ဆားဘရပ်က တောင်တရုတ်ပင်လယ်အနီးရှိ ဖိလစ်ပိုင်သင်္ဘောကျင်းကို ဒေါ်လာသန်း ၃၀၀ ဖြင့်ဝယ်မည်

အမေရိကန်နိုင်ငံမှ  ပုဂ္ဂလိကစတော့ရှယ်ယာ ကုမ္ပဏီတစ်ခုဖြစ်သည့် ဆားဘရပ်က တောင်တရုတ်ပင်လယ်အနီး   အမေရိကန်ရေတပ်စခန်းဟောင်း၌ တည်ရှိသော ဖိလစ်ပိုင်သင်္ဘောကျင်းကို   အမေရိကန်ဒေါ်လာသန်း ၃၀၀ ဖြင့် ဝယ်မည်ဖြစ်ကြောင်း ကုမ္ပဏီဘုတ်အဖွဲ့နှင့် သတင်းအရင်းအမြစ်နှစ်ခုက မတ် ၈ ရက်တွင်ပြောသည်။

ဆူးဘစ်ဘေး အမည်ရှိ အဆိုပါ သင်္ဘောကျင်းကို    မူလက ဟန်ကျင်းဖိလစ်ပိုင် ကုမ္ပဏီက ရယူလုပ်ငန်း ဆောင်ရွက်နေခြင်း ဖြစ်သော်လည်း ၂၀၁၉ ခုနှစ်တွင် အကြွေးဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတင်နေခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ်အထိ အမေရိကန်စစ်သည်များ အခြေစိုက်ခဲ့သော အဆိုပါသင်္ဘောကျင်းသည် တောင်တရုတ်ပင်လယ်သို့ ဝင်ထွက်နိုင်သည့်နေရာ ဖြစ်သောကြောင့် စစ်ဗျူဟာ အရေးကြီးမြေအဖြစ်    ကာကွယ်ရေးခေါင်းဆောင်များက သတ်မှတ်ထားသည်။

ထို့ကြောင့် ဖိလစ်ပိုင်ရေတပ်အနေဖြင့် ထိုသင်္ဘောကျင်းကို  လက်ဝယ်ရယူကာ အမျိုးသားလုံခြုံရေးကို  ကာကွယ်ရန်နှင့် သင်္ဘောကျင်းရှိအလုပ်သမားများကို ဆက်လက်အလုပ်ပေးနိုင်ရန် တိုက်တွန်းဖူးသည်။

ယခုအခါ ယင်းသင်္ဘောကျင်းကို ဆားဘရပ်ကုမ္ပဏီက ဒေါ်လာသန်း ၃၀၀ ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း၊ သင်္ဘောကျင်း ရှိနေရာအချို့ကို ဖိလစ်ပိုင်တာဝန်ရှိသူများထံ ပြန်အငှားချမည် ဖြစ်ကြောင်းနှင့် အလုပ်သမား ၂၀၀၀၀ ကို အလုပ်အကိုင်ပေးထားနိုင်သည့် ထိုသင်္ဘောကျင်း၏လုပ်ငန်းများကို ယခုနှစ်တွင် ပြန်လည်စတင်မည် ဖြစ်ကြောင်း ကုမ္ပဏီမှ   အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ အကျယ်အဝန်း ဟက်တာ ၃၀၀ ရှိသင်္ဘောကျင်း၏ နေရာသုံးပုံတစ်ပုံကို ဖိလစ်ပိုင်ရေတပ်က ကိုယ်ပိုင်ရေတပ်စခန်းအတွက် ဆားဘရပ်ကုမ္ပဏီမှ ငှားရမ်းမည်ဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးနှင့်  ပြောရေးဆိုခွင့်ရှိသူတို့က မှတ်ချက်ပြုပြောဆိုထားခြင်း မရှိသေးသော်လည်း သဘောတူညီချက်များကို ဧပြီ ၁၅ ရက်နောက်ဆုံးထား၍      အပြီးသတ်လုပ်ဆောင်ရန်    ရည်မှန်းထားသည်ဟု သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

Ref:CNA