တက္ကဆက်ပြည်နယ်ရှိရေ ပေးဝေရေးစနစ်၌ ဦးနှောက်ကိုစားသော အမီးဘားပိုးတွေ့ရှိ

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ဂါ့ဖကို့(စ်)စီရင်စု၌ အသက် ၆ နှစ်ရှိ ယောက်ျားလေးတစ်ဦး သည် ဦးနှောက်ကိုစားသော အမီးဘားပိုးကူးစက်ခံရ၍ သေဆုံးပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး က စက်တင်ဘာ ၂၇ ရက်တွင် ထိုဒေသကို သဘာဝဘေး အန္တရာယ်ကြေညာချက်ထုတ် ပြန်လိုက် ကြောင်းသိရသည်။

နောက်ပိုင်းတွင် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရာ အဆိုပါ အမီးဘားပိုးကို ရေပေးဝေရေးစနစ်၌ တွေ့ရခြင်း ဖြစ်သည်။ ထိုကလေးငယ်က အမီးဘားပိုးကူးစက်ခံရမှုဖြင့် ဆေးရုံ တက်ရောက်ကုသမှုခံယူနေမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက စက်တင်ဘာလ အစောပိုင်းတွင် လိတ်ဂျက်ဆန်မြို့ကို သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ ကလေးငယ်အနေဖြင့် နေအိမ်ရှိရေပိုက်ခေါင်း သို့မဟုတ် မြို့အတွင်းရှိ ရေပန်းများမှတစ်ဆင့် အမီးဘားပိုးကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း ထိုကလေးငယ်၏ မိဘများက လက်ခံထားသည်။ ထို့နောက် မြို့တာဝန်ရှိသူများသည် ကျန်းမာရေးတာဝန်ရှိသူများ၏ အကူအညီဖြင့် မြို့အတွင်းရှိ ရေထွက်ရှိရာနေရာများမှ ရေနမူနာ ၁၁ ခုကို ရယူစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ရာ ရေထဲတွင် အမီးဘားပိုး ပါဝင်နေသည်ကို တွေ့ရခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် အမီးဘားပိုးကို ပူနွေးသော ရေချိုရေကန်များတွင်သာ တွေ့ရလေ့ရှိပြီး လူ၏နှာခေါင်းမှ တစ်ဆင့်သာ လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်ခြင်းဖြစ်သည်။ ထို့နောက် အဆိုပါပိုးသည် နှာခေါင်း မှတစ်ဆင့် ဦးနှောက်ဆီသို့ဆက်သွားကာ ဦးနှောက်တစ်သျှူးများကို စားသုံးခြင်းဖြစ်သည်။

သို့သော် လူများအနေဖြင့် ထိုပိုးပါဝင်သော ရေကိုသောက်သုံးရုံဖြင့် အဆိုပါ ရောဂါပိုးမကူးစက်နိုင် ကြောင်း အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားသည်။ 

Ref: The Straits Times