တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အကြောင်း သိကောင်းစရာများ

တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အကြောင်း သိကောင်းစရာများ

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သမိုင်းဘာသာရပ် သိကောင်းစရာများကို တင်ပြသွားပါမယ်။ ပထမဦးစွာ မြန်မာ့သမိုင်း သင်ခန်းစာများမှ သိကောင်းစရာတွေကို တင်ပြပါမယ်။ မြန်မာ့သမိုင်းမှာနှစ်ပိုင်းပါဝင်တယ်။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ပြီးခေတ်တို့ဖြစ်တယ်။

ကိုလိုနီခေတ်ကို လေ့လာမယ်ဆိုရင် ပထမဦးစွာ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရတာကို မခံမရပ်နိုင်ဖြစ်ရတဲ့ တိုင်းရင်းသားတို့ တောင်ပေါ်မြေပြန့် မကျန် ရရာလက်နက်စွဲကိုင်ပြီး နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့ကြပုံကို လေ့လာဖို့လိုပါတယ်။ ကိုလိုနီခေတ်ဦး လက်နက်ကိုင် တော်လှန်မှုများ ကျဆုံးပြီးနောက် ငုပ်လျှိုးသွားခဲ့တဲ့ မြန်မာတို့ရဲ့အမျိုးသား စိတ်ဓာတ် မကြာမီ ပြန်လည်နိုးကြားလာတဲ့ အပိုင်းကိုလေ့လာတဲ့အခါ ဝိုင်အမ်ဘီအေ ဦးဆောင်တဲ့ အမျိုးသားလှုပ်ရှားမှု၊ ဂျီစီဘီအေ ဦးဆောင်တဲ့ အမျိုးသား လှုပ်ရှားမှုဟူ၍ လေ့လာသင့်တယ်။

ဝိုင်အမ်ဘီအေဦးဆောင်တဲ့ အမျိုးသား လှုပ်ရှားမှုအပိုင်းကို ခုနှစ် အပိုင်းအခြားဖြင့်လည်း လေ့လာသင့်တယ်။ ၁၉ဝ၆ မှ ၁၉၂ဝ ကာလအတွင်း အမျိုးသားစိတ်ဓာတ် နိုးကြားလာခြင်း ဆိုပြီးမေးရင်လည်း ဝိုင်အမ်ဘီအေ ဦးဆောင်တဲ့ အမျိုးသား လှုပ်ရှားမှုကို ဆိုလိုခြင်းဖြစ်ကြောင်း သိဖို့လိုအပ်တယ်။ သမိုင်းဘာသာရပ်မှာ ခုနှစ်၊ သက္ကရာဇ်တိုင်းသိရှိဖို့ မလိုအပ်ပေမယ့် အရေးပါတဲ့ခုနှစ်၊ သက္ကရာဇ်တွေကို သိရမှာဖြစ်တယ်။ ၁၉၂ဝ  ပြည်မြို့မှာ ကျင်းပတဲ့ ဝိုင်အမ်ဘီအေ ညီလာခံအပြီးမှာ ဝိုင်အမ်ဘီအေဟာ နိုင်ငံရေးကို ဆောင်ရွက်ခြင်း မပြုတော့တာ တွေ့ရတယ်။ ဝိုင်အမ်ဘီအေရဲ့ နေရာမှာ နိုင်ငံရေး ဆောင်ရွက်မည့် အသင်းကြီးတစ်သင်း ထွက်ပေါ်လာတယ်။ အဲဒါက ဂျီစီဘီအေဖြစ်တယ်။

၁၉၂ဝ မှ ၁၉၃ဝ ကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းမှာ ဂျီစီဘီအေ ခေါ် မြန်မာ့အသင်းချုပ်ကြီး ဖြစ်တယ်။ ဂျီစီဘီအေအသင်းကြီးဟာ ၁၉၃ဝ မှာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားတယ်။ အဲဒီကာလ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ မြန်မာအမျိုးသမီးများ၏ ကုမ္မာရီအသင်းသည်လည်း တစ်တပ်တစ်အား ပါဝင်ခဲ့ကြတယ်။

ဂျီစီဘီအေ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားလို့ နယ်ချဲ့ဆန့်ကျင်ရေးအတွက် ခိုင်မာတောင့်တင်းတဲ့ အသင်းကြီးတစ်သင်း ပေါ်ပေါက်ဖို့ ပြည်သူတို့ မျှော်လင့်နေချိန်မှာ ပေါ်ပေါက်လာတဲ့ အသင်းဟာ တို့ဗမာ အစည်းအရုံး ဖြစ်တယ်။ တို့ဗမာအစည်းအရုံးကို ၁၉၃ဝ မေ ၃ဝ မှာ စတင်ဖွဲ့စည်းတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု သမိုင်းမှာ တို့ဗမာအစည်းအရုံးရဲ့ အခန်းကဏ္ဍမှာလည်း အရေးပါတယ်။ တို့ဗမာအစည်းအရုံးရဲ့  ကာလအပိုင်းအခြားဟာ ၁၉၃ဝ မှ ၁၉၄၁ အထိ ဖြစ်တယ်ဆိုတာလည်း သိထားသင့်တယ်။

၁၉၃ဝ ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံတွင် ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံပေါ်ပေါက်ခဲ့တယ်။ နယ်ချဲ့ကိုလက်နက်စွဲကိုင် တော်လှန်ခဲ့ခြင်းဖြစ်တယ်။ တောင်သူလယ်သမား အရေးတော်ပုံမှာ အရေးတော်ပုံမတိုင်မီ လယ်သမားတို့အခြေအနေ၊ လယ်သမား အရေးတော်ပုံ ပေါ်ပေါက်လာရခြင်း တို့ကို သီးခြားလေ့လာလို့ ရတယ်။ တို့ဗမာ အစည်းအရုံး ကာလအတွင်းမှာပဲ ခွဲရေးတွဲရေး ပြဿနာပေါ်ပေါက်လာပြန်တယ်။ ခွဲရေး တွဲရေးပြဿနာဟာ အင်္ဂလိပ်တို့ရဲ့သွေးခွဲရေး စီမံချက်တစ်ခုဖြစ်တယ်။

မြန်မာ့သမိုင်းတွင် မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့် ခရစ်နှစ် ၁၉၃၈ ဟာ ထူးခြားတဲ့နှစ်ဖြစ်တယ်။ ဒီနှစ်အတွင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေး လှုပ်ရှားမှုကို ၁၃ဝဝ ပြည့်အရေးတော်ပုံလို့ မော်ကွန်းတင်ခဲ့တယ်။ ၁၃ဝဝ  ပြည့် အရေးတော်ပုံ ဂယက်ကြောင့် မြန်မာတိုင်းရင်းသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်မှုနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုဟာ ပိုမိုပြင်းထန်လာခဲ့တယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံ ဖြစ်ပွားတဲ့ ကာလဟာ ခရစ်သက္ကရာဇ်အားဖြင့် ၁၉၃၈-၁၉၃၉ ကာလဖြစ်တယ်ဆိုတာကိုလည်း သိထားရမှာဖြစ်တယ်။

ဒီကာလမှာ ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီး စတင်ရန် နီးကပ်လာတဲ့ အချိန်ဖြစ်တယ်။ အာရှမှာလည်း ဖက်ဆစ်ဂျပန်တို့ရဲ့ခြိမ်းခြောက်မှုဟာ ပိုမိုများပြားနေတဲ့အချိန်ဖြစ်လို့ မြန်မာတို့က အင်္ဂလိပ်အခက်-ဗမာ့အချက် မူဖြင့် လွတ်လပ်ရေးရရန် ပိုမိုဆောင်ရွက်လာရာမှ ဗမာ့ထွက်ရပ်ဂိုဏ်း ဆိုတာ ပေါ်ပေါက်လာတယ်ဆိုတာ သိထားရမှာဖြစ်တယ်။

မြန်မာ့သမိုင်းမှာ ၁၉၄ဝ-၁၉၄၅ အထိ ကာလအပိုင်းအခြားဟာ အမျိုးသား လွတ်မြောက်မှု တော်လှန်ရေး ဆင်နွှဲတဲ့အပိုင်းဖြစ်တယ်။ ဒီအပိုင်းကို အဆင့်နှစ်ဆင့် ခွဲခြားပြီး လေ့လာသင့်တယ်။ ပထမအဆင့်မှာ ၁၉၄ဝ-၁၉၄၂ ကာလအတွင်း အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခြင်း ဖြစ်တယ်။ အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ခြင်းကိုလည်း ထပ်မံပိုင်းခြားလေ့လာလို့ ရတယ်။ ဥပမာ-ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ၊ ဘီဒီအေ ဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်။ အမျိုးသား လွတ်မြောက်မှု တော်လှန်ရေး ဆင်နွှဲတဲ့ ဒုတိယအဆင့်မှာ ဖက်ဆစ်ဂျပန် တော်လှန်ရေး(၁၉၄၂-၁၉၄၅)ဖြစ်တယ်။ ဒီအပိုင်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေး ဆင်နွှဲရန် ဖန်တီးပေးတဲ့ အခြေအနေများ၊ အခြေခံသဘောထားနှင့် အစီအမံများ၊ အောင်မြင်မှုများဟူ၍ အပိုင်းပိုင်းပြီး လေ့လာဖို့လိုပါတယ်။

လွတ်လပ်ရေးရယူခြင်းအပိုင်းကို လေ့လာရာတွင်  ဖဆပလအဖွဲ့အနေဖြင့် ဘုရင်ခံ အမှုဆောင်ကောင်စီတွင် မပါဝင်မီနဲ့ ပါဝင်ပြီးနောက်ပိုင်း အခြေအနေတို့ကို လေ့လာဖို့လိုတယ်။  လွတ်လပ်ရေးအရယူခြင်း ခေါင်းစဉ်ရဲ့အောက်မှာ စက္ကူဖြူစာတမ်း၊ နေသူရိန်လူထု အစည်းအဝေး၊ ကန္ဒီကွန်ဖရင့်၊ အလယ်ပစ္စယံအစည်းအဝေး၊ အောင်ဆန်းအက်တလီစာချုပ်၊ ပင်လုံညီလာခံ၊ နု-အက်တလီစာချုပ်ဆိုပြီး ရှိတယ်။

အင်္ဂလိပ်ခေတ်၊ တစ်နည်းအားဖြင့် ကိုလိုနီခေတ်ကို လေ့လာရာမှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုပြီး သီးခြားခွဲလေ့လာရမှာဖြစ်တယ်။ အုပ်ချုပ်ရေးမှာ ဒိုင်အာခီမတိုင်မီအုပ်ချုပ်ရေး၊ ဒိုင်အာခီအုပ်ချုပ်ရေး၊ ၉၁ ဌာနအုပ်ချုပ်ရေး ဆိုပြီးရှိတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေးဟာ ၁၉၂၃ မှ ၁၉၃၇ အတွင်းအုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တို့ရဲ့ အုပ်ချုပ်ရေးဖြစ်တယ်ဆိုတာကိုသိထားရမယ်။ ဒီအုပ်ချုပ်ရေးဟာ သွေးခွဲအုပ်ချုပ်ရေးဖြစ်လို့ ပြည်သူတို့က မကျေနပ်တဲ့အတွက် အုပ်ချုပ်ရေးအသစ် ဖန်တီးပေးဖို့ အင်္ဂလိပ်တို့က စီစဉ်လာပြန်တယ်။ အဲဒါကြောင့် ၉၁ ဌာန အုပ်ချုပ်ရေးပေါ်လာတယ်။ ဒီ ၉၁ ဌာနအုပ်ချုပ်ရေးကို ၁၉၃၇ မှ ၁၉၄၁ အတွင်းအုပ်ချုပ်ခဲ့တယ်။ ၉၁ ဌာနအုပ်ချုပ်ရေး အတွင်းမှာပဲ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့တယ်။ စစ်အပြီးမှာ အင်္ဂလိပ်တို့ရဲ့ အုပ်ချုပ်ရေး ပြန်စလာတဲ့အခါ စစ်အုပ်ချုပ်ရေး၊ မြို့ပြအုပ်ချုပ်ရေးနဲ့၊ အမျိုးသားယာယီအစိုးရဆိုပြီးတွေ့ရမယ်။ အဲဒါတွေဟာ ဒုတိယကမ္ဘာစစ်ပြီးခေတ် အင်္ဂလိပ်တို့ရဲ့ အုပ်ချုပ်ရေးဖြစ်တယ်။ ကိုလိုနီခေတ်အုပ်ချုပ်ရေး စနစ်ကိုလေ့လာပြီးတဲ့ နောက်မှာ ကိုလိုနီခေတ် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကို ဆက်လက် လေ့လာရမှာဖြစ်တယ်။

ဂျပန်ခေတ်ကို လေ့လာရာမှာ ဂျပန်ခေတ် အုပ်ချုပ်ရေး၊ ဂျပန်ခေတ်စီးပွားရေး ဆိုပြီးလေ့လာသင့်သလို လူမှုရေး၊ ယဉ်ကျေးမှု ကဏ္ဍကိုလည်း လေ့လာသင့်တယ်။

လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ အခြေအနေကိုလေ့လာရာမှာ ၁၉၄၈-၁၉၅၈ ခုနှစ် ကာလအပိုင်းအခြားဟာ ဖဆပလ အစိုးရ အုပ်ချုပ်တဲ့ကာလဖြစ်တယ်။ ဒီကာလအတွင်း  ပြည်တွင်းရောင်စုံ သောင်းကျန်းသူများ ပေါ်ပေါက်လာပုံ၊ ဖဆပလပြိုကွဲပုံတွေကို လေ့လာရမှာဖြစ်တယ်။ ပြည်တွင်း ဆူပူသောင်းကျန်းမှုများအပြင်  ပြည်ပအန္တရာယ်ဖြစ်တဲ့ တရုတ်ဖြူ ကိုမင်တန် ကျူးကျော်မှုကိုလည်း တွေ့ရမှာဖြစ်တယ်။ ဖဆပလပြိုကွဲခြင်းကြောင့် အိမ်စောင့်အစိုးရ ပေါ်ပေါက်လာခြင်း ဖြစ်တယ်ဆိုတာ သိရပါမယ်။

မြန်မာ့သမိုင်းတွင် ၁၉၅၈-၁၉၆ဝ ကာလဟာ အိမ်စောင့်အစိုးရ တာဝန်ယူတဲ့ ကာလဖြစ်တယ်။ ဒီအပိုင်းမှာ အိမ်စောင့်အစိုးရ ပေါ်ပေါက်လာပုံ၊ အိမ်စောင့်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းစဉ်ကြီးလေးရပ်၊ အိမ်စောင့်အစိုးရရဲ့ အောင်မြင်မှု ဒါမှမဟုတ် ဆောင်ရွက်ချက်များကို လေ့လာသင့်တယ်။

မြန်မာ့သမိုင်းတွင် ၁၉၆ဝ-၁၉၆၂ အထိကာလဟာ ပြည်ထောင်စု(ပထစ)အစိုးရ တာဝန်ယူခဲ့တဲ့ ကာလဖြစ်တယ်။ ဒီကာလအတွင်း ပြည်ထောင်စုကြီးပြိုကွဲရမယ့် အခြေအနေနဲ့ရင်ဆိုင်ခဲ့ရပုံတွေကို လေ့လာသင့်တယ်။ ဒီအခြေအနေဟာ တော်လှန်ရေးကောင်စီကို ပေါ်ပေါက်လာစေတယ်ဆိုတာလည်း သိထားရမယ်။

မြန်မာ့သမိုင်းသင်ရိုးမှာ ဖဆပလ၊ အိမ်စောင့်အစိုးရ၊ ပထစအစိုးရများလက်ထက် ယေဘုယျအခြေအနေတွေကို ထည့်သွင်းထားတယ်။ ယေဘုယျ အခြေအနေများဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခြေအနေတွေကိုလည်း လေ့လာသင့်တယ်။

လွတ်လပ်ပြီးခေတ် မြန်မာ့သမိုင်းမှာ ၁၉၆၂-၁၉၇၄ အထိကာလကို တော်လှန်ရေး ကောင်စီအစိုးရက တာဝန်ယူအုပ်ချုပ်ခဲ့ပြီး ၁၉၇၄-၁၉၈၈ အထိကာလဟာ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်ဖြစ်တယ်။ တော်လှန်ရေးကောင်စီခေတ်နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ကာလရဲ့ ယေဘုယျအခြေအနေများ ဖြစ်တဲ့  နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကိုလည်း လေ့လာသိရှိဖို့ လိုအပ်တယ်။

ဒါ့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရနဲ့ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရများ လက်ထက်  အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခြေအနေတွေကို လေ့လာရမှာဖြစ်တယ်။

ဆက်လက်ပြီး ကမ္ဘာ့သမိုင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာတွေကို တင်ပြသွားပါမယ်။ ပထမဦးစွာ ပထမကမ္ဘာစစ် အကြောင်းကို လေ့လာမယ်ဆိုရင် စစ်ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို သိရှိဖို့လိုပါတယ်။ စစ်ဖြစ်ပွားရတဲ့ အကြောင်းရင်းမှာလည်း အခြေခံအကြောင်းရင်းနဲ့ လတ်တလော အကြောင်းရင်းဟူ၍ နှစ်ပိုင်းရှိတယ်။ အခြေခံ အကြောင်းရင်းတွေဟာ လေးချက်ရှိတယ်။  အဲဒါတွေက

     - ကိုလိုနီအပြိုင်အဆိုင်ရှာဖွေခြင်း

      - အမျိုးသားစိတ်ဓာတ်ပြင်းထန်လာခြင်း

      - မဟာမိတ်စစ်အုပ်စုအပြိုင်အဆိုင်ဖွဲ့စည်းခြင်း

      - လက်နက်အပြိုင်တပ်ဆင်ခြင်း

တို့ဖြစ်တယ်။ စစ်ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းအပြင် လတ်တလော အကြောင်းရင်းကိုလည်း လေ့လာရမှာဖြစ်တယ်။ ဒီအခြေအနေမှ တစ်ဆင့် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာရတယ်။

ပထမကမ္ဘာစစ်ရဲ့ အကျိုးသက်ရောက်မှုများအနေနဲ့ ပါရီငြိမ်းချမ်းရေး ညီလာခံ၊ ဗာဆိုင်းစာချုပ်တွေကို လေ့လာဖို့လိုပါမယ်။ ဗာဆိုင်းစာချုပ်မှာပါတဲ့ နယ်မြေပိုင်းခြား သတ်မှတ်ရေး၊ ဂျာမနီလက်နက် လျှော့ပေါ့ရေး၊ စစ်လျော်ကြေးနဲ့ အထွေထွေစီမံချက်များဟာ မဟာမိတ်တို့ အလိုကျ တစ်ဖက်သတ် ချုပ်ဆိုထားတဲ့စာချုပ်ဖြစ်တယ်။ ဒါကြောင့် ဂျာမနီအင်အား ပြန်ကောင်းလာတဲ့အခါ ဗာဆိုင်းစာချုပ်ပါ အချက်များကို ချိုးဖောက်လာရာက ဥရောပနိုင်ငံရေးမှာ ပြဿနာများ ပေါ်ပေါက်လာပြီး ဒုတိယကမ္ဘာစစ်ဖြစ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရကြောင်းကို လေ့လာသိရှိဖို့ လိုအပ်တယ်။

နိုင်ငံပေါင်းချုပ်အသင်းကြီးကို လေ့လာမယ်ဆိုရင် ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီးရဲ့ လူမှုရေး လုပ်ငန်းများနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းများကို လေ့လာရမှာဖြစ်တယ်။

ကမ္ဘာ့သမိုင်းမှာ ပထမကမ္ဘာစစ်အပြီး ထူးခြားတဲ့ဖြစ်စဉ်ကတော့ ဆိုရှယ်လစ်ရုရှနိုင်ငံ ပေါ်ပေါက်လာခြင်းဖြစ်တယ်။ ဆိုရှယ်လစ်ရုရှနိုင်ငံနဲ့ ပတ်သက်ပြီးလေ့လာရာမှာ ၂ဝ ရာစုဦး ရုရှနိုင်ငံ အခြေအနေ၊ ၁၉ဝ၅ တော်လှန်ရေး၊ ၁၉၁၇ ဖေဖော်ဝါရီတော်လှန်ရေး၊ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးဆိုပြီး သီးခြားလေ့လာရမှာ ဖြစ်တယ်။ ဒါ့အပြင် ဖေဖော်ဝါရီ တော်လှန်ရေးဟာ ဘူဇွာတော်လှန်ရေး ဖြစ်တယ်ဆိုတာ၊ အောက်တိုဘာ တော်လှန်ရေးဟာ ဆိုရှယ်လစ်တော်လှန်ရေး ဖြစ်တယ်ဆိုတာကိုလည်း သိထားသင့်တယ်။

ပထမကမ္ဘာစစ်အပြီးမှာ အမျိုးသား လှုပ်ရှားမှုများ ပိုမိုအားကောင်းလာတယ်။ အမျိုးသားလှုပ်ရှားမှု အပိုင်းကို လေ့လာမယ်ဆိုရင် အိန္ဒိယ၊ အရှေ့တောင်အာရှ၊ တရုတ်ဟူ၍ ဒေသအလိုက် လေ့လာသင့်တယ်။

အိန္ဒိယမှာလည်း စစ်ပါရီအရေးတော်ပုံ၊ အိန္ဒိယအမျိုးသား ကွန်ဂရက်၊ တိလတ်၏ ဆွာရဂျ်ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး လှုပ်ရှားမှုနဲ့ ဂန္ဒီရဲ့အမျိုးသား လှုပ်ရှားမှုကို အပိုင်းလိုက် လေ့လာရမှာဖြစ်တယ်။  ဂန္ဒီရဲ့ အမျိုးသား လှုပ်ရှားမှုအပိုင်းမှာလည်း ဂန္ဒီနဲ့ကွန်ဂရက်ပါတီ လှုပ်ရှားမှုနဲ့ ၁၉၂၁ နောက်ပိုင်း ဂန္ဒီ၏ ဦးဆောင်မှုဟူ၍ ပိုင်းခြားပြီး လေ့လာနိုင်တယ်။

အရှေ့တောင်အာရှ အမျိုးသားလှုပ်ရှားမှုမှာလည်း နိုင်ငံအလိုက် သီးခြားခွဲပြီး လေ့လာကျက်မှတ်ရမယ်။ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အမျိုးသားလှုပ်ရှားမှုမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊  အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်တို့ပါရှိတယ်။

တရုတ်အမျိုးသား လှုပ်ရှားမှုတွေမှာလည်း ရှေးဦးအမျိုးသား လှုပ်ရှားမှု၊ ၁၉၁၁ ဘူဇွာတော်လှန်ရေး၊ မေ ၄ အရေးတော်ပုံဆိုပြီး ပါရှိတယ်။

ပထမကမ္ဘာစစ်အပြီး ဥရောပနိုင်ငံတွေမှာ ကြီးမားတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ကို ချမှတ်ပြီး ပြဿနာများကို ဖြေရှင်းပေမယ့် မအောင်မြင်ခဲ့တဲ့ အခြေအနေကို တွေ့ရတယ်။ ဒါကြောင့် နိုင်ငံအချို့မှာ အမျိုးသားဝါဒနဲ့ စစ်ဝါဒကို အခြေခံတဲ့ အရင်းရှင်စနစ်ရဲ့ အကြမ်းတမ်းဆုံးနဲ့ အဆိုးရွားဆုံးဖြစ်တဲ့ ဖက်ဆစ်အာဏာရှင်စနစ် ပေါ်ပေါက်လာခဲ့တယ်။ ဖက်ဆစ်စနစ်ဟာ အီတလီမှာ  ရှေးဦးစွာပေါ်ပေါက်လာပြီး ဂျာမနီ၊ ဂျပန်နိုင်ငံတွေမှာ ဆက်လက်ပေါ်ပေါက်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို လေ့လာရင် အခြေခံ အကြောင်းရင်းများနဲ့ လတ်တလော အကြောင်းဟူ၍ နှစ်ပိုင်းလေ့လာဖို့လိုတယ်။ စစ်ဖြစ်ရသည့် အခြေခံအကြောင်း ရင်းများကို သီးခြားခေါင်းစဉ်ခွဲများဖြင့် ဖော်ပြထားတယ်။ အဲဒီအခြေခံ အကြောင်းရင်းများမှာ

     -အရင်းရှင်နိုင်ငံအချင်းချင်းပဋိပက္ခဖြစ်ခြင်း

    -နိုင်ငံပေါင်းချုပ်အသင်းကြီး အားနည်းလာခြင်း

    -မဟာမိတ်စစ်အုပ်စုများအပြိုင်အဆိုင်ဖွဲ့စည်းလာခြင်း

    -လက်နက်အပြိုင်တပ်ဆင်ခြင်း

    -ဖက်ဆစ်နယ်ချဲ့ကျူးကျော်မှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး ပျက်ပြားလာခြင်း

တို့ဖြစ်တယ်။ ဖက်ဆစ်နယ်ချဲ့ ကျူးကျော်မှုများမှာ မန်ချူးရီးယားအရေး၊ အီသီယိုးပီးယားအရေး၊ စပိန် ပြည်တွင်းစစ်၊ ‘စတြီးယားကိုသိမ်းပိုက်ခြင်းနဲ့ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်ခြင်း စသည်တို့ ဖြစ်တယ်။ ဒါတွေကို တစ်ခုချင်း လေ့လာရမှာဖြစ်တယ်။ အဆိုပါ ကျူးကျော်မှုတွေဟာ စစ်ဖြစ်ဖို့ ဦးတည်လာခြင်း ဖြစ်တယ်။ အဲဒီအခြေအနေမှာ ပိုလန်ကို ဂျာမန်တို့ ကျူးကျော်လိုက်ရာမှ တစ်ဆင့် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားရတယ်။

          ဒုတိယကမ္ဘာစစ်ရဲ့အကျိုးသက်ရောက်မှုတွေကတော့ အမေရိကန်ပြည်ထောင်စု ထိပ်သီး အင်အားကြီးနိုင်ငံဖြစ်လာခြင်း၊ ဆိုဗီယက်နိုင်ငံ ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်လာခြင်းနဲ့ ကိုလိုနီ လက်အောက်ခံနိုင်ငံများ လွတ်လပ်ရေး ရရှိလာခြင်းတို့ဖြစ်တယ်။

          ဒုတိယကမ္ဘာစစ်ပြီး ကာလ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဟာလည်း ကမ္ဘာ့သမိုင်းမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်။ အသင်းကြီး ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ ဆောင်ရွက်ချက်များကို သီးခြားလေ့လာသိရှိဖို့ လိုအပ်တယ်။ ဒုတိယကမ္ဘာစစ်ပြီး ကာလတွင် ဥရောပ ၌ ဆိုရှယ်လစ်စနစ် ကျယ်ပြန့်လာတယ်။

          ဂျာမန်လက်အောက်ခံ အရှေ့ဥရောပနိုင်ငံများတွင် နာဇီဆန့်ကျင်ရေး၊ ပြည်သူ့လွတ်မြောက် ရေး စစ်ပွဲများ ဆင်နွှဲရာမှာ ဆိုဗီယက်နိုင်ငံမှ အကူအညီများပေးခဲ့တယ်။ ဒုတိယကမ္ဘာစစ်ပြီး ကာလတွင် အရှေ့ဥရောပနိုင်ငံတွေဟာ ဆိုဗီယက်အကူအညီနဲ့ ဆိုရှယ်လစ် အစိုးရများကို ထူထောင်ခဲ့ကြတယ်။

          ဒုတိယကမ္ဘာစစ်အပြီးတွင် လွတ်မြောက်သော အရှေ့ဥရောပနိုင်ငံများအား စုစည်းကာ ဆိုဗီယက်ဦးဆောင်တဲ့ ဆိုရှယ်လစ်အုပ်စုအဖြစ် ပေါ်ပေါက်လာခြင်းဟာ ထူးခြားတဲ့ သမိုင်းဖြစ်ရပ်တစ်ခု ဖြစ်တယ်။

          ဒုတိယကမ္ဘာစစ်ပြီး ကာလမှာ ပေါ်ပေါက်လာခဲ့တဲ့ စစ်အေးဟာလည်း ထူးခြားတဲ့ သမိုင်းဖြစ်စဉ် တစ်ခုဖြစ်တယ်။ စစ်အေးအကြောင်း လေ့လာတဲ့အခါ စစ်အေးရဲ့သဘောနဲ့ ပေါ်ပေါက်လာပုံတို့ကို လေ့လာသင့်တယ်။

          ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့အခါ အမေရိကန်နိုင်ငံဟာ စစ်ဒဏ်မှကင်းလွတ်ပြီး ထိပ်သီး အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့တယ်။ စစ်ဒဏ်ကြောင့် အင်အားကျဆင်းခဲ့ရတဲ့ ဥရောပ အင်အားကြီးနိုင်ငံများဖြစ်ကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံတို့ကို စစ်ရေး၊ စီးပွားရေး အကူအညီများပေး၍ ခေါင်းဆောင်နေရာကို ရယူခဲ့တယ်။ ဒါကြောင့် အမေရိကန် ဦးဆောင်တဲ့ အုပ်စုကို အနောက်အုပ်စု (သို့) အရင်းရှင်အုပ်စု (သို့) လက်ယာအုပ်စု လို့ခေါ်တယ်။ ဆိုဗီယက်နိုင်ငံ ဟာ စစ်ဒဏ်ခံခဲ့ရတဲ့ ပိုလန်၊ ချက်ကိုစလိုဗားကီးယား၊ ရူမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ စတဲ့ အရှေ့ ဥရောပနိုင်ငံများကို ဦးဆောင်လာပြီး ဆိုဗီယက်ဦးဆောင်တဲ့ အုပ်စုကို အရှေ့အုပ်စု (သို့) ကွန်မြူနစ်အုပ်စု (သို့) လက်ဝဲအုပ်စု လို့ခေါ်တယ်။ ဒီအုပ်စုနှစ်စုဟာ နိုင်ငံရေး၊ စီးပွားရေး ခံယူချက် တူညီမှုမရှိသကဲ့သို့ အမြင်ချင်း တူညီမှုလည်း မရှိတာကိုတွေ့ရတယ်။

          အနောက်ဥရောပနိုင်ငံများ အနေနဲ့လည်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်ခဲ့တယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအပြင် စစ်ရေးအရလည်း  ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလာကြတယ်။ ထင်ရှားတဲ့သာဓက တွေကတော့ -

    ၁.  မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)

    ၂.   အန်ဇတ် (ANZUS)

    ၃.   အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO)

    ၄.   ဗဟိုစာချုပ်အဖွဲ့ (CENTO)များဖွဲ့စည်းခြင်းဖြစ်တယ်။

      ဆိုဗီယက်နိုင်ငံကလည်း အရှေ့ဥရောပနိုင်ငံများမှာ ဆိုဗီယက်နိုင်ငံကဲ့သို့သော ကွန်မြူနစ် စနစ်အခြေခံသော စီးပွားရေးစီမံကိန်းများချမှတ်၍ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် အတွက် ဝါဆော (CENTO) စစ်စာချုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ အရှေ့အုပ်စုနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက် အုပ်စုတို့ဟာ စစ်အုပ်စုများအပြိုင်အဆိုင် ဖွဲ့စည်းပြီးနောက် မဟာဗျူဟာ လက်နက်များအပြိုင်အဆိုင် တပ်ဆင်လာကြတယ်။

          စစ်အေးကာလမှာ နိုင်ငံတကာ အရေးအခင်းများလည်း ပေါ်ပေါက်လာတယ်။ ထင်ရှားတဲ့ နိုင်ငံတကာ အရေးအခင်းတွေကတော့

    ၁.  ဂျာမန်ပြဿနာ၊ ဘာလင်ပိတ်ဆို့မှု

    ၂.   ကိုရီးယားစစ်

    ၃.  စူးအက်အရေးအခင်း        

    ၄.  ကျူးဘားဒုံးပျံအရေးအခင်း

တို့ဖြစ်တယ်၊ နိုင်ငံတကာ အရေးအခင်းတွေ ဘယ်လိုပေါ်ပေါက်လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို မည်ကဲ့သို့ ခြိမ်းခြောက်ခဲ့ပုံကို လေ့လာသင့်တယ်။

    ကမ္ဘာ့သမိုင်းတွင် ဆိုရှယ်လစ်ရုရှနိုင်ငံ အပြောင်းအလဲဖြစ်ခြင်း၊ ဆိုရှယ်လစ်အုပ်စု ပြိုကွဲခြင်းနှင့် စစ်အေးကာလ ပြီးဆုံးခြင်း ခေါင်းစဉ်တွေကလည်း နိုင်ငံတကာရေးရာမှာ ထူးခြားတဲ့ ခေါင်းစဉ်များ ဖြစ်တဲ့အတွက် လေ့လာသင့်တယ်။

     ကမ္ဘာ့သမိုင်းသင်ရိုးတွင် အာရှနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြောင်းကိုလည်း လေ့လာရမှာဖြစ်တယ်။ အလားတူ အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကိုလည်း လေ့လာသင့်တယ်။ ၁၉၄၅ မှ ၁၉၅၂ အထိ အသိမ်းပိုက်ခံ ကာလအနေအထားနဲ့ ခေတ်ပြိုင်ဂျပန်နိုင်ငံ အနေအထားတွေကို သိရှိရမှာဖြစ်တယ်။

    ကမ္ဘာ့သမိုင်းကို လေ့လာရာမှာ အရှေ့တောင်အာရှ ဒေသကိုလည်း လေ့လာသင့်တယ်။ အရှေ့တောင်အာရှဒေသမှာ နိုင်ငံတစ်နိုင်ငံချင်းရဲ့ နိုင်ငံသစ်များ ပေါ်ပေါက်လာခြင်းနှင့် နိုင်ငံတော် တည်ဆောက်ရေး ကြိုးပမ်းမှုများကို လေ့လာသိရှိရမှာဖြစ်တယ်။အရှေ့တောင်အာရှသမိုင်းကို လေ့လာရာမှာ အာဆီယ ံ(အရှေ့တောင်အာရှနိုင်ငံများ အသင်း) ဟာ အရေးပါတဲ့အတွက် လေ့လာသင့်တယ်။

       ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ဘက်မလိုက်လှုပ်ရှားမှု၊ မြန်မာနိုင်ငံနှင့် ဘင်းမ်စတက်အဖွဲ့၊ မြန်မာနိုင်ငံနှင့် မဟာမဲခေါင်ဒေသခွဲ ဖွံ့ဖြိုး တိုးတက်ရေး တို့ကိုလည်း လေ့လာသိရှိဖို့ လိုအပ်တယ်။

     တက္ကသိုလ်ဝင်စာမေးပွဲ၊ သမိုင်းဘာသာရပ်ရဲ့ မေးခွန်းဟာ အပိုင်း (က)၊ အပိုင်း (ခ)၊ အပိုင်း (ဂ)၊ အပိုင်း (ဃ) ဟူ၍ အပိုင်းလေးပိုင်း ပါဝင်မှာဖြစ်တယ်။ မေးခွန်းအပိုင်း လေးပိုင်းလုံးကို ဖြေဆို   ရမှာဖြစ်တယ်။

      မေးခွန်း အပိုင်း (က) မှာ နံပါတ် ၁။ (က)၊ ၁။ (ခ)၊ ဆိုပြီး ပါရှိမှာဖြစ်တယ်။ နံပါတ် ၁။ (က) မေးခွန်းက အောက်ပါကွက်လပ်များ၌ ဖြည့်စွက်ရမည့် အဖြေများကို အဖြေစာအုပ်တွင် ရေးပါ။ ဟူ၍ဖြစ်တယ်။ မြန်မာ့သမိုင်းမှ (၅) ပုဒ်၊ ကမ္ဘာ့သမိုင်းမှ (၅) ပုဒ်၊ စုစုပေါင်း (၁ဝ) ပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ (၁) မှတ်ဖြစ်ပြီး စုစုပေါင်း ရမှတ်မှာ (၁ဝ) မှတ် ဖြစ်တယ်။

      မေးခွန်း အပိုင်း (က) ၏ နံပါတ် ၁။ (ခ) မေးခွန်းမှာ အောက်ဖော်ပြပါ မေးခွန်းတစ်ခုစီ အတွက် ပေးထားသောအဖြေ (က)၊ (ခ)၊ (ဂ) တို့အနက်မှ အဖြေမှန်တစ်ခုကို အဖြေစာအုပ်တွင် ရေးပါ ဟူ၍ဖြစ်တယ်။ မှန်တဲ့အဖြေကို အဖြေစာအုပ်မှာ ရေးရမှာဖြစ်တယ်။ မြန်မာ့သမိုင်းမှ (၅) ပုဒ်၊     ကမ္ဘာ့သမိုင်းမှ (၅) ပုဒ်၊ စုစုပေါင်း (၁ဝ) ပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ (၁) မှတ်ဖြစ်ပြီး စုစုပေါင်း ရမှတ်မှာ (၁ဝ) မှတ် ဖြစ်တယ်။

      မေးခွန်းအပိုင်း (က)တစ်ခုလုံးဟာ ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြစ်တဲ့အတွက် ယခု ပညာသင်နှစ် အတွက် ပြဋ္ဌာန်းထားတဲ့ သင်ရိုးတစ်ခုလုံးကို လွှမ်းခြုံအောင် မေးထားတာဖြစ်တယ်။ ကျောင်းသူ ကျောင်းသားများရဲ့ ဘာသာရပ်ပိုင်နိုင်မှုကို ဆန်းစစ်ထားတဲ့ မေးခွန်းများဖြစ်တယ်။

       မေးခွန်း အပိုင်း (ခ) မှာ မှတ်စုတိုမေးခွန်းဖြစ်ပြီး မြန်မာ့သမိုင်းမှတ်စုတို (၄) ပုဒ်နဲ့ ကမ္ဘာ့သမိုင်း မှတ်စုတို (၄) ပုဒ်တို့ ပါရှိမှာဖြစ်တယ်။ ယင်းတို့အနက်မှ ကြိုက်နှစ်သက်ရာ မှတ်စုတို (၄) ပုဒ် ကို ဖြေဆိုရမှာဖြစ်တယ်။ မှတ်စုတိုတစ်ပုဒ် ရမှတ်မှာ (၅) မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ (၂ဝ) မှတ်ဖြစ် တယ်။

      မေးခွန်း အပိုင်း (ဂ) မှာ မြန်မာ့သမိုင်း မေးခွန်းများဖြစ်ပြီး စုစုပေါင်း (၄) ပုဒ် ပါရှိမှာ ဖြစ်တယ်။ ယင်း (၄) ပုဒ်အနက်မှ ကြိုက်နှစ်သက်ရာ (၂) ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ (၁၅) မှတ်ဖြစ်ပြီး (၂) ပုဒ်အတွက် စုစုပေါင်း ရမှတ်မှာ (၃ဝ) မှတ် ဖြစ်တယ်။

      မေးခွန်း အပိုင်း (ဃ) မှာ ကမ္ဘာ့သမိုင်း မေးခွန်းများဖြစ်ပြီး စုစုပေါင်း (၄) ပုဒ် ပါရှိမှာ ဖြစ်တယ်။ ယင်း (၄) ပုဒ်အနက်မှ ကြိုက်နှစ်သက်ရာ (၂) ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ (၁၅) မှတ်ဖြစ်ပြီး (၂) ပုဒ်အတွက် စုစုပေါင်း ရမှတ်မှာ (၃ဝ) မှတ် ဖြစ်တယ်။ မေးခွန်း အပိုင်း (ဂ) နဲ့ အပိုင်း (ဃ) ဟာ သမိုင်းကြောင်းအချက်အလက်များ၊ သမိုင်းစဉ်ဆက်စပ်မှုများကို မေးထားတဲ့မေးခွန်းများ ဖြစ်တယ်။

      ကျောင်းသူကျောင်းသားများကို မှာချင်တာကတော့

    ၁။ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာအချက်အလက်များနဲ့ သမိုင်းစဉ်ဆက်စပ်မှုကို အထူး သတိထားပြီးလေ့လာရန်

    ၂။ ယခု ပညာသင်နှစ်အတွက် ပြဋ္ဌာန်းထားတဲ့ သင်ခန်းစာများကို ကောင်းစွာ လေ့လာထားရန်

    ၃။  မေးခွန်းကို သေသေချာချာဖတ်ပြီး မေးခွန်းနဲ့သက်ဆိုင်ရာကိုသာ ရေးဖြေရန် လိုကြောင်း တင်ပြရင်း ပို့ချချက်ကိုရပ်နားလိုက်ပါတယ်။

ဒေါက်တာသင်းသင်းအေး ၊ပါမောက္ခဌာနမှူး၊သမိုင်းဌာန၊ရန်ကုန်တက္ကသိုလ်