ကမ္ဘာတစ်ဝန်းသေဆုံးသူအယောက် တစ်သန်းကျော်လာတဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုမှတ်တမ်း

ကမ္ဘာ့ကပ်ရောဂါကိုဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် စက်တင်ဘာ ၂၈ ရက်အထိဆိုရင်  သေဆုံးသူအယောက် တစ်သန်းကျော်သွားပါပြီ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ အလယ် ပိုင်း ဝူဟန်မြို့ကနေ စတင်လိုက်တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ပထမဆုံးသေဆုံးသူဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၁ ရက်မှာဖြစ်ပါတယ်။ နေရာကတော့ တရုတ်နိုင်ငံမှာပါ။

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေတာကတော့ Sars-Co-V-2 ဗိုင်းရပ်ဖြစ်ပြီး အထူးသဖြင့် ဝူဟန်မြို့ တစ်မြို့လုံးအပြင် တရုတ် တစ်နိုင်ငံလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ တရုတ်နိုင်ငံမှာ အဲဒီရောဂါပထမဆုံး ကူးစက်ပျံ့နှံ့ပြီးနောက်ပိုင်း တစ်လအတွင်းမှာပဲ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာ အယောက် ၁၀၀၀ အထိ ရှိလာပါတယ်။

ဒီပမာဏဟာ ၂၀၀၂-၂၀၀၃ ခုနှစ်အတွင်း အာရှဒေသတစ်ဝန်းမှာဖြစ်ပွားခဲ့တဲ့ ဆား(စ်)ရောဂါကြောင့်  သေဆုံးသူအရေ အတွက်ထက် အများကြီးပိုများပါတယ်။ ဆား(စ်)ရောဂါဖြစ်တုန်းက သေဆုံးသူ အရေအတွက်ဟာ ၇၇၄ ဦးသာရှိပါတယ်။

တရုတ်နိုင်ငံမှာ လူအယောက် ၁၀၀၀ သေဆုံးတဲ့အထိ အဲဒီရောဂါဟာ တရုတ်နိုင်ငံပြင်ပမှာ ဖြစ်ပွား ခြင်းမရှိသေးပါဘူး။ သို့သော်လည်း နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ အဲဒီအချိန်ကတည်းက တရုတ်နိုင်ငံ ပြင်ပကိုရောက်ရှိနေဖွယ်ရှိပါတယ်။

ဖေဖော်ဝါရီ ၂ ရက်မှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပထမဆုံးဖြစ်ပွားသူကိုတွေ့ရှိပြီး   ဟောင်ကောင်ဒေသမှာတော့ ဖေဖော်ဝါရီ ၄ ရက်၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံတို့မှာတော့ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ အသီးသီးတွေ့ရှိရပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအရေအတွက်က တရိပ်ရိပ်နဲ့မြင့်တက်လာပြီး နောက် မတ် ၁၁ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဲဒီရောဂါကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် ကြေညာလိုက်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်ချိန်မှာတော့ နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ နိုင်ငံနဲ့ဒေသပေါင်း ၃၀ အထိပျံ့နှံ့သွားပြီး သေဆုံးသူ ၄၅၀၀ အထိရှိလာပါပြီ။ အဲဒီသေဆုံးသူတွေထဲက သုံးပုံနှစ်ပုံက တရုတ်နိုင်ငံထဲကဖြစ်ပြီး အီတလီမှာ သေဆုံးသူအယောက် ၈၀၀ နဲ့အီရန်မှာ အယောက် ၃၀၀ ရှိပါ တယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်ဟာ ဥရောပဒေသနဲ့ အမေရိကန်နိုင်ငံတို့ကို ပျံ့နှံ့သွားပြီးတဲ့ နောက်ပိုင်း အဲဒီ ဒေသတွေမှာ သေဆုံးသူအရေအတွက်ဟာ ဧပြီလလယ်အထိ တစ်ဟုန်ထိုးမြင့်တက် လာပါတယ်။ ဧပြီလ ဒုတိယပတ်အတွင်း ဥရောပဒေသမှာ နေ့စဉ်သေဆုံးသူအယောက် ၄၀၀၀ နဲ့ အမေရိကန် နိုင်ငံမှာ နေ့စဉ်သေဆုံးသူ အယောက် ၂၇၀၀  ဝန်းကျင်အထိ ရှိပါတယ်။

ယနေ့အချိန်မှာတော့ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူနဲ့ သေဆုံးသူအများ ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ အဲဒီနိုင်ငံမှာ သေဆုံးသူစုစုပေါင်း နှစ်သိန်းကျော် သွားပါပြီ။ ဧပြီလအတွင်း တစ်ကမ္ဘာလုံးအတိုင်း အတာအနေနဲ့ ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ကြောင့် တစ်ရက်အတွင်း သေဆုံးသူအများဆုံးကာလဟာ ဧပြီ ၁၃ ရက်ကနေ ၁၉ ရက်ကြားဖြစ်ပြီး  အဲဒီကာလမှာ တစ်ရက်ကိုလူပေါင်း ၇၄၆၀ လောက် သေဆုံးပါတယ်။ လကုန်ပိုင်းမှာတော့ တစ် ကမ္ဘာလုံးမှာ သေဆုံးသူစုစုပေါင်း ၁၇၀၀၀၀ နီးပါးရှိလာပါပြီ။

ဇွန်လကစပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ နေ့စဉ်သေဆုံးသူအရေအတွက်ဟာ အယောက် ၅၀၀၀ ဝန်းကျင်မှာ ရှိပါတယ်။ ဇွန်လမှာတော့ ကမ္ဘာ့ကပ်ရောဂါအဆိုးဆုံး ဖြစ်ပွားတဲ့နေရာက လက်တင်အမေရိကနဲ့ ကာရေဘီယံဒေသတို့ ဖြစ်သွားပါပြီ။ ဇူလိုင် ၁၅ ရက်ကနေ သြဂုတ် ၁၅ ရက် အတွင်းမှာတော့ အဲဒီဒေသတွေမှာ နေ့စဉ်သေဆုံးသူအရေအတွက်က ၂၅၀၀ အောက်ကျတဲ့ရက် မရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ရောက်မှသာ တစ်ရက်ကို သေဆုံးသူအရေအတွက် ၁၉၀၀ ဝန်းကျင်ကို ရောက် လာတာပါ။ ဘရာဇီးနိုင်ငံကတော့ အမေရိကန်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ လူသေဆုံးမှုအများဆုံးနိုင်ငံ အဖြစ် အဆင့်တက်လာပါတယ်။ ကမ္ဘာ့အနောက်ခြမ်းဒေသမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အဆမ တန်မြင့်တက်ပြီး သေဆုံးသူအရေအတွက် အလွန်တရာများပြားနေစဉ် အာရှဒေသမှာတော့ သိပ်ပြီး ထူးထူးခြားခြားမရှိပါဘူး။

ဧပြီလလယ်မတိုင်မီအထိ တရုတ်နိုင်ငံ အပါအဝင် အာရှဒေသမှာ နေ့စဉ်သေဆုံးသူအရေအတွက်က အယောက် ၁၀၀ ဝန်းကျင်သာရှိပါတယ်။ ဇူလိုင် ၂၀ ရက်နောက်ပိုင်းမှာတော့ နေ့စဉ်သေဆုံးသူ အရေအတွက် အယောက် ၁၀၀၀ ကိုကျော်လွန်လာပြီး ယနေ့မှာတော့ နေ့စဉ်သေဆုံးသူ အရေ အတွက်က အယောက် ၁၅၀၀ ဝန်းကျင် ရှိလာပါတယ်။

အာရှဒေသမှာ ရောဂါဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီး တစ်ရက်တစ်ရက်ကို ရောဂါ ဖြစ်ပွားသူ အရေအတွက်က ၉၀၀၀၀ နဲ့ တစ်သိန်းကြားမှာရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှသာ  နေ့စဉ်ရောဂါဖြစ်ပွားသူအရေအတွက် ၈၀၀၀၀ ကျော်အထိ ကျဆင်းလာတာဖြစ်ပါတယ်။ အဲဒီအချိန် မှာပဲ ဥရောပဒေသမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဒုတိယအကျော့နဲ့ ရင်ဆိုင်ရပြန်ပါတယ်။ ယခု သီတင်းပတ်အတွင်း ဥရောပဒေသမှာ နေ့စဉ်ရောဂါဖြစ်ပွားသူ အရေအတွက်က ပြီးခဲ့တဲ့သီတင်းပတ် နဲ့နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းမြင့်တက်နေပြီး သေဆုံးသူအရေအတွက်ဆိုရင် ၂၈ ရာခိုင်နှုန်းအထိ မြင့် တက်နေပါတယ်။

တခြားတိုက်ကြီးတွေထက် ဗိုင်းရပ်ကူးစက်မှု အနည်းဆုံးကတော့ အာဖရိကပါပဲ။ သြဂုတ်လ အစော ပိုင်းမှာ နေ့စဉ်သေဆုံးသူ အရေအတွက်က အယောက် ၄၀၀ ကျော်ပြီးနောက် စက်တင်ဘာလ လယ် မှာ အယောက် ၂၀၀ ဝန်းကျင်အထိ ကျဆင်းလာပါတယ်။ သမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံတွေ အနေ နဲ့ကတော့ နေ့စဉ်သေဆုံးသူ အရေအတွက်က ဘယ်တော့မှ ၂၅ ယောက် မကျော်ခဲ့ပါဘူး။

Ref: TST