တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒ ဘာသာရပ်အကြောင်း သိကောင်းစရာ

တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒ ဘာသာရပ်အကြောင်း သိကောင်းစရာ

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘောဂဗေဒဘာသာရပ်နှင့် ပတ်သက်သော အထောက်အကူပြု ဆွေးနွေးချက်များကို အပိုင်း (၂)ပိုင်းခွဲ၍ ရှင်းလင်း တင်ပြပါမည်။ ပထမပိုင်းတွင် စာမေးပွဲ မေးခွန်းပုံစံကို တင်ပြမည်ဖြစ်ပြီး ဒုတိယပိုင်းတွင် ယင်းမေးခွန်းကို ဖြေဆိုပုံဖြေဆိုနည်းများနှင့် သတိပြုရမည့် အချက်များကို ရှင်းလင်းတင်ပြပါမည်။

တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံ

တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် မေးခွန်းလွှာတွင် မေးခွန်း (၅)ပုဒ်ပါရှိပါသည်။ မေးခွန်း (၅)ပုဒ်စလုံးကို ဖြေဆိုကြရမည်ဖြစ်သည်။

မေးခွန်းနံပါတ် (၁)တွင် (က)၊ (ခ) နှင့် (ဂ) ဟူ၍ (၃) ပိုင်းခွဲထားပါသည်။ ပြဋ္ဌာန်းစာအုပ်တွင်ပါဝင်သည့် အခန်းအားလုံးမှ သဘောတရားများ၊ သီအိုရီများ နားလည်သဘောပေါက်မှုကို ဆန်းစစ်သော မေးခွန်းဖြစ်သည့် အတွက် ဘာသာရပ်ကိုကောင်းစွာ နားလည်မှသာ ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

မေးခွန်းနံပါတ် ၁။(က)တွင် ဖော်ပြချက် (၅)ခုပါရှိပြီး ဖော်ပြချက် တစ်ခုစီကို မှား/မှန် ဖြေဆိုရန်ဖြစ်ပါသည်။

မေးခွန်းနံပါတ် ၁။(ခ)တွင် ဖော်ပြချက် (၅)ခုပါရှိပြီး ဖော်ပြချက်တစ်ခုစီတွင် (က)၊ (ခ) နှင့် (ဂ) ဟုအဖြေ (၃)မျိုးပေးထားသည့်အနက် အဖြေမှန် တစ်ခုကိုသာ ရွေးချယ်ရန်ဖြစ်သည်။ ဖြေဆိုရာတွင် ရွေးချယ်ထားသည့် အဖြေတစ်ခုသာ ရေးပေးရန်ဖြစ်သည်။

မေးခွန်းနံပါတ် ၁။(ဂ)တွင် ဖော်ပြချက် (၁ဝ)ခုပါရှိပြီး  ဖော်ပြချက် တစ်ခုစီတွင် စာကြောင်းအပြည့်အစုံ မဖော်ပြဘဲ ကွက်လပ်ပေးထားသည်။ လိုအပ်သောအဖြေကို ကွက်လပ်တွင် ဖြည့်ရမည်ဖြစ်သည်။ ဖြေဆိုရာတွင် အဖြေကိုသာ နံပါတ်တပ်၍ တိကျစွာဖြေဆိုရန်ဖြစ်သည်။

မေးခွန်းနံပါတ်(၂)တွင် ပြဋ္ဌာန်းစာအုပ်တွင် ပါဝင်သည့် အခန်းအားလုံးမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မေးထားပါသည်။ သင်ခန်းစာ အခန်း (၁)ခန်းစီမှ အဓိပ္ပာယ်ဖွင့်ဆိုချက် (၂)ခုစီနှင့် အခန်း (၆)ခန်းအတွက် (၁၂)ခု မေးထားသည့်အနက် နှစ်သက်ရာ(၁ဝ)ခု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ဖြေဆိုရမည်ဖြစ်သည်။

မေးခွန်းနံပါတ် (၃)တွင် (၁ဝ)မှတ်တန်မှတ်စုတို (၄)ပုဒ်ပေးထားပြီး နှစ်သက်ရာ (၂)ပုဒ်ကို ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနံပါတ် (၄)တွင် (၂ဝ)မှတ်တန် မှတ်စုရှည်(၂)ပုဒ်ပေးထားပြီး နှစ်သက်ရာ (၁)ပုဒ်ကို ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနံပါတ် (၃)နှင့် မေးခွန်းနံပါတ် (၄) မေးခွန်း (၁)ပုဒ်စီအတွက် ရရှိနိုင်သည့် ရမှတ်မှာ (၂ဝ) မှတ်ဖြစ်သည်။

မေးခွန်းနံပါတ်(၅)မှာ တွက်ချက်မှုနှင့် သုံးသပ်ဖြေဆိုမှုများ ပြုလုပ်ရသည့် မေးခွန်းဖြစ်သည်။ ပေးထားသော ကိန်းဂဏန်းများ၊ အချက်အလက်များကို အသုံးပြုပြီး တွက်ချက်ခြင်း၊ မျဉ်းကွေးများနှင့် ပုံများ ရေးဆွဲခြင်း စသည်ဖြင့် သီအိုရီ သဘောတရားများ နားလည်တတ် ကျွမ်းမှုကို ဆန်းစစ်သော မေးခွန်းများဖြစ်သည်။ မေးခွန်းခွဲ (က)၊ (ခ) နှင့် (ဂ) မှ နှစ်သက်ရာ (၂)ပုဒ်ကိုသာ ဖြေဆိုရန်ဖြစ်သည်။ မေးခွန်းနံပါတ် (၅) အတွက် ရမှတ်မှာလည်း (၂ဝ)မှတ်ဖြစ်သည်။

ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် မေးခွန်းလွှာသည် မေးခွန်းအမျိုးအစား(၅)မျိုး ပါဝင်သည့် မေးခွန်း(၅)ပုဒ် ပေးထားသော မေးခွန်းလွှာဖြစ်သည်။ အမျိုးအစား (၅)မျိုးမှာ (၁)ဓမ္မဓိဋ္ဌာန်မေးခွန်း၊ (၂)အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ (၃) မှတ်စုတိုမေးခွန်း၊ (၄)မေးခွန်းရှည် မေးခွန်းနှင့် (၅)တွက်ချက်မှုနှင့် သုံးသပ်ဖြေဆိုမှုများ ပြုလုပ်ရသည့် မေးခွန်းတို့ဖြစ်သည်။ စုစုပေါင်း မေးခွန်း (၅)ပုဒ်စလုံးကို ဖြေဆိုရမည်ဖြစ်သည်။

ဖြေဆိုပုံဖြေဆိုနည်း

မေးထားသော မေးခွန်း(၅)ပုဒ်ကို ဖြေဆိုရာတွင် တိကျမှန်ကန်စေရေးနှင့် အမှတ်ကောင်းရရန် ဖြေဆိုပုံဖြေဆိုနည်းကို မေးခွန်း (၁)ပုဒ်ချင်းစီအတွက် ရှင်းလင်းသွားပါမည်။

မေးခွန်း (၁-က) ။   ။ဤမေးခွန်းသည် ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပြီး ဖြေဆိုသူက ပေးထားသော ဖော်ပြချက်ကို မှားသလား (သို့) မှန်သလား ရွေးချယ် ဖြေဆိုရမည်ဖြစ်သည်။ စာကြောင်းပြန်ရေးရန် မလိုဘဲ ဖြေဆိုသူက ရွေးချယ်ထားသော အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ ဥပမာ - 'ဘောဂဗေဒဘာသာရပ်သည် လူတို့၏ အပြုအမူကို လေ့လာသော ဘာသာရပ်ဖြစ်သည်' ဟူသော ဖော်ပြချက်တွင် အဖြေက 'မှန်'ဖြစ်သည့်အတွက် 'မှန် 'ဟုသာ ဖြေဆိုရန်ဖြစ်သည်။ အဖြေလွှာစစ်ဆေးသူ (စာစစ်သူ) ဖတ်၍မရသော၊ မှား/မှန် မကွဲပြားသော အဖြေများအတွက် အမှတ်မရရှိနိုင်ပါ။ ထို့ကြောင့် ဖြေဆိုသူက အဖြေကို ပီပီသသ၊ မှန်မှန်ကန်ကန် ဖော်ပြဖြေဆိုရပါမည်။ ဖော်ပြချက် (၅)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်းရမှတ် (၅)မှတ်ဖြစ်သည်။

မေးခွန်း (၁-ခ)       ။    ။ဤမေးခွန်းတွင် မေးထားသောအဖြေကို (က)၊ (ခ) နှင့် (ဂ) ဟု (၃)မျိုးပေးထားပြီး ယင်းထဲမှ အဖြေမှန်(၁)ခုကို ရွေးချယ်ဖြေဆိုရမည်ဖြစ်သည်။ ယင်းမေးခွန်းတွင်လည်း မေးခွန်းစာကြောင်းကို ပြန်လည်ရေးရန်မလိုပါ။ ဥပမာ- 'ကုန်စည်တစ်ခု၏ဈေးနှုန်း ကျဆင်းသွားသောအခါ အခြားကုန်စည်တစ်ခု၏ ဝယ်လိုအားအရေအတွက် တိုးလာပါက ထိုကုန်စည်နှစ်ခုမှာ (က)တွဲဖက်ကုန်စည် (ခ)အစားထိုးကုန်စည် (ဂ)တွဲဖက်ထုတ်ကုန်ဖြစ်သည်။' ဟူသော မေးခွန်း၏ အဖြေမှာ (က) တွဲဖက်ကုန်စည်ဖြစ်သည်။ ထို့ကြောင့် မေးခွန်း(၁-ခ)၊ မေးခွန်းနံပါတ်သေး(၁)အတွက် အဖြေကို (၁) (က) ဟု ဖြေဆိုရန်ဖြစ်သည်။ ဖော်ပြချက် (၅)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်းရမှတ် (၅)မှတ် ဖြစ်သည်။

မေးခွန်း (၁-ဂ) ။     ။ဤမေးခွန်းသည်လည်း ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်ပြီး ဖြေဆိုသူက ပေးထားသောစာကြောင်းတွင် လိုအပ်သည့် ကွက်လပ်ကို အဖြေမှန် ဖြည့်စွက်ပေးရန်ဖြစ်သည်။ မေးခွန်းစာကြောင်းကို ပြန်ရေးသားရန်မလိုဘဲ ဖြည့်စွက်ရမည့် အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန် ဖြစ်သည်။ တိကျသော အဖြေဖြစ်ရန်နှင့် စာလုံးပေါင်းမှန်ရန် လိုပါသည်။ ဥပမာ- 'အစိုးရနှင့် ပြည်သူ့အာဏာပိုင် အဖွဲ့အစည်းများ၏ ရငွေများကို ------------- ဟုခေါ်သည်။' ဟူသော မေးခွန်းအတွက် အဖြေမှာ 'ပြည်သူ့ရငွေများ'ဖြစ်ရာ ယင်းအဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန် ဖြစ်သည်။ မေးခွန်းဖော်ပြချက် (၁) ခုလျှင် (၁)မှတ်ဖြင့် (၁ဝ)ခုအတွက် စုစုပေါင်းရမှတ် (၁ဝ)မှတ်ဖြစ်သည်။

မေးခွန်းနံပါတ်(၁) တစ်ပုဒ်လုံးအတွက် အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီမှ ပြဋ္ဌာန်း ထုတ်ဝေထားသည့် ဒသမတန်း ဘောဂဗေဒဖတ်စာအုပ်မှ သင်ခန်းစာ အခန်းတိုင်း၏ အဆုံး၌ ထိုမေးခွန်းပုံစံများကို လေ့ကျင့်ရန် ထည့်သွင်းပေးထားသဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြိုတင်လေ့လာနိုင်ပါသည်။

မေးခွန်းနံပါတ်(၂)တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မေးထားရာ၌ ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များအတိုင်း တိတိကျကျ ပြည့်စုံစွာ ဖြေဆိုရန် လိုအပ်ပါသည်။   မှားယွင်းသော   အဓိပ္ပာယ် ဖွင့်ဆိုချက်များကို အမှတ်ပေးခြင်းမရှိကြောင်းကို ဖြေဆိုသူများ အထူးသတိပြုရန် လိုပါသည်။ ဥပမာ- 'ထပ်ဆင့်တိုးတန်ဖိုး'၏ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးထားခြင်းကို 'ထပ်ဆင့်တိုး' တန်ဖိုးဆိုသည်မှာ ကုန်ကြမ်းတန်ဖိုးတွင် ထပ်ဆင့်တိုးလာသည့် ထုတ်လုပ်မှု၏ တန်ဖိုးဖြစ်သည်။ ဟူသော အဖြေမှန်ကို ဖြေဆိုရမည့် အစား 'ထပ်ဆင့်တိုး တန်ဖိုးခွန်ဆိုသည်မှာ ကုန်စည်တစ်မျိုး၏ ထုတ်လုပ်မှု ဖြစ်စဉ်အဆင့်ဆင့်တွင် ထပ်ဆင့်တိုးလာသော တန်ဖိုးများအပေါ်တွင် ကောက်ယူသည့် အခွန်ဖြစ်သည်။'ဟု ထပ်ဆင့်တိုးတန်ဖိုးခွန်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် မှားယွင်းဖြေဆိုပါက လွဲမှားနေသဖြင့် အမှတ်လုံးဝမရနိုင်ပါ။

ထို့ကြောင့် မှားယွင်းလွယ်သော ဆင်တူရိုးမှားဖြစ်ပြီး အဓိပ္ပာယ်လုံးဝ ကွဲလွဲသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အလွတ်ကျက်ခြင်းထက် သဘောတရား နားလည်စေရန် လေ့လာထားပြီး မမှားအောင် ဖြေဆိုရန် လိုအပ်ပါသည်။

မေးထားသော အဓိပ္ပာယ်ဖွင့်ဆိုချက် (၁၂)ခုထဲမှ နှစ်သက်ရာ (၁ဝ)ခုကို ဖြေဆိုရပြီး တိကျမှန်ကန်ပြည့်စုံပါက (၁)ခုအတွက် (၂)မှတ်အပြည့်၊ မှန်ကန်သော်လည်း မပြည့်စုံပါက (၁)မှတ်နှင့် အထက်တွင်ဖော်ပြခဲ့သကဲ့သို့ အဓိပ္ပာယ် ဖွင့်ဆိုချက် မှားယွင်းပါက (ဝ)မှတ်ဟု အမှတ်ပေးစည်းမျဉ်း ချမှတ်စစ်ဆေးလေ့ရှိသဖြင့် ဂရုစိုက်ဖြေဆိုကြရန် ဖြစ်ပါသည်။ တစ်ခုလျှင် (၂)မှတ်နှင့် (၁ဝ)ခုဖြေဆိုရသည့်အတွက် စုစုပေါင်းရမှတ်(၂ဝ)မှတ် ဖြစ်သည်။ မေးခွန်းနံပါတ် (၁)နှင့် (၂) ကို တိကျမှန်ကန်စွာ ဖြေဆိုနိုင်ခြင်းဖြင့် အမှတ် (၄ဝ) အပြည့်ရရှိနိုင်ပါသည်။

မေးခွန်းနံပါတ်(၃)တွင် (၁ဝ)မှတ်တန် မှတ်စုတို (၄)ပုဒ်ပေးထားပြီး နှစ်သက်ရာ (၂)ပုဒ်ကို ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနံပါတ် (၄)တွင် အမှတ်(၂ဝ)မှတ်တန် မေးခွန်းရှည် (၂)ပုဒ်ပေးထားပြီး နှစ်သက်ရာ(၁)ပုဒ်ကို ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်း(၁)ပုဒ်စီအတွက် ရရှိနိုင်သည့် ရမှတ်မှာ(၂ဝ)မှတ်ဖြစ်သည်။ ယင်းမေးခွန်းများတွင် အခန်းသီးသန့်စီခွဲကာ မေးထားခြင်းမျိုး မဟုတ်ဘဲ ပြဋ္ဌာန်းစာအုပ်ပါ အခန်း(၆)ခန်းစလုံးကို ပေါင်းစပ်ရောနှောပြီး မေးနိုင်သဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ရိုးအားလုံးကို နှံ့စပ်စွာ ကျေညက်အောင် ဖတ်ရှုလေ့လာရန် အထူး လိုအပ်ပါသည်။

မှတ်စုတိုကိုဖြစ်စေ၊ မေးခွန်းရှည်ကိုဖြစ်စေ ဖြေဆိုရာတွင်လည်း မေးထားသည့် အကြောင်းအရာ၏ အဓိပ္ပာယ်ကို ဦးစွာဖွင့်ဆိုသင့်ပါသည်။ ပြီးမှသာ ရှင်းလင်းချက်များကို ဖြေဆိုရပါမည်။ ထို့ပြင် အချက်အလက်များကို ဖော်ပြရှင်းလင်းရန်ဟုမေးပါက အဖြေလွှာ စစ်ဆေးသူ ရှင်းလင်းပြတ်သားစွာ စစ်ဆေးနိုင်ရန် မေးထားသည့် အချက်အလက်များကို ဦးစွာဖော်ပြပြီးမှ (၁)ချက်ချင်းစီကို ရှင်းလင်း ဖြေဆိုသင့်ပါသည်။

မေးခွန်းနံပါတ် (၅)တွင် တွက်ချက်မှုနှင့် သုံးသပ်ဖြေဆိုမှုပုစ္ဆာကို (က)၊ (ခ) နှင့် (ဂ) ဟူ၍ (၁ဝ)မှတ်စီမေးထားပြီး နှစ်သက်ရာ (၂)ခုကို ဖြေဆိုရပါမည်။ တိကျမှန်ကန်စွာ ဖြေဆိုနိုင်ပါက အမှတ်ပြည့် ရရှိနိုင်သော်လည်း တွက်ချက်မှုနှင့် ယူဆချက်များ မှားယွင်းပါက အမှတ်လျော့လွယ်သော မေးခွန်းပုံစံဖြစ်ပါသည်။ ထို့ကြောင့် ယင်းမေးခွန်းနှင့် ပတ်သက်၍ အထူးအလေးပေး ရှင်းလင်းလိုပါသည်။

(၁)     ကိန်းဂဏန်းအချက်အလက်ကို အခြေခံပြီး တွက်ချက်စေသော မေးခွန်းများတွင် မေးထားသည အကြောင်းအရာ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပုံသေနည်းကိုဦးစွာ ဖြေဆိုရပါမည်။ ထို့နောက်မှ တွက်ချက်မှုကိုပြုလုပ်သင့်ပါသည်။  ဥပမာ- ဝယ်လိုအား၏ဈေးနှုန်း အလျော့အတင်း ပုစ္ဆာမေးခွန်းကို ဖြေဆိုရာတွင် ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း  အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ပုံသေနည်းကိုဦးစွာ ဖြေဆိုပြီး ပေးထားသော ကိန်းဂဏန်းအချက်အလက်များကို သုံး၍ တွက်ချက်ရပါမည်။ ထို့နောက် တွက်ချက် ရရှိသောအဖြေကို ဝယ်လိုအား၏ ဈေးနှုန်း အလျော့အတင်း သဘောတရားများအရ သုံးသပ်ဖြေဆိုရမည်။

          ထို့အတူ ဝယ်လိုအား၏ ဝင်ငွေအလျော့အတင်း ပုစ္ဆာမေးခွန်း ကိုဖြေဆိုရာတွင် ဝယ်လိုအား၏ ဝင်ငွေအလျော့အတင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဦးစွာဖြေဆိုပြီး ပေးထားသော ကိန်းဂဏန်းအချက်အလက်များကိုသုံး၍ တွက်ချက်ရပါမည်။ ထို့နောက် တွက်ချက်ရရှိသော အဖြေကို ဝယ်လိုအား၏ ဝင်ငွေအလျော့အတင်း သဘောတရားများအရ သုံးသပ်၍ ဖြေဆိုရမည်။

(၂)     ဝယ်လိုအားနှင့်ရောင်းလိုအား ပြောင်းလဲခြင်းများ၏ ဈေးကွက်အားမျှခြေ အပေါ်တွင် အကျိုးသက်ရောက်ပုံကို ဆန်းစစ်သော မေးခွန်းမျိုးတွင် မူလရှိဈေးကွက် အခြေအနေတစ်ခု၌ ဝယ်လိုအား(သို့) ရောင်းလိုအားကို ပြဋ္ဌာန်းသော အချက်များထဲမှ အချက်တစ်ခုခု ပြောင်းလဲသွားခြင်းကြောင့် လေ့လာရမည့် ဈေးကွက်အခြေအနေပေါ် မည်ကဲ့သို့အကျိုး သက်ရောက်စေသည်ကို ပုံနှင့်တက ွဖြေဆိုရမှာဖြစ်သည်။

(၃)     တိုင်းပြည်ဝင်ငွေတွက်ချက်နည်း ဆိုင်ရာ မေးခွန်းအတွက် တိုင်းပြည်ဝင်ငွေနှင့် တစ်ဦးကျ ဝင်ငွေတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖြေဆိုပြီး တွက်ချက်မှုကို ဆက်လက်ဖြေဆိုရန်ဖြစ်သည်။ များသောအားဖြင့်  GDP , GNP , NNPနှင့် တစ်ဦးကျဝင်ငွေအထိ မေးလေ့ရှိသည်။ သတိပြုရန် အချက်မှာ ပေးထားသော ကိန်းဂဏန်းများ၏ယူနစ်ကို ပြန်သုံးရန်ဖြစ်သည်။ ဆိုလိုသည်မှာ ပေးထားသည့် တန်ဖိုးမှာ ကျပ်သိန်းပေါင်းဆိုပါက ဖြေဆိုရာတွင် ကျပ်သိန်းပေါင်း၊ ကျပ်သန်းပေါင်းဆိုပါက ဖြေဆိုရာတွင် ကျပ်သန်းပေါင်းဖြင့် တွက်ချက်ဖော်ပြရမည်ဖြစ်သည်။ ဤတွင်ပေးထားသော ကိန်းဂဏန်းများကို ချရေးပြရုံဖြင့် အမှတ်မရနိုင်သဖြင့် အဆင့်လိုက် တွက်ချက်သွားရန်နှင့် တွက်ချက်မှုတွင် အသုံးပြုသော လက္ခဏာများကို ဖော်ပြရန်လိုပါသည်။

(၄)     စားသုံးသူများ၏ ဈေးဆနှုန်းကိန်းဆိုင်ရာ ပုစ္ဆာမေးခွန်းကို ဖြေဆိုရာတွင်  စားသုံးသူများ၏ ဈေးဆနှုန်းကိန်း အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဖြေဆိုပြီး တွက်ချက်ရာတွင် စားသုံးကုန်စည်အုပ်စု၊ စားသုံး ကုန်စည်အုပ်စုတန်ဖိုး၊ ဈေးဆနှုန်းကိန်း၊ ဈေးဆနှုန်းကိန်း ပြောင်းလဲသည့် ရာခိုင်နှုန်း စသည်ဖြင့် အဆင့်ဆင့် တွက်ချက်ဖော်ပြရမည်ဖြစ်သည်။ ထို့နောက်တွက်ချက် ရရှိသော အဖြေအရ စားသုံးကုန်စည်များ၏ ဈေးနှုန်းအဆင့်သည် ရာခိုင်နှုန်းမည်မျှ  ပြောင်းလဲသည်ကို သုံးသပ်ဖြေဆိုရမည်ဖြစ်သည်။

          ငွေကြေးအရေအတွက်သီအိုရီမှ  တွက်ချက်နည်းဆိုင်ရာ မေးခွန်းအတွက် ငွေကြေးပမာဏ၊ ဈေးနှုန်းနှင့်  ကုန်စည်အရေအတွက်တို့ကို ပေးထားပြီး ငွေကြေးလည်ပတ်မှု အရှိန်ကို   ရှာရန်မေးလေ့ရှိပါသည်။  ပထမဦးစွာ ငွေကြေးအရေအတွက် သီအိုရီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖြေဆိုရပါမည်။ ထို့နောက် ပေးထားချက်များကို အခြေခံ၍  တွက်ချက်သုံးသပ် ဖြေဆိုရ မည်ဖြစ်ပါသည်။

(၅)    ကုန်ဖလှယ်မှု အချိုးတွက်ချက်သည့် ပုစ္ဆာမေးခွန်းတွင်  အခြေခံနှစ်နှင့် အခြားနှစ် (၂)ခုတို့၏  ပို့ကုန်ဈေးဆနှုန်း ကိန်းနှင့်  သွင်းကုန်ဈေးဆနှုန်း ကိန်းများကိုပေးထားပြီး ယင်းနှစ်များ၏ ကုန်ဖလှယ်မှု အချိုးကို တွက်ချက်ကာ အချိုးပြောင်းလဲခြင်းများကို သုံးသပ်ပြစေလေ့ရှိပါသည်။ ဦးစွာ ကုန်ဖလှယ်မှု အချိုး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဖြေဆိုရပါမည်။ ထို့နောက် (၃)နှစ်စလုံးအတွက် နှစ်အလိုက် ကုန်ဖလှယ်မှု အချိုးများကို တွက်ချက်ရမည်။ အခြေခံနှစ်၏ ကုန်ဖလှယ်မှုအချိုးသည် (၁ဝဝ)ဖြစ်ပြီး ကျန်(၂)နှစ်တွင် ထွက်ရှိသော အဖြေသည် (၁ဝဝ)ထက်နည်းပါက အခွင့်မသာသော (သို့) ကျဆင်းသော ကုန်ဖလှယ်မှု၊ (၁ဝဝ)ထက်များပါက အခွင့်သာသော (သို့) တိုးတက်သော ကုန်ဖလှယ်မှုဟု သုံးသပ်ဖြေဆိုရန်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ် မေးခွန်းလွှာကို ဖြေဆိုရန်အတွက် ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာအားလုံးကို  နားလည်သဘောပေါက်အောင် လေ့လာဆည်းပူးထားပါက အခက်အခဲမရှိ ကောင်းစွာဖြေဆိုနိုင်မည်ဖြစ်ပါသည်။ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအားလုံး ထူးချွန်စွာ ဖြေဆိုအောင်မြင်ကြပါစေဟု ဆန္ဒပြုပါသည်။

ဒေါက်တာစုစုမြတ်၊ ပါမောက္ခဌာနမှူး၊ အသုံးချဘောဂဗေဒဌာန၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်