အမေရိကန်က ရုရှား၊ ဘယ်လာရု(စ်)၊ ယူကရိန်းတို့ကိုဆိုက်ဘာတိုက်ခိုက်ရန် တရုတ်ကွန်ပျူတာများကို ဆိုက်ဘာတိုက်ခိုက်ပြီး အသုံးချ

အမေရိကန်နိုင်ငံက ရုရှား၊ ဘယ်လာရု(စ်)၊ ယူကရိန်းတို့ကိုဆိုက်ဘာတိုက်ခိုက်ရန် တရုတ်နိုင်ငံရှိ ကွန်ပျူတာများကို ဆိုက်ဘာတိုက်ခိုက်ပြီး အသုံးချကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက မတ် ၁၁ ရက်တွင် ဖော်ပြသည်။

တရုတ်အမျိုးသားကွန်ပျူတာကွန်ရက်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့/ပူးပေါင်းဆောင်ရွက်ရေးဌာန(CNCERT/CC)အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုများကို စောင့်ကြည့်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့၏ စောင့်ကြည့်မှုအရ   ဖေဖော်ဝါရီလ နှောင်းပိုင်းမှစ၍ တရုတ်နိုင်ငံ၏ အင်တာနက် ကွန်ရက်တွင်    ပြည်ပမှ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် စဉ်ဆက်မပြတ် တွေ့ကြုံရကြောင်း၊ ထိုတိုက်ခိုက်မှုများသည် ရုရှား၊ ဘယ်လာရု(စ်)နှင့် ယူကရိန်းတို့ကို ဆိုက်ဘာ တိုက်ခိုက်နိုင်ရေးအတွက် တရုတ်ပြည်တွင်းရှိကွန်ပျူတာများကို  ဝင်ရောက်ထိန်းချုပ်ခြင်းဖြစ်သည်ကိုတွေ့ရကြောင်း CNCERT/CC ကထုတ်ပြန်ထားသည်။

အဆိုပါ  ဆိုက်ဘာတိုက်ခိုက်မှုများကို လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ပြီးနောက် ထိုတိုက်ခိုက်မှုကို လုပ်ဆောင်သူများသည် အမေရိကန်နိုင်ငံမှ အများဆုံးဖြစ်ကြောင်းနှင့်ဂျာမနီ၊  နယ်သာလန်ကဲ့သို့  နိုင်ငံများမှ တိုက်ခိုက်မှုအနည်းငယ်လည်း ပါဝင်ကြောင်း CNCERT/CC ၏   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆိုက်ဘာတိုက်ခိုက်မှုများသည် အမေရိကန်နှင့်မဟာမိတ်များကတစ်ဖက်၊ တရုတ်နိုင်ငံကတစ်ဖက်ဖြင့်    ၎င်းတို့ကြားတွင် တင်းမာမှုများ ဖြစ်ပွားနေသော   အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် တစ်ကမ္ဘာလုံးတွင် ဆိုက်ဘာသူလျှိုလုပ်ငန်းကို လုပ်ဆောင်နေကြောင်း   အမေရိကန်နှင့် အပေါင်းအပါများက စွပ်စွဲထားသည်။

သို့သော်    တရုတ်နိုင်ငံအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှုများတွင် မပါဝင်ကြောင်းနှင့် စွပ်စွဲပြောဆိုမှုများသည် မလိုမုန်းထား သားပုပ်လေလွင့် စွပ်စွဲချက်များသာဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက တုံ့ပြန်ထားသည် ဟုသိရသည်။    

Ref: Bangkok Post