့မိ၊ မြို့ဖများထံသို့ သွားရောက်ပေးအပ်လှူဒါန်းကြသည်။    
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးက ရောဂါကာကွယ်ရေးအထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ လှူဒါန်းသည့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၁၀၀၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၅၆ စုံ၊  Hand Gel  ၄၀ ဘူးနှင့် Hand Sanitizer  ၃၅ ခုတို့ကို ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများကလက်ခံရယူပြီး ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားခဲ့သည်။    
ထို့ပြင် COVID-19  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်း၊ ခဲဖွယ်အဆင်ပြေစေရေး အတွက် တပ်မတော်မှ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း တို့တွင်လည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ရှိ ယိုးဒယားဘုန်းတော်ကြီး ကျောင်းတိုက်၊ ပလောက်မြို့၊ ဘုရားကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာ တော်များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် အဖွဲ့ဝင် များက သွားရောက်ဖူးမြော်ကြည်ညို၍ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့်  COVID-19   ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြုပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။     
ယင်းနောက် အဆိုပါကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံများမှ ဆေးကုသရေးအဖွဲ့များဖြင့် လိုအပ်သည့် ကျန်းမာရေးစစ် ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။