ကျန်းမာရေးအတွက် စားသုံးသင့်သောငါးမျိုးများ

ငါးပုတ်သင် ခေါ် ငါးပြက်

ငါးပုတ်သင်သည် ရေငန်ငါးမျိုးဖြစ်သည်။ မြစ်၊ချောင်းတို့တွင်   မြူးတူးပျော်ပါးပြီး ပင်လယ်နှင့်ထိစပ်သောနေရာများတွင် အများဆုံးဖမ်းယူရရှိသည်။

ငါးပုတ်သင်ကို  ငါးပြက်ဟုလည်းခေါ်ကြသည်။ ထိုသို့ ခေါ်ရခြင်းမှာ အရသာပေါ့ပျက်ပျက် ရှိခြင်းကြောင့် ဖြစ်သည်။

ငါးပုတ်သင် ခေါ် ငါးပြက်သည် အရောင်အဆင်းအားဖြင့် ဖြူရော်ရော်ရှိသည်။ ပါးလွှာသော အကြေးရှိသည်။   ဦးခေါင်းလုံး သယောင်ယောင်ရှိသည်။ ငါးပုတ်သင်တစ်ကောင်၏ ဦးခေါင်းတစ်ဖက်တစ်ချက်တွင် အဖြူရောင်ကျောက်ကလေး တစ်လုံးစီ ပါရှိတတ်သည်။ ထိုကျောက်များကိုထုတ်ယူပြီး ဆီးကျောက်တည်ရောဂါရှိသူများ သံပရာရည်နှင့် စိမ်ထားပြီး သောက်ပေးပါက    ကျောက်များ ပျော်ကျနိုင်သည်ဟုဆိုသည်။

ငါးပုတ်သင်ကို ဟင်းလျာအဖြစ်စားသုံးကြသည့်အပြင် ထက်ခြမ်းခွဲ၍ ငါးခြောက်ပြုလုပ်ကြသည်။

ငါးအစိုတွင် အရသာမကောင်းသော်လည်း ငါးခြောက်အဖြစ် စားသုံးသောအခါ ထူးထူးခြားခြား အရသာရှိသည်။ အရသာပေါ့သဖြင့် သွေးတိုးသမားများ စားသုံးရန်သင့်သည်။ ငါးပုတ်သင်အကောင်ကြီးများတွင် စည်ဖောင်းပါရှိတတ်သည်။ ငါးစည်ဖောင်းများကို ဟိုတယ်ကြီးများက   ဈေးကောင်းပေးဝယ်သည်။

ငါးပုတ်သင်ဥမှာလည်း  ထူးထူးခြားခြားအရသာရှိသည်။ မည်သည့်ငါးဥနှင့်မျှမတူချေ။ငါးပုတ်သင် ခေါ် ငါးပြက်သည် သွေးတိုးသမားများနှင့်သင့်သောငါးမျိုးဖြစ်သည်။ ငါးခြောက်အဖြစ်စားသုံးလျှင်လည်းရသည်။ ပင်လယ်နှင့်ထိစပ်သော မြစ်ချောင်းများမှ ငါးပုတ်သင်အကောင်ကြီးများကို တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ လေးလ တွင်အများဆုံးဖမ်းယူ ရရှိသည်ဟု ဆိုသည်။ အကြောအဆစ်ရောင်ရောဂါရှိသူများ၊ လေးဖက်နာရောဂါရှိသူများလည်း  စားသုံးနိုင်သောငါးမျိုးဖြစ်သည်။

ငါးပုတ်သင်သည် အစိုရောအခြောက်ပါဈေးများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သောငါးမျိုး ဖြစ်သည်။

မြန်မာနိုင်ငံတွင် စားသုံးမှု အများဆုံးငါးမျိုးလည်း ဖြစ်သည်။ အကြောတက်ခြင်း၊ သွေးတက်ခြင်း အပြစ်မပြုသော စားသုံးသင့်သောငါးမျိုး ဖြစ်သည်။

ငါးတန်

ငါးတန်သည် သားကြီးငါးကြီးမျိုးတွင် ပါဝင်သောငါးမျိုးဖြစ်သည်။ ငါးတန်တွင်အကြေးမရှိပေ။အရေပြားပြောင်လက်ပြီး အရေထူသည်။  ငါး၏ဦးခေါင်းမှာ ငါးခူဦးခေါင်းနှင့်တူသည်။ ကျောရိုးဆူးတောင်တွင် အရိုးနုတစ်ချောင်းသာ ပါသည်။ ဝမ်းဗိုက်ဆူးတောင်များသည် အလယ်လောက်မှစ၍ အမြီးတိုင်အောင်ရှိသည်။ အမြီးခွသည် ဇောက်နက်သည်။ နှုတ်ခမ်းမွေးလည်းရှိသည်။

ငါးတန်သည် အဆီများသောငါးမျိုးဖြစ်သည်။ အဆီထူပြီး အသားနှင့်အဆီသည်ကပ်လျက်ရှိသည်။ ငါး၏အဆီသည်  ခြေလေးချောင်းသားအဆီများကဲ့သို့ နှလုံးသွေးကြောကျဉ်းခြင်းကို မဖြစ်စေဟုဆိုသည်။ အထူးသဖြင့် ပင်လယ်ငါးကြီးများ၏ အဆီသည်နှလုံးကို အကျိုးပြုသည့်  ကောင်းသောအဆီမျိုး ဖြစ်သည်ဟု ဆိုသည်။ ငါးတန်၏အဆီသည်လည်း ထိုသို့ပင်  အကျိုးပြုသည့် အဆီမျိုးဖြစ်မည်ဟု ထင်သည်။

တိုင်းရင်းဆေးဆရာကြီးများ၏ အလိုအရ ငါးတန်သည်အာပေါ၊ ပထဝီလွန်ကဲသောငါးမျိုးဖြစ်သည်ဟုဆိုသည်။ ထိုငါး၏ အသားကို စားသုံးသော သူတို့သည်လည်း အာပေါ၊ ပထဝီဓာတ်နှစ်မျိုးရရှိနိုင်သဖြင့် အသားအရေစိုပြည်ပြီး ဝဖြိုးစေနိုင်သော ငါးမျိုးဖြစ်သည်။ ခွန်အားဖြည့်လိုသူ၊ စိုပြည်ဝဖြိုးလိုသူတို့သည် ငါးတန်သားကိုစားသုံးသင့်သည်။

ငါးတန်သည် ငါးထွေငါးမျိုးဖြစ်၍ ရေချို၊ ရေငန်နှစ်ရပ်စလုံးတွင် သွားလာကျက်စားသည်။ ငါးအချင်းချင်း စားသောက်တတ်သဖြင့် ငါးတန်သည်အသားစားငါးမျိုး ဖြစ်သည်။

ငါးတန်သားသည် ဆေးကျမ်းများ၏အလိုအရ အဆီများ၏။ ဆူ၏။ သလိပ်သည်းခြေကိုပယ်ဖျောက်တတ်၏။ ဝမ်းခိုင်ခြင်း သို့မဟုတ်  စမြင်းခံခြင်းကို သက်လျောစေတတ်၏။ ဝမ်းမီးကိုငြိမ်းစေတတ်၏။အဆိပ်အတောက်ကိုပြိုပျက်စေတတ်၏။ အိပ်ပျော်စေတတ်၏။ (ရှင်နာဂသိန်  သားငါးကျေးငှက်ဆေးအဘိဓာန်မှ)

Wikipedia မှသိပ္ပံနည်းကျအမျိုးအစားခွဲခြင်း

လောက(Animalia)၊ မျိုးပေါင်းစု(Chordata)၊မျိုးပေါင်း(Actinopterygiiင)၊ မျိုးစဉ်း(Siluriformes )၊ မျိုးရင်း(Sisoridae)၊ မျိုးရင်းသေး(Sisorinae)၊ မျိုးစု(Gagata)၊ မျိုးစိတ်(G.gagata) ငါးတန်သည် ငါးထွေမျိုးတွင်ပါဝင်၍ အသားစား ငါးမျိုးဖြစ်သည်။ ငါးတန်ကိုသိပ္ပံအမည်အားဖြင့်  ‘ဂါတေးဂါး ဂါတေးဂါး’ ဟုခေါ်သည်။ ထိုငါးမျိုး၌ နှုတ်သီးမွေးပါသည်။ ကိုယ်အကြေးခွံမရှိချေ။ ကျောရိုးဆူးတောင်တွင် အရိုးနုတစ်ချောင်းသာ ပါရှိသည်။ ရေချိုရေငန်နှစ်ရပ်စလုံး၌ တွေ့ရသောငါးမျိုးဖြစ်သည်။ ငါးနံချောင်သည် ငါးတန်နှင့် မျိုးချင်းနွယ်သော ငါးမျိုးဖြစ်သည်။

ငါးတန်ကိုဆေးဖက်အဖြစ်အသုံးပြုပုံ

သွေးဒူလာ

ငါးတန်သားကို ဆီးဖြူသီးနှင့်ချက်စားသော် သွေးဒူလာရောဂါကို ပျောက်စေတတ်၏။

မီးယပ်ပူရောဂါ

မီးယပ်ပူလိုက်သော် ငါးတန်သားက မန်ကျည်းသီးစိမ်းနှင့် သုံးရက်မျှချက်စားရသည်။

မီးယပ်ချမ်းရောဂါ

ငါးတန်သားကို ပုန်းရည်နှင့် ချက်ပေးပါ။ မီးတွင်းကြောက်လန့်သော် ငါးတန်သားကို မရမ်းသီးနှင့် ချက်စားပါ။

မီးယပ်ချည့်

မီးယပ်သွေးပုပ်ကြွင်း၍ချည့်သော် ငါးတန်သားကြော်ကို ငရုတ်သီးစိမ်း၊ ရှောက်သီးနှင့်သုပ်၊ ပဲနောက်ဟင်းချက်၍ကျွေး။

သူငယ်ကျဉ်ပြော(ဆီးများရောဂါ) သူငယ်ကျဉ်ပြော(ဆီးများရောဂါ)ဖြစ်သော် ငါးတန်သားကို ဆန်လှော်နှင့်ချက်ကျွေး။

သူငယ်မြင်းသရိုက်(လိပ်ခေါင်းသွေးပါ)

သူငယ်မြင်းသရိုက်(လိပ်ခေါင်းသွေးပါ)ဖြစ်သော်  ငါးတန်သားကို ဆီးဖြူသီးနှင့်ချက်၍ကျွေး။

အိပ်မပျော်ရောဂါ

အိပ်မပျော်သော် ငါးတန်သားကြော်၊ နှမ်းလှော်၊ အုန်းနို့၊ ကြက်သွန်ကြော်ရောသုပ်၍ကျွေး။

ငါးဖယ်

ငါးဖယ်သည် မြန်မာလူမျိုးတို့ စားသုံးမှု အများဆုံးငါးတစ်မျိုး ဖြစ်သည်။ ဈေးများတွင် ငါးဖယ်ကို လတ်လတ်ဆတ်ဆတ် အကောင်လိုက်ရောင်းချရုံသာမက စားသုံးသူ အဆင်ပြေစေရန်အတွက် အသားကိုပါးပါးလွှာပြီး ငါးဖယ်ခြစ်ပြုလုပ်ကာ ရောင်းချကြသည်။ ငါးဖယ်ကို အကောင်လိုက် ဟင်းချက်စားသည်ထက် အသားကို ခြစ်ယူပြီး ငါးဖယ်ဆုပ်(ငါးဆုပ်) အဖြစ်စားသုံးသည်က ပို၍များသည်။

ငါးဖယ်ဆုပ်ကိုကြော်ပြီး  သီးသန့်စားသုံးသလို ခရမ်းချဉ်သီးအနှစ်ဖြင့်ရော၍ ငါးဖယ်ဆုပ်ဟင်းအဖြစ်လည်း စားသုံးကြသည်။ မုန့်ဟင်းခါး၊ အသုပ်စသည်တို့တွင်လည်း ငါးဖယ်ဆုပ်ကိုကပ်ကြေးဖြင့် ပါးပါးညှပ်၍ ရောထည့်ပြီး စားသုံးလေ့ရှိကြသည်။

ငါးဖယ်သည် ကိုယ်ခန္ဓာပြား၍၎င်းင်း၏ဝမ်းပိုင်းသည် ဓားသွားကဲ့သို့ရှိသည်။ ကျော၏ရှေ့ပိုင်းခုံး၍ နောက်ပိုင်းဖြောင့်တန်းသည်။ ကျောတွင် အလွန်သေးငယ်သော ဆူးတောင်တစ်ခုသာရှိသည်။ စအိုဆူးတောင်သည် ဝမ်းမှအမြီးအထိ ကိုယ်၏သုံးပုံနှစ်ပုံခန့် တစ်ဆက်တည်းရှိပြီး   တစ်ကိုယ်လုံးတွင်   ပါးလွှာသော အကြေးများ တစ်ခုပေါ်တစ်ခုထပ်ကာ ဖုံးအုပ်နေသည်။ ငါးဖယ်၏ဦးခေါင်းသည်သေး၍ နှာတံအနည်းငယ်ချွန်သည်။

ငါးဖယ်ဟူသောအမည်သည် ၎င်း၏ဖယ်ရမ်းဖယ်ရမ်းနှင့် ရေတွင်ကူး၍ သွားလာပုံကိုယူ၍ မှည့်ထားသောဝေါဟာရ ဖြစ်သည်။ ငါးဖယ်သည် ရေချိုရေငန်နှစ်ရပ်စလုံးတွင်ကျက်စားသည်။ ငါးဖယ်အစိုကိုဟင်းလျာအဖြစ်စားသုံးသလို    ငါးပိလုပ်၍လည်းကောင်း၊ ငါးပိကောင်လုပ်၍လည်းကောင်းစားသုံးနိုင်သည်။

ငါးဖယ်၏အကျိုးအာနိသင်

ဆေးကျမ်းများအလိုအရ ငါးဖယ်သည်ချိုဆိမ့်သော အရသာရှိ၏။ ကြေခဲ၏။  အားကိုဖြစ်စေတတ်၏။ သည်းခြေနာ၊ ညောင်းနာကိုငြိမ်းစေတတ်၏။

ရသဓာတုကျမ်းအလိုအရ “ငါးဖယ်၊ ငါးသိုင်း၊ပိုင်းခြားစေတတ်၊ နှစ်ရပ်ငါးမှာ၊ ဝိသေသာကားသေမှာပိတ္တိ၊ ကုစ္ဆိနာသော ကျမ်းဟောဖြောင့်ဖြောင့်၊ ဆီးဝမ်းအောင့်ပြန်၊ ကရီသံဝယ်၊ ကျင်ငယ်ကျင်ကြီး၊ တားဆီးများစွာ၊ ထိုအနာကို၊ ပဟာတာပြ”ဟုဖော်ပြထားသည်။

ငါးဖယ်သည် အရိုးများ၏။ သွေးတက်၏။သွေးယားစေ၏။ မျက်စိနာရှိသူ၊ ခေါင်းကိုက်ရောဂါဝေဒနာရှိသူ၊ ဝဲနာ၊ ယားနာ၊ သွေးယားနာရှိသူများနှင့် မသင့်ပြီဟု မှတ်ယူထားကြသည်ကိုသိရသည်။  အရပ်သားများ သိသောအရပ်သိဖြစ်သည်။

အတက်သိဟုခေါ်သော     ဆေးဆရာများ၏ အသိကား အားကိုဖြစ်စေ၏။ သည်းခြေနာ၊ ညောင်းနာတို့ကိုငြိမ်းစေ၏။  သလိပ်ပုပ်ထခြင်း၊    ချွဲသလိပ်ကပ်ခြင်းကိုနိုင်၏။    အိပ်မပျော်သောသူတို့နှင့် အလွန်သင့်သော   ငါးမျိုးဖြစ်သည်။

ငါးဖယ်သည်   အသားမာသဖြင့်   ညက်စေရန်အတွက်  နာနာထုထောင်းပြီးမှခြစ်ရသောငါးမျိုးဖြစ်သည်။

Wikipedia မှ

ငါးဖယ်သည် ရေချိုရေငန်နှစ်ရပ်လုံးတွင် ကျက်စားသောငါးမျိုးဖြစ်သည်။ ပါဏဗေဒအရ (NotopterusChitala) နိုတော့တာရပ်ချီတာလားဟု ခေါ်သည်။

ငါးဖယ်ကိုယ်သည် ပြား၍ ဝမ်းပိုင်းသည် ဓားသွားကဲ့သို့ရှိသည်။ ကျောအရှေ့ပိုင်းခုံး၍ နောက်ပိုင်းဖြောင့်သည်။ ကျော၌အလွန်သေးသော ဆူးတောင်တစ်ခုသာရှိသည်။ စအိုဆူးတောင်သည် ဝမ်းမှအမြီးတိုင်အောင် ကိုယ်၏သုံးပုံနှစ်ပုံခန့် တစ်ဆက်တည်း ရှိသည်။ ဦးခေါင်းငယ်၍ နှာတံအနည်းငယ်ချွန်သည်။ တစ်ကိုယ်လုံးတွင် ပါးလွှာသော အကြေးများ တစ်ခုပေါ်တစ်ခုထပ်ကာ ဖုံးအုပ်လျက်ရှိသည်။ ငါးဖယ်၏ အရောင်သည် ကျောပိုင်းတွင် အနည်းငယ်နက်ပြီးကျန်အပိုင်းတွင် ဖြူသည်။ ကိုယ်အရှည် ၁ ပေမှ ၁၀ ပေအထိရှိသည်။ ငါးဖယ်ကို ချက်ပြုတ်စားသည့်အပြင် ငါးပိလည်း လုပ်သည်။

ငါးဖယ်စားသုံးခြင်းအကျိုးများ

ငါးဖယ်သည်  အသားမာသောငါးမျိုးဖြစ်သဖြင့် ပထဝီဓာတ်အားနည်းသောသူများ အထူးသဖြင့် ကလေးငယ်များတွင် ချည့်နဲ့ခြင်း၊ အရိုးပျော့ခြင်းမဖြစ်စေရန် ငါးဖယ်ကို အသားချည်းခြစ်ယူပြီး ကြေညက်အောင်ကြိတ်ပြီး ဟင်းချက်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေထမင်းဖြင့်ရောပြီး ကျွေးသင့်သည်။ ပဲနှင့်အသားများသည် ကလေးငယ်များ၏ အသားကျစ်လျစ်မှုကိုဖြစ်စေသကဲ့သို့  ငါးဖယ်သည်လည်း ပုံမှန်ကျွေးပေးပါက တက်သစ်စကလေးငယ်လေးများ ကြီးထွားကြံ့ခိုင်မှုကို ဖြစ်စေနိုင်သည်။

လူကြီးများတွင်လည်း အသားအရေတွဲကျခြင်း၊ အရေပြားပျော့ခြင်း၊ ကြွက်သားများ အားပျော့ခြင်းဖြစ်ပါက ငါးဖယ်အသား၊ ငါးဖယ်ဆုပ်တို့ကို မကြာခဏ စားသုံးပေးပါက ကြွက်သားနှင့် အသားအရေတင်းမာခြင်းကို ဖြစ်စေနိုင်ကြောင်း အထောက်အကူပြုနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  ။

ကြည်လွင်မြင်(မုဒြာ)