ဝေဖန်စရာဖြစ်လာသည့် ထရမ့်၏ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေးပြဿနာ

အမေရိကန်၌ သမ္မတရွေးကောက်ပွဲ ကျင်းပရန် အချိန်တစ်လကျော်သာလိုပြီး သမ္မတဒေါ်နယ်ထရမ့် ၏ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေး၊ မပေးရေးကိစ္စရပ်များက ဝေဖန်မှုများစွာ ဖြစ်ပေါ်လာ လျက်ရှိသည်။

ပုံမှန်ဆိုလျှင် လက်ရှိသမ္မတက ၎င်းသာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့လျှင် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးမည့်အကြောင်း ယခုထက်စောစီးစွာ လူသိရှင်ကြားထုတ်ဖော် ပြောဆိုလေ့ရှိသည်။ ထရမ့်ရှေ့တွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတသက်တမ်းနှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့သော အိုဘားမား သည်လည်း ထုံးစံအတိုင်း ဆောင်ရွက်ခဲ့ကာ ယခု ထရမ့်ကတော့ စက်တင်ဘာ နောက်ဆုံးပတ်  ရောက်လာသည့်တိုင် ငြိမ်းချမ်းစွာအာဏာ လွှဲပြောင်းရေးကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန်   နှစ်ကြိမ်ဆက်တိုက် ငြင်းဆန်ထားသည်။

ထရမ့်၏ အကြောင်းပြချက်က စာတိုက်မဲပေးစနစ်မှာ သက်သေအထောက်အထားမရှိသဖြင့် မဲ မသမာမှုများ ပြုလုပ်နိုင်၍ အယုံအကြည်မရှိဟူသော အချက်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် အမေရိ ကန်လူဦးရေ သန်း ၈၀ ခန့်က စာတိုက်မဲပေးစနစ်မှ မဲထည့်ကြမည်ဖြစ်သည်။ ထိုအထဲမှ အများစုက ဒီမိုကရက်တစ်တို့ဖြစ်သောကြောင့်လည်း ထရမ့်က မယုံကြည်နိုင်ဖြစ်နေခြင်း ဖြစ်သည်။ လက်ရှိ   လူထုထောက်ခံမှု စစ်တမ်းများတွင်လည်း ထရမ့်က ဂျိုးဘိုင်ဒင် နောက်မှ ရပ်တည်နေသောကြောင့် ပို၍ အမြင်မကြည်ဖြစ်နေခြင်း ဖြစ်သည်။

ပုံမှန်အတိုင်းကျင်းပသော အမေရိကန် ရွေးကောက်ပွဲဆိုလျှင် အိမ်ပတ်ဝန်းကျင်၌ရှိသည့် မဲရုံများသို့ သွားရောက်၍ မဲထည့်ရုံသာ ဖြစ်သော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်မှုများကြောင့် စာတိုက်မဲပေးစနစ်ကို မဖြစ်မနေ အသက်သွင်းခဲ့ရခြင်းဖြစ်ကာ ထိုအတွက် စိုးရိမ်မှုများစွာလည်း ရှိနေသည်။

သန်းဆယ်ချီသော အမေရိကန်လူငယ်များက စာတိုက်မဲပေးစနစ်ကို အလေ့အကျင့်မရှိကြသေး သည့်အတွက် အခက်အခဲများ တွေ့ကြုံပြီး ပယ်မဲများလာမည့် အရေးကိုလည်း အမေရိကန် ပါတီကြီး နှစ်ခုစလုံးက စိုးရိမ်နေကြကာ မဲရေတွက်မည့် ခရိုင်မဲရုံများသို့ စာတိုက်မှ မဲအိတ်များ အချိန်မီပို့ပေး နိုင်မည်လားဆိုသည့် သံသယများစွာလည်း ရှိနေသည်။

ထိုအချိန် ရီပတ်ပလီကန်ထောက်ခံသူ အမေရိကန်စာတိုက်မှူး ဒီဂျိုင်း၏ မဲရုံအသုံး စရိတ်လျှော့ ချမည်ဟူသော သြဂုတ်လကြေညာချက်ကြောင့်လည်း စာတိုက်မဲ အများဆုံးပေးမည့် ဒီမိုကရက် တစ်တို့ အမျက်ဒေါသထွက်ခဲ့ရပြန်ကာ အောက်လွှတ်တော်၌ ဒီဂျိုင်းကို ကြားနာရန်   ဆင့်ခေါ်သည် အထိဖြစ်ခဲ့သည်။ သန်းကြွယ် သူဌေး အမေရိကန်စာတိုက်မှူး ဒီဂျိုင်းက ရီပတ်ပလီကန်ပါတီ၏ အမာခံထောက်ခံသူ ဖြစ်ရုံသာမက နှစ်စဉ် ရန်ပုံငွေမြောက်မြားစွာ လှူဒါန်းနေသူဖြစ်သည်။

သို့သော် ယခုအခါ ဒီဂျိုင်းလည်း စာတိုက်အသုံးစရိတ်လျှော့ချရန် မဖြစ်နိုင်တော့သည့်အပြင် ဒီမိုကရက်တစ်တို့ ကြီးစိုးထားသော အောက်လွှတ်တော်၌ ခရိုင်မဲရုံများသို့ မဲအိတ်များ   အချိန်မီပို့ပေး ရမည် ဟူသော ကတိကိုပင် ပေးခဲ့ရပြီဖြစ်သည်။

အမေရိကန်၌ ရွေးကောက်ပွဲဂယက်နှင့်အတူ တစ်ဖန်တွေ့ကြုံလာရသည်က အနည်းငယ်ငြိမ်သက် နေခဲ့သော ဝစ်ကွန်ဆင်နှင့် လူဝီစီယားနားပြည်နယ်တို့မှ လူမည်းများ၏ အသက်လည်း အရေးပါ သည်ဟူသည့် BLM လှုပ်ရှားမှုပြန်လည် ခေါင်းထောင်လာခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန် အလယ် ပိုင်း ဒေသများ၌ ဗိုင်းရပ်ကူးစက်မှုများကလည်း ပိုမိုဆိုးရွားလာကာ စက်တင်ဘာလ အစောပိုင်းအထိ ဗိုင်းရပ်ကူးစက်မှု အနည်းဆုံးနေရာမှာ နိုင်ငံအလယ်ပိုင်း ပြည်နယ်များဖြစ်ပြီး ယခု အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များသာမက အလယ်ပိုင်းပြည်နယ်များသို့ပါ ဗိုင်းရပ်ကူးစက်မှု မြင့်တက်လာပြီဖြစ်သည်။

ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့်လည်း ထရမ့်ပြင်းထန်စွာ ဝေဖန်ခံခဲ့ရပြီး အမေရိကန် သမ္မတများ အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများပင် တာဝန်မှ  နုတ်ထွက်ခဲ့ကြ သည်အထိဖြစ်လာသည်။ သို့သော် ထရမ့်က ယခုအချိန်ထိ အမေရိကန်ပထမဟူသော ကြွေးကြော် ချက်ဖြင့် လာမည့်ရွေးကောက်ပွဲကို အောင်နိုင်မည်ဟုဆိုကာ မဲဆွယ်စည်းရုံးနေဆဲဖြစ်ပြီး ထရမ့် အစိုးရလက်ထက် အမေရိကန်၌ အလုပ်လက်မဲ့ ငါးသန်းကျော်အထိ ရှိနေဆဲဖြစ်သည်။

ထို့ပြင် ထရမ့်၏ အထိန်းအကွပ်မရှိ ပြောတတ်သော စကားများကြောင့် အမာခံ ရီပတ်ပလီကန် ထောက်ခံသူများကိုပါ ဆုံးရှုံးလာရပြီး တချို့က  ဂျိုးဘိုင်ဒင်ကို ပြောင်းလဲထောက်ခံကြသော်လည်း တချို့ကတော့ ၂၀၂၀ ပြည့်နှစ်တွင် မဲမပေးရေးဘက်ကို ရွေးချယ်နေကြသည်။

သို့သော် ထရမ့်အတွက် လုပ်ပိုင်ခွင့်တစ်ခုက ကံကောင်းထောက်မစွာ ထွက်ပေါ်လာသည်။ ယင်းမှာ တန်းတူညီမျှရေးအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သော အမေရိကန်ပြည်သူတို့ အလေးထား ရသူ ဗဟိုတရားရုံးချုပ် တရားသူကြီး RBG ခေါ်ရုသ်ဘာဒါဂင်းစ်ဘာ့ဂ် ကွယ်လွန်သွားခြင်းဖြစ်ပြီး ထိုနေရာကို အစားထိုးခန့်အပ်ရန် အခွင့်အရေးရခဲ့ခြင်း ဖြစ်သည်။

ယခု ထရမ့်က ထိုနေရာအတွက် ၎င်းင်း ခန့်အပ်ထားသော အယူခံတရားရုံး တရားသူကြီး အေမီကိုနေးအားရတ်ကို အဆိုပြု ထားသည်။ ယင်းမှာ အမေရိကန်တရား ရုံးချုပ် တရားသူကြီး အချိုးတွင် ကွန်ဆာဗေးတစ်အများစု ပိုမိုနေရာရပြီး ဦးဆောင်နိုင်ရန် အခွင့်အရေးရသွားခြင်း ဖြစ်သည်။ ယခင်ကတည်းက အမေရိကန်တရားရုံးချုပ် တရားသူကြီး ကိုးဦးရှိသည့်အနက် ငါးဦးက ရီပတ်ပလီကန်ပါတီမှ ကွန်ဆာဗေးတစ်များဖြစ်ပြီး ယခု ခြောက်ဦးအထိရှိလာမည့် အခြေအနေဖြစ် လာသည်။

ထရမ့်က ၎င်း၏အဆိုကို အတည်ပြုပေးရန်လည်း လွှတ်တော်ကို တိုက်တွန်းထားပြီး ထရမ့်အတွက် လုပ်ပိုင်ခွင့်များစွာ ရရှိလာသည့် အခွင့်အရေးလည်းဖြစ်သည်။ သမ္မတဟောင်း အိုဘားမားသာမက အများစုက ထိုနေရာအတွက် ရွေးကောက်ပွဲပြီးမှ ရွေးချယ်စေလိုသော်လည်း ထရမ့်ဦးဆောင်သော ရီပတ်ပလီကန်ပါတီက အခွင့်အရေးကို လက်လွှတ်မခံဘဲ အသုံးချကာ ယခု အကောင်အထည်ပေါ် လာပြီဖြစ်သည်။

ထိုအချိန် ထရမ့်က ငြိမ်းချမ်းစွာအာဏာ လွှဲပြောင်းရေးကို ငြင်းဆန်မြဲငြင်းဆန်နေဆဲ ဖြစ်သည့် အတွက် အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း တစ်ခုဖြစ်လာမည်လားဟူ သည့်အသံများ ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့သည်။ ရီပတ်ပလီကန်ပါတီ၏ ပြတ်သားသော ထုတ်ပြန်ချက်များမရှိသည့် အချက်ကလည်း ဝေဖန်ချင်စရာဖြစ်လာပြီး ဒီမိုကရက်တစ် သမ္မတ လောင်း ဂျိုးဘိုင်ဒင်က ထရမ့်ဟူသည်မှာ ပုံမှန်မဟုတ်သောစကားများကို ပြောတတ်သူဖြစ်သည့် အတွက် အထူးအဆန်းမဟုတ်ဟု မှတ်ချက်ပြုထားပါကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။    ။                  

ရှိန်းထက်

Ref;CNN