ငွေလှူဒါန်းလိုလျှင် ရန်ပုံငွေအဖွဲ့သို့သာလှူမည်ဟု မော်ရင်ဟိုခနဲ့စကားဆို လက်ထိဘော စည်းမျဉ်း သစ်က ပရီးမီးယားလိဂ်ကို ဖျက်ဆီးနေဟု စတိဗ်ဘရုစ် ဝေဖန်

လန်ဒန်၊ ဘောလုံး

နိုင်ငံတကာ ဘောလုံးစည်းမျဉ်းများ ထုတ်ပြန်ပေးနေသော နိုင်ငံတကာ ဘောလုံးဘုတ်အဖွဲ့ချုပ်သည် ပြီးခဲ့သည့်ရက်ပိုင်းက လက်ထိဘောစည်းမျဉ်းသစ်ကို ထုတ်ပြန်ခဲ့ရာ ထိုစည်းမျဉ်းသစ်ကြောင့် က မောက်ကမ ပယ်နယ်တီများစွာသည်လည်း ပရီးမီးယားလိဂ်တွင် တည်ရှိလာခဲ့ပြီး စက်တင်ဘာ ၂၇ ရက်ညက စပါးနှင့်နယူးကာဆယ်ပွဲ၌  ပွဲသိမ်းခရာမှုတ်ခါနီးမှ နယူးကာဆယ်အသင်း အငြင်းပွား ဖွယ်ရာ လက်ထိဘောမှ ပယ်နယ်တီရပြီး တစ်ဂိုးစီ သရေကျခဲ့ပြန်သည်။

ထိုပွဲတွင် စပါးသည် ပထမပိုင်းမှာပင် လူးကပ်စ်မော်ရာ၏ သွင်းဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီး သုံးမှတ်ရရန် သေချာသလောက်ရှိနေစဉ် ပွဲပြီးခါနီး နယူး ကာဆယ်တိုက်စစ်မှူး အန်ဒီကာရိုး ခေါင်းခုန်တိုက်လိုက် သည့်ဘောလုံးသည် ကျောပေးလျက် အနေအထားဖြင့် လေထဲခုန်နေသော စပါးကစားသမား အဲရစ်ဒီယာ၏ လက်မောင်းကို နောက်မှသွားထိခဲ့ရာ ကွင်းလယ်ဒိုင် ပီတာဘန်ကီက VAR စနစ် အသုံးပြုပြီး ပယ်နယ်တီပေးခဲ့ခြင်းကို ကယ်လမ်ဝီလ်ဆင်ကကန်သွင်း၍ ချေပဂိုးရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်ကို စောဒကတက်ပြောဆိုသည့် စပါးအသင်းဂိုးနည်းပြ နူနိုဆန်းတို့စ် အနီကတ်ထိခဲ့ပြီး    စပါးနည်းပြမော်ရင်ဟိုလည်း ပယ်နယ်တီပေးကတည်းက ပွဲကိုဆက်မကြည့်ဘဲ ဥမင်ထဲသို့ ဝင်သွားခဲ့ သည်။

အငြင်းပွားဖွယ်ရာ လက်ထိဘောပယ်နယ်တီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မော်ရင်ဟို၏ အမြင်နှင့်မှတ် ချက်ကို ပွဲပြီးအင်တာဗျူးအစီအစဉ်တွင် မီဒီယာများက မေးမြန်းရာ မော်ရင်ဟိုက တစ်စုံတစ်ရာ မှတ်ချက်ပေးလျှင် အက်ဖ်အေ၏ ဒဏ်ရိုက်ခြင်းခံရမည်ဖြစ်၍ အက်ဖ်အေကိုငွေပေးခြင်းထက် လှူဒါန်းလိုလျှင် ရန်ပုံငွေအဖွဲ့သို့သာ လှူဒါန်းမည်ဟု ခနဲ့စကားဆိုခဲ့သည်။

မော်ရင်ဟိုက “ကျွန်တော်တို့ ပြိုင်ဘက်ကို ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ နှစ်မှတ်ဆုံးရှုံးသွားတယ်။ ဒါလည်း ကျွန်တော်မှတ်ချက်မပေးဘူး။ ပိုက်ဆံတချို့ကို ပေးပစ်ချင်တယ်ဆိုရင် အက်ဖ်အေကိုမပေး ဘဲ ရန်ပုံငွေအဖွဲ့တစ်ဖွဲ့ကိုပဲ လှူဒါန်းလိုက်မယ်။ ဒိုင်က ခရာမှုတ်ကတည်းက ဥမင်ထဲကို ဝင်သွား ခဲ့တာ။ ပွဲသိမ်းခရာမှုတ်ပြီးတာတောင် အရေးကြီးတဲ့ တစ်စုံတစ်ရာ ဖြစ်နိုင်သေးတာကိုး။ (မန်ယူ ပွဲသိမ်းခရာမှုတ်ပြီးမှ ပယ်နယ်တီရခြင်းကိုဆိုလို) ကျွန်တော်တို့အတွက်တော့ ဒီခရာသံက အားလုံးပြီး ဆုံးသွားတာပဲ”ဟု ခနဲ့စကားဆိုသည်။

ပယ်နယ်တီရခြင်းကြောင့် တစ်မှတ်ရနိုင်ခဲ့သော်လည်း နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်က လက် ထိဘောစည်းမျဉ်းသစ်သည် ပရီးမီးယား လိဂ်နှင့်ဘောလုံးလောကကို ဖျက်ဆီးနေသည်ဟု ဝေဖန်ခဲ့ သည်။

“VAR စနစ်နဲ့ ဆုံးဖြတ်ချက်တွေက တချို့အရာတွေမှာ အင်မတန် ဟာသဆန်တဲ့ဖြစ်ရပ်တွေပါ” ဟု ဝေဖန်ခဲ့သည်။   

Ref:Dailymail