COVID-19 ရောဂါအား မင်္ဂလာတရားတော်နှင့်အညီ ရင်ဆိုင်ဖြတ်ကျော်ခြင်း

COVID-19 ရောဂါအား  ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက  ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။ ကပ်ရောဂါဆိုးကြီး မြန်မာနိုင်ငံသို့  ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် စတင်ရောက်ရှိခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများ၊  အသိပညာရှင်အတတ်ပညာရှင် စေတနာရှင်များပေါင်းစု၍ အရေးပေါ် စီမံဆောင်ရွက်ရမည့်နည်းလမ်းများ၊  ကာလတိုကာလရှည်ဆောင်ရွက်ရမည့် အခြေခံမူများအား စီကာစဉ်ကာစနစ်တကျ ရေးဆွဲဆောင်ရွက်ခဲ့ကြသည်။

လူစုလူဝေးများရှောင်ကြဉ်စေခြင်း၊ လူမှုရေးဆိုင်ရာ အကွာအဝေးကန့်သတ်ခြင်း၊ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာသတင်းအချက်အလက်များ ဖလှယ်ခြင်း၊ စောင့်ကြည့်စစ်ဆေးဖော်ထုတ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ခြင်း၊ စားဝတ်နေရေးနှင့် လိုအပ်သည့် ပစ္စည်းများကို မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူမည်သူ့ကိုမျှ  ချန်လှပ်မထားရေးမူဝါဒဖြင့် ထောက်ပံ့ကူညီကြသည်။

ဤသို့ချမှတ်ဆောင်ရွက်ကြသည့်  အစီအစဉ်များတွင်  အချို့သော စည်းကမ်းသတ်မှတ်ချက်များသည်တိကျစွာ လိုက်နာဆောင်ရွက်ရန် အခက်အခဲများစွာရှိသည်။ သို့သော် ထိုစည်းကမ်းသတ်မှတ်ချက်များအား မလိုက်နာ၍လည်း မဖြစ်။  လိုက်နာကြရမည်သာဖြစ်သည်။   ဤသို့သော အခြေအနေမျိုးတွင် ကျွဲကူးရေပါဆိုသည့်  ရှေးစကားအတိုင်း   စည်းကမ်းလည်းလိုက်နာ ကုသိုလ်လည်း ရစေမည့်အချက်များကို စဉ်းစားရပေတော့သည်။

ဤတွင်မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သည့် မင်္ဂလာတရားတော်အား သတိအထူးရမိသည်။

အိမ်၌သာနေ၍   အပြင်သို့မထွက်ရသတ်မှတ်ချက်အား  မင်္ဂလာတရားတော်နှင့်အညီ ရင်ဆိုင်ဖြတ်ကျော်မည်။ အချိန်ကို အကျိုးရှိစွာ ကုန်ဆုံးမည်။ နှလုံးသားအေးငြိမ်းမှုကို ဖြစ်စေမည်ဟု   စိတ်ဆုံးဖြတ်သည်။ ထို့ကြောင့်  ဤယခုကာလအား  သာမန်ကာလဟု သဘောမထားဘဲ အလေးအနက်ထားသည်။ ကြုံခေါင့်ကြုံခဲ အခွင့်ကာလဟု တန်ဖိုးထားသည်။

ဦးစွာအားဖြင့် လူမိုက်လူယုတ်တို့ကို မမှီဝဲမဆည်းကပ်ရာဟု ဆိုသည်နှင့်အညီ သတင်းမှားတင်သူများ၊ စည်းကမ်းမလိုက်နာသူများ၊   စမ်းသပ်စစ်ဆေးရန် ခေါ်ယူလျှင် ရန်မူထွက်ပြေးသူများ၊ သူ့ကြောင့်ကိုယ့်ကြောင့်ဟု စွပ်စွဲအပြစ်တင်သူများ၊   ကပ်ရောဂါကို အကြောင်းပြု၍ အမြတ်ထုတ်ကြသူများအား ရှောင်ကြဉ်သည်။ ထုတ်ပြန် ကြေညာချက်များကို နားစွင့်သည်။

သတင်းနှင့်လူအတူတူရှိနေသည်။

မိမိ၏အိမ်သည် မိမိအတွက်အသင့်လျော်ဆုံးသော အရပ်ဖြစ်သည်ဟု  စိတ်နှလုံးသွင်းသည်။    သံသရာအဆက်ဆက် ကြီးပွားရန် နည်းလမ်းရှာသည်။ ရှေးဘဝက ပြုခဲ့ဖူးသည့် ကောင်းမှုကုသိုလ်များအား ယခုဘဝ၏ ကောင်းမှုကုသိုလ်များနှင့် ဆက်စပ်သည်။ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း၊  တိရစ္ဆာန်လေးများအား အစာကျွေးခြင်းတို့ဖြင့် မိမိ၏စိတ်အစဉ်ကို စောင့်စည်းသည်။

အိမ်၌နေရစဉ်ကာလအတွင်း အသစ်အသစ်သောအသိပညာ ဗဟုသုတများ သင်ယူတတ်မြောက်လိုသည်။ ထို့ကြောင့်အင်တာနက်ဖွင့်သည်။ နှာခေါင်းစည်းချုပ်နည်းများ၊  မျက်နှာကာ ကော်ပြားပြုလုပ်နည်းများ လေ့လာသည်။ ချုပ်သည်။ ခင်မင်သူများအားဝေသည်။  သူတို့၏ကျေနပ်အပြုံးများကြောင့်  ဝမ်းသာပီတိဖြစ်ရသည်။ ချက်နည်းပြုတ်နည်းများ လေ့လာပြီး ချက်ပြုတ်သည်။  ဘုရားဆွမ်းတော်ကပ်သည်။  မိသားစုနှင့်အတူစားသည်။ ပုံမှန်ဆိုလျှင် အလုပ်များလေ့ရှိသဖြင့် မိသားစုနှင့်အတူ စားသောက်ရန်သည် ဆန္ဒရှိသော်လည်း အကောင်အထည ်မဖော်နိုင်ခဲ့သော  အလုပ်တစ်ခုဖြစ်ခဲ့သည်။ ယခုမူ COVID-19 ရောဂါ၏ ကျေးဇူးကြောင့်မိသားစုနှင့်အတူ စားသောက်ခွင့်ရသည်။ စကားအချိန်ယူပြောခွင့်ရသည်။

ယခုကာလတွင်  စားသောက်ဆိုင်များအပါအဝင် စီးပွားရေးလုပ်ငန်းအားလုံး   ရပ်နားထားရသည်။

ထို့ကြောင့်စားသောက်ဆိုင်များမှစွန့်ကြဲသည့် အကြွင်းအကျန်များအား မှီခိုအသက်ဆက်နေရသည့် တိရစ္ဆာန်လေးများနှင့် ဘုရားတန်ဆောင်းများ ပိတ်ထားရသဖြင့်   ဒါနပြုလှူဒါန်းသူများကိုသာ  အားထားနေရသည့်ခို၊ ကျေး၊ စာကလေးများကို အာဟာရဒါနပြုသည်။  သတ္တဝါအားလုံးတို့၏အပေါ်တွင်   အကြင်နာတရား မေတ္တာတရားအညီအမျှထားသည်။ 

အခက်အခဲနှင့်  ကြုံနေကြရသည့် ဆွေမျိုးများ ဖုန်းဆက်၍    အကူအညီတောင်းခံလာသည်။  အပိုအလျှံမရှိသော်လည်း ရှိသည့်အထဲမှ မျှဝေပေးခဲ့သည်။

တစ်နေ့တာကိစ္စပြီးဆုံးလျှင် ပြုခဲ့သောကောင်းမှုကုသိုလ်များအတွက် ၃၁ ဘုံသားအားလုံးတို့အား   ရည်စူးအမျှဝေသည်။

အောင်လံဆရာတော်အရှင်စန္ဒိမာ၊  အောက်စဖို့ဒ်ဆရာတော်အရှင်ဓမ္မသာမိ၊  ဓမ္မဒူတဆရာတော်အရှင်ဆေကိန္ဒ၊  ဗုဒ္ဓဂုဏ်ရည်ဆရာတော်အရှင်အဂ္ဂဓမ္မ စသည့်ဆရာတော်ကြီးများ၏ တရားတော်များကိုနာကြားသည်။ စိတ်ဖိစီးမှုကို အသိသတိတို့ဖြင့်လျှော့ချသည်။   ပုံမှန်နေ့စဉ်ဘဝတွင် စားဝတ်နေရေး အတွက်  လူးလားခေါက်ပြန် လှုပ်ရှားသွားလာရသည်။  

အိမ်ကပ်သည်ဟူ၍မရှိ။ ယခုကဲ့သို့ အိမ်၌နေရစဉ်ကာလတွင် ဆရာတော်ကြီးများ၏  တရားတော်များကို မိသားစုနှင့်အတူ  နာယူသည်။ ဆွေးနွေးသည်။

ကုသိုလ်တရားတို့၌ မမေ့မလျော့ဖြတ်သန်းကျော်လွန်နေထိုင်သည်။

ဗုဒ္ဓတက္ကသိုလ်၌ ဗုဒ္ဓအလင်းပြဘာသာသင်ကြားပေးသည့်ဆရာမထံ  နေ့လယ်ခင်းအားလပ်သည့် အချိန်များတွင် ဖုန်းဆက်သည်။  ဆရာတော်ကြီးများဟောကြားတော်မူသည်နှင့် စပ်လျဉ်း၍  မရှင်းမလင်းရှိသည်များ ဉာဏ်လိုက်မမီသည်များကိုမေးမြန်းသည်။ မှတ်သားသည်။

မသေမချာဖြင့်ရှည်ကြာနေရသည့်   ဤကာလတွင် ရက်ရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အစားအသောက်များကို အထူးတလည်ရွေးချယ် မနေဘဲ အဆင်ပြေသလိုစားသောက်၍   တင်းတိမ်စွာနေနိုင်သည်။ ထိုသို့တင်းတိမ်ရောင့်ရဲစွာ နေတတ်လာသည့် အကျင့်ကောင်းများကိုလည်း   မွေးမြူလိုသည်။

ဆက်လက်ထိန်းသိမ်းလိုသည်။  ထိန်းသိမ်းနိုင်ရန် အတွက်လည်း ကြိုးစားသည်။ သို့မှသာ အနာဂတ်တွင် ကြိုတင်မမြင်နိုင်သော အခက်အခဲ အကျပ်အတည်းများနှင့် ဆန္ဒမရှိစွာ အကယ်၍ ရင်ဆိုင်ကြုံတွေ့လာရပါလျှင် အသင့်အနေအထားတွင် ရှိနေမည်ဖြစ်သည်။ 

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံးတို့သည်   သံသရာ၏ အဆွေအမျိုးများဖြစ်ကြသည်။

ထိုသူအားလုံးတို့ ကပ်ရောဂါဆိုးမှ  လွတ်မြောက်ပါစေရန်  ဆုတောင်းသည်။ မေတ္တာပို့သည်။ လူနာများ၊ ဆရာဝန်များနှင့် ဆက်စပ်ပညာရှင်များ၊  စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ  ကျန်းကျန်းမာမာ ရှိကြပါစေရန်  ရတနသုတ်တော်ကို အဆက်မပြတ် ရွတ်ဖတ်ပူဇော်သည်။

“ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တတ်ခြင်းသည် မင်္ဂလာတရားတော်နှင့်ညီ၏”ဟု  ဆိုသည်။

စာရေးသူ COVID-19 ရောဂါကို ကျေးဇူးအထူးတင်သည်။ သူ၏ ကျေးဇူးကြောင့် ခြိုးခြံစွာနေတတ်လာသည်။ စားတတ်လာသည်။  နိဗ္ဗာန်သို့ဟု မဆိုနိုင်သေးသော်လည်း  တရားကျင့်ကြံအားထုတ်နည်း အခြေခံကောင်းများ တော်တော်များများ သိလာသည်။ လိုက်နာလုပ်ဆောင်တတ်လာသည်။ အရှုံးထဲမှအမြတ်ထွက်ခြင်းဖြစ်သည်။ 

COVID-19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် လူအများထိတ်လန့်စွာ ပူပန်ခံစားနေကြရသည်။  

သို့သော် မြတ်ဗုဒ္ဓဘုရားရှင်၏   မင်္ဂလာတရားတော်အဆုံးအမကြောင့်     ထိုကပ်ရောဂါဆိုးကြီးကို ကြောက်ရွံ့ထိတ်လန့် ဖွယ်ရာဟု မခံစားရဘဲ ဤသည်မှာ လောကဓံတရားဖြစ်သည်။ ကြုံတတ်ဆုံတတ်သည့် ကိစ္စဖြစ်သည်ဟု မတုန်မလှုပ်သည့်စိတ်ထားရှိတတ်လာသည်။ ကြိုတင်ပြင်ဆင်ရေး နည်းလမ်းကောင်းများကိုလည်း  သိရှိနားလည်တတ်လာသည်။

COVID-19 ရောဂါအား မြတ်ဗုဒ္ဓဘုရားရှင်၏  မင်္ဂလာတရားတော်နှင့်အညီ ပြုကျင့်ရင်ဆိုင်ဖြတ်ကျော်နိုင်ရန် ဆက်လက်ကြိုးပမ်းနေသည်။  သို့မှသာ ထိုကပ်ရောဂါဆိုးကြီးအား  အရှုံးမရှိအနိုင် ရရှိနိုင်မည်ဖြစ်သည်။ ချမ်းသာခြင်းသို့  မသွေရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်   မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သော မင်္ဂလာ တရားတော်များကို လက်ခံလိုက်နာကျင့်သုံးသူတို့ရရှိခံစားအပ်သော မင်္ဂလာသည် အမြတ်ဆုံးသော မင်္ဂလာပင် ဖြစ်ပါတော့သည်။   ။

ကြင်လှိုင်မြင့်