ကူညီထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်

COVID-19 ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြားလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေးအတွက် စက်တင်ဘာ ၁၅ ရက်ကကျင်းပခဲ့သည့်အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လူ့အသက်ထက်အရေးကြီးတာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သည် မှန်သမျှကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် နိုင်ငံတော်နှင့်ပြည်သူအတွက် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီ Real Time တိတိကျကျဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလမ်းညွှန်ပြောကြားခဲ့သည်။ ထိုလမ်းညွှန်ချက်အတိုင်း ရဟန်းရှင် လူပြည်သူများ ကျန်းမာရေးအတွက် တပ်မတော်သားတို့ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်သည် ရဟန်းရှင်လူပြည်သူအပေါင်း၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အင်တိုက်အားတိုက်ကြိုးပမ်း လုပ်ဆောင်လျက်ရှိသည့်အပြင် အမျိုးဘာသာသာသနာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုက တတ်စွမ်းသမျှ လှူဒါန်းပေးလျက်ရှိသည်။ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များကိုလည်း တိုင်းစစ်ဌာနချုပ်နယ်မြေ များအလိုက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိသည်။ ယခုရက်ပိုင်းအတွင်း အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ ကျန်းမာရေးကိစ္စများကိုလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိသည်။

စက်တင်ဘာ ၂၄ ရက်တွင် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အရှင်သူမြတ်များအား တပ်မတော်မှ ဆေးစစ်ပေးခဲ့ရာ သံဃာတော်အရှင်သူမြတ် ၂၇၅ ပါးနှင့် လူပုဂ္ဂိုလ် လေးဦးတွင် ထပ်မံပြီး COVID-19 ပိုးတွေ့ရှိခဲ့သည်။ ဆရာတော်ကြီး၌ ပိုးတွေ့မှုမရှိပါ။ သံဃာတော်များအား မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်းနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တို့၌ တာဝန်ယူကုသပေးနေသည်။ သံဃာတော်တစ်ပါးအား တပ်မတော်အသည်းရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသပေးလျက်ရှိသည်။ သံဃာတော်များ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိသည်။

ဆရာတော်သံဃာတော်များသည် လူသားများကို အစဉ်အမြဲမေတ္တာပေးဝေနေသူများ ဖြစ်သည်။ ထို့ကြောင့်စက်တင်ဘာ ၂၆ ရက်တွင်ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတပည့်တော်တို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုဝင်များအနေဖြင့် ဆရာတော်သံဃာတော်များ အမြန်ပြန်လည်ကျန်းမာပါစ ကြောင်းနှင့် သာသနာ့အကျိုးကို အောင်မြင်စွာဆောင်ရွက်နိုင်ပါစေကြောင်း၊ ဆရာတော်သံဃာတော်များ၏ သီလ၊ သမာဓိ၊  ပညာစွမ်းအားများကြောင့်  အမြန်ဆုံးကျန်းမာလာမည်ဟုယုံကြည်ပါကြောင်း  ဒီနေရာမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား၊ တစ်နိုင်ငံလုံး COVID ရောဂါကပ်ဆိုးမှ အမြန်လွတ်မြောက်စေရေး မေတ္တာပို့သပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါကြောင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ COVID-19 ရောဂါပိုးတွေ့လူနာများ  များပြားလာသည့်အတွက် တပ်မတော်အနေဖြင့် COVID-19 ရောဂါအတည်ပြုလူနာများအား ကုသပေးနိုင်ရေး နေရာလေးနေရာဆောင်ရွက်ထားသည်။ ၎င်းင်းတို့မှာ မှော်ဘီမြို့တွင်ရှိသည့်တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၊ ရဲမွန်မြို့တွင်ရှိသည့် နယ်မြေခံသင်တန်းကျောင်း၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တို့ ဖြစ်သည်။

လက်ရှိအခြေအနေတွင် COVID-19 ရောဂါကုသရေးယာယီဆေးရုံများ၌ တပ်မတော်ဆေးတပ်ဖွဲ့မှ ဆေးအဖွဲ့လေးဖွဲ့ဖြင့်  တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။  ရန်ကုန်တွင်ရှိသည့်  တပ်မတော်ဆေးရုံများ၊  စစ်မြေပြင်ဆေးတပ်ရင်းမှ အဖွဲ့သုံးဖွဲ့နှင့် တောင်ငူမှတစ်ဖွဲ့ဖြစ်သည်။ အဆိုပါ အဖွဲ့များမှာ တပ်မတော်နှင့်အရပ်ဘက် COVID-19 ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတွင် ပါဝင်သောအဖွဲ့များ ဖြစ်သည်။ အဖွဲ့တစ်ဖွဲ့တွင် ပါရဂူဆေးမှူး ငါးဦး၊ သူနာပြု/ကျွမ်းကျင်အရာရှိခုနစ်ဦး၊ အကူသူနာပြုသုံးဦးပါဝင်သည်။ ထိုအဖွဲ့မျိုး ၄၀ ကျော်ခန့် နိုင်ငံတစ်ဝန်းတွင် ဧပြီလမှစ၍ ဖွဲ့စည်းဆောင်ရွက်ထားခြင်း ဖြစ်သည်။

ရန်ကုန်တွင်ရှိသည့် ကုသရေးဌာနလေးခု၌ ရောဂါပိုးတွေ့ရှိ၍ ရောဂါဝေဒနာလက္ခဏာမပြသော လူနာများအား ကုသပေးလျက်ရှိပြီး ရောဂါဆိုးရွားလာလျှင် ကုသရေးဆေးရုံများသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်။

COVID-19 ကုသရေးဌာန(ဖောင်ကြီး)ဆေးရုံကြီးကြပ်မှု၊ အုပ်ချုပ်ရေးကော်မတီတို့တွင် တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများမှ ပါရဂူများက အဖွဲ့ဝင်အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ ရက်မှ စတင်ပြီး ယနေ့အထိ ဆေးကုသမှုပါရဂူ၊ မေ့ဆေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဆေးမှူး၊  သူနာပြု^ကျွမ်းကျင် ၄၀ ဦးပါဝင်သောအဖွဲ့သည် အဋ္ဌမအကြိမ်အဖြစ် ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် အလှည့်ကျပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ရလျှင် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးအတွက် တပ်မတော်သည် အချိန်နှင့်တစ်ပြေးညီ အသင့်ရှိနေပါကြောင်း ရေးသားလိုက်ရပေသည်။