ရုရှား၏တောင်းဆိုချက်ကို အနောက်နိုင်ငံများက လိုလိုလားလားလိုက်လျောမှသာ ယူကရိန်းပဋိပက္ခ အဆုံးသတ်မည်ဟုဆို

အနောက်နိုင်ငံများ အနေဖြင့်   ရုရှားအစိုးရ၏အကြိမ်ကြိမ်တောင်းဆိုချက်များကို လိုလိုလားလား လိုက်လျောမှသာ လက်ရှိဖြစ်ပွားနေသည့်    ယူကရိန်းပဋိပက္ခက အဆုံးသတ်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ရုံးမှပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က မတ် ၁၁ ရက်တွင်ပြောသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ အရပ်သားများ အသတ်ခံရမှုအရေးနှင့်   ဥရောပအရှေ့ပိုင်းသို့ NATO တပ်ဖွဲ့နယ်ချဲ့လာမှု အရေးတို့နှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ရုရှားကတောင်းဆိုထားခြင်း ဖြစ်သည်။

ယူကရိန်းအစိုးရအနေဖြင့် ရုရှား၏တောင်းဆိုချက်များနှင့် ပတ်သက်၍ ၎င်း၏ မိတ်ဖက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ရုရှားအစိုးရကသိရှိထားကြောင်း ဒီမီထရီပက်စကော့က ဆက်ပြောသည်။

ရုရှားအစိုးရက လွန်ခဲ့သောရှစ်နှစ်ကျော်ကာလအတွင်း ယူကရိန်းအနေဖြင့် နိုင်ငံအရှေ့ပိုင်း ဒွန်းဘက်ဒေသရှိ ရုရှားလူမျိုးများကို  သတ်ဖြတ်နေမှုရပ်တန့်ရေးနှင့် မင့်(စ်)သဘောတူညီချက်များကို လိုက်နာအကောင်အထည် ဖော်ရေးအတွက် အနောက်နိုင်ငံများက ယူကရိန်းအစိုးရကို ဖိအားပေးတိုက်တွန်းရေး   တတွင်တွင် တောင်းဆိုခဲ့ကြောင်း ဒီမီထရီပက်စကော့ကဆိုသည်။

အလားတူ ရုရှားနိုင်ငံကိုချိန်ရွယ်လာမည့် စစ်လက်နက်များကို ရုရှားနိုင်ငံအနီးတွင် လာချထားပါက မည်ကဲ့သို့ ခံစားရမည်နှင့် ပတ်သက်၍ လွန်ခဲ့သော ဆယ်စုနှစ်များစွာ ကတည်းက အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဖြစ်ပေါ်လာနိုင်သည့် ထိုအခြေအနေကို မျက်စိမှိတ်ပြီး ကြည့်မနေနိုင်ကြောင်း ဒီမီထရီပက်စကော့က ပြောသည်ဟု  သိရသည်။                      

 Ref: TST