နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်

သူရိယနေဝန်းဂျာနယ်မှ ဒေါ်သဇင်ဦးက ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပါတီများကို စစ်ဆေးရာတွင် NLD ပါတီနှင့် SNLD ပါတီတို့က အစစ်ဆေးခံခြင်း မရှိသည်ကို တွေ့ရကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ကြေညာချက်တွင် မတ်လ ၉ ရက်နေ့နောက်ဆုံးထား၍ စစ်ဆေးမည် ဖြစ်ကြောင်းနှင့် အစစ်ဆေး မခံပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၂၄)၊ ပုဒ်မခွဲ (ဂ၊ ဃ၊ င)တို့တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ အနိမ့်ဆုံးပြစ်ဒဏ်မှာ နိုင်ငံရေးပါတီအဖြစ်မှ ၃ နှစ် ရပ်ဆိုင်းနိုင်ကြောင်းနှင့် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ပါတီမှတ်ပုံတင်ခြင်းကို ဖျက်သိမ်း၍ ပါတီကိုဖျက်သိမ်းသည်အထိ အပြစ်ပေးအရေးယူ ဆောင်ရွက်သွား မည်ဟုလည်း ကြေညာချက်တွင် ပါဝင်ကြောင်း၊ ထို့ကြောင့်  အဆိုပါ ကြေညာချက်အတိုင်း မည်သည့်အချိန်တွင် အရေးယူဆောင်ရွက်သွားမည်ကိုသိလိုကြောင်း မေးမြန်းသည်။

https://www.myawady.net.mm/sites/default/files/26322h.jpg

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စစ်ဆေးရန်အတွက် ပါတီ ၁၀ ပါတီကျန်ရှိသေး ကြောင်း၊ အဆိုပါပါတီများတွင် ယခုသတင်းထောက်ကြီးမေးမြန်းသည့် NLD ပါတီ နှင့် SNLD ပါတီတို့လည်းပါဝင်ကြောင်း၊ ထိုပါတီများကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အစစ်ဆေးခံရန်အတွက် ဖေဖော်ဝါရီလ ၈ ရက်က အကြောင်းကြားခဲ့ ကြောင်း၊ သို့သော် သတ်မှတ်ထားသည့် နေ့ရက်တွင် လာရောက်အစစ်ဆေးခံရန် ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါပါတီ ၂ ပါတီကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄(က)အရ ၂၀၂၂ ခုနှစ် မတ် ၉ ရက်မတိုင်မီ လာရောက်အစစ်ဆေးခံရန်အတွက် ထပ်မံအကြောင်းကြား ခဲ့ကြောင်း၊  ထိုသို့  အကြောင်းကြားခဲ့သော်လည်း သတ်မှတ်ထားသည့်နေ့အထိလာရောက် အစစ်ဆေးခံခြင်း မရှိဘဲ ထပ်မံပျက်ကွက်ခဲ့ကြောင်း၊ မိမိတို့စာဖြင့်အကြောင်းကြားစဉ်ကလည်း ပုဒ်မ ၂၄(က) အရသတ်မှတ်ရက်တွင် လာရောက်အစစ်ဆေးခံရန် ပျက်ကွက်ပါက ပုဒ်မ ၂၄၊ ပုဒ်မခွဲ(ဂ၊ဃ၊င)တို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဆိုသည့် အချက်လည်းပါဝင်ကြောင်း၊ ထိုပုဒ်မများအရ သတ်မှတ်ကာလအတွင်း ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ပါတီများကို ၃ နှစ် ယာယီရပ်ဆိုင်းခြင်းနှင့် ထိုသို့ရပ်ဆိုင်းထားသည့်ကာလအတွင်း ပုဒ်မခွဲ(ဃ)အရ သတ်မှတ်ထားသည့်လုပ်ငန်းများမှအပ အခြားလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရန်ပြဋ္ဌာန်းထားကြောင်း၊  ထို့ပြင် ပုဒ်မခွဲ(င)အရ သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ခြင်းမပြုပါက ပါတီကို ဖျက်သိမ်းသည်အထိ အရေးယူနိုင်ကြောင်း၊ ထို့ကြောင့်  မိမိတို့အနေဖြင့် အဆိုပါ ပျက်ကွက်မှုကို စုံစမ်းစစ်ဆေးရန်အတွက် ကော်မရှင်အဖွဲ့ဝင်များက( Pilot Project)ဖြင့် ခရီးများသွား၍ စစ်ဆေးဆောင်ရွက်နေပါကြောင်း၊ တပ်မတော်နေ့နောက်ပိုင်းတွင် ထို့အဖွဲ့များပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ၎င်းအဖွဲ့အားလုံး ပြန်လည်ရောက်ရှိပါက စီမံခန့်ခွဲရေးကော်မတီစုံညီအစည်းအဝေးပြုလုပ်၍ ဥပဒေနှင့်အညီ လိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ဆောင်ရွက် ချက်များကို ပြည်သူလူထုသိရှိနိုင်ရန်အတွက် အသိပေးထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k_0.jpg

Myanmar Public Press မီဒီယာမှ အယ်ဒီတာကိုခန့်က ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် ပါတီကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းများ နိမ့်ကျလျက်ရှိသည်ကိုတွေ့ရကြောင်း၊  အကျင့်စာရိတ္တပိုင်းဆိုင်ရာ အားနည်းသူများနှင့် မြန်မာဗျည်းအက္ခရာများကိုပင် ကောင်းစွာမဖတ်နိုင်သူများက အမတ်လောင်းများဖြစ်လာကြကြောင်း၊ ထို့ပြင်  ပြင်ပလူနေမှုဘဝတွင်လည်း ငွေကြေးပိုင်းဆိုင်ရာ မသမာမှုများနှင့် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာပြစ်မှု ရှိသူများက ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးခံ၍ လွှတ်တော်အမတ်များဖြစ်လာကြကြောင်း၊ တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ဆောင်ရွက်ရမည့် သူများအနေဖြင့်  အဆိုပါကိစ္စများကို ဆင်ခြင်ရမည်ဟု    ထင်မြင်မိကြောင်း၊ ထိုကိစ္စများကို့ UEC အနေဖြင့် မည်ကဲ့သို့သော ထိန်းချုပ်ကန့်သတ်မှုများ ဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးမြန်းသည့် မေးခွန်းမှာ မေးခွန်းကောင်းတစ်ခုဖြစ်ကြောင်း၊    မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်   ယခင်ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ၏  အခြေအနေကိုသုံးသပ်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေအပါအဝင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို သုံးသပ်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ သုံးသပ်ပြင်ဆင်ဆောင်ရွက်ပြီးပါက သတင်းထောက်ကြီး မေးမြန်းခဲ့သည့်ကိစ္စကို သိရှိနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k%E1%81%81_0.jpg

Trend News မှ အယ်ဒီတာချုပ် ဦးဝဏ္ဏက ဇေကမ္ဘာဦးခင်ရွှေနှင့် ၎င်း၏သားကို ဖမ်းထားသည်ဟု အွန်လိုင်းတွင် သတင်းများပြန့်နေကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်အနေဖြင့်   အသေးစိတ် ပြောပြပေးစေလိုကြောင်းနှင့် နောက်ထပ်မေးခွန်းတစ်ခုမှာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအတွက် မည်သည့်နိုင်ငံရေးထွက်ပေါက်ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ဇေကမ္ဘာဦးခင်ရွှေနှင့် ၎င်း၏သားကို ဥပဒေအရ အရေးယူနိုင်ရေး   ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြစ်ခဲ့ သည့်ဇာတ်လမ်းမှာ  ရှည်လျားကြောင်း၊ အခြားသတင်း ဌာနများက ရေးသားနေမှု များကိုလည်း တွေ့ရကြောင်း၊  ပြည့်စုံမှုမရှိသည့် သတင်းများလည်း ရှိကြောင်း၊ မိမိ အနေဖြင့်    ဖြစ်ခဲ့သည့်ဖြစ်စဉ်ကိုသာ ပြောလိုကြောင်း၊ ယင်းဖြစ်စဉ်မှာ ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်   မြရိပ်ညို ဟိုတယ်မြေ ၁၃ ဒသမ ၇၉ ဧကကျော် ငှားရမ်းခြင်းနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊  ထိုမြေနေရာ  ၁၃ ဒသမ ၇၉၄ ဧကကို စစ်ထောက်ချုပ်ရုံးနှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် MOA လက်မှတ်ရေးထိုး၍ စာချုပ်ချုပ်ဆိုငှားရမ်းခဲ့ကြောင်း၊  ထိုသို့လက်မှတ်ရေးထိုးရာတွင် စစ်ထောက်ချုပ်ရုံးနှင့်    ဇေကမ္ဘာကုမ္ပဏီ တို့အကြား လက်မှတ်ရေးထိုးခြင်းဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေယာဖြစ်သည့်အတွက်  အဆိုပါမြေငှားရမ်းခြင်းမှရရှိသည့်ငွေကြေးများကို နိုင်ငံတော်ဘတ်ဂျက်အဖြစ် ပြန်လည်ပေးသွင်းရကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ရငွေအဖြစ်စာရင်းပေါ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ရငွေမှာ နိုင်ငံတော်ဘတ်ဂျက်သာဖြစ်သည့်အတွက် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရခြင်း ဖြစ်ကြောင်း၊ တပ်မတော်ကရရှိသည့်ငွေ မဟုတ်သည်ကိုအသိပေးလိုကြောင်း၊ MOA စာချုပ်၏စည်းကမ်းအရ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းအား (၅)ကြိမ် ခွဲ၍ပေးသွင်းရမည်ဖြစ်ကြောင်း၊ ၆ လအတွင်း BOT စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် မြေအသုံးချမှုအတွက် ပရီမီယမ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၅၂ သန်းကို ဖေဖော်ဝါရီလနှင့် သြဂုတ်လ တို့တွင် ၂ ကြိမ်ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း၊  ၃ ကြိမ်စာအတွက် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၂၉ သန်း ပေးရန်ကျန်ရှိကြောင်း၊ ကုမ္ပဏီကို    ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၈)ကြိမ် အကြောင်းကြား ခဲ့သော်လည်း ပေးသွင်းခဲ့ခြင်းမရှိကြောင်း၊ ထိုကာလအတွင်း ဇေကမ္ဘာကုမ္ပဏီအနေဖြင့် ပြည်ပကုမ္ပဏီတစ်ခုဖြစ်သည့် Akunutnan Development ကုမ္ပဏီနှင့်  အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသည်ဟု ၂၀၁၈ ခုနှစ်တွင် တင်ပြခဲ့ကြောင်း၊ ယင်းကိစ္စအား ခွင့်မပြုနိုင်ကြောင်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင်   အကြောင်းပြန်ကြားခဲ့ကြောင်း၊ ထိုကာလအတွင်း  ဇေကမ္ဘာကုမ္ပဏီက ခွင့်ပြုချက်မရရှိဘဲ ကာကွယ်ရေးဝန်ကြီး ဌာနပိုင်မြေအတွင်းရှိ ရှေးဟောင်းအဆောက်အဦ စာရင်းတွင်ပါဝင်သည့် မြို့တော်ဝန်အိမ် House(C) နှင့် မြို့တော်ဝန်ဧည့်ဂေဟာ အဆောက်အဦအမှတ်(D)အပါအဝင် အဆောက်အဦ ၄ လုံးအား ဖြိုဖျက်ခဲ့ပြီး မြေပြုပြင်ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် အကြောင်းကြားခဲ့ကြောင်း၊ အဆိုပါကိစ္စအား ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ဥပဒေအရအရေးယူနိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအချိန်တွင် ဇေကမ္ဘာကုမ္ပဏီက ၎င်းင်းတို့ ဖြိုဖျက်ပြီးဖြစ်သည့် မြို့တော်ဝန်အိမ်နှင့် မြို့တော်ဝန်ဧည့်ဂေဟာတို့အား ရှေးဟောင်းစာရင်းဝင်/မဝင် စစ်ဆေးပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် တင်ပြခဲ့ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှလည်း ယင်းလ ၇  ရက်နေ့တွင် အဆိုပါ အဆောက်အဦများသည် ရှေးဟောင်းအဆောက်အဦစာရင်းတွင် ပါဝင်မှုမရှိဟု ပြန်ကြားခဲ့ကြောင်း၊ သတိပြုရမည့်အချက်မှာ ကုမ္ပဏီအနေဖြင့် အဆောက်အဦများကို ဖြိုဖျက်ပြီးမှသာ ရှေးဟောင်းစာရင်းဝင်/မဝင် တောင်းခံခဲ့သည့် အချက်ဖြစ်ကြောင်း၊ ထိုတောင်းခံမှုကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အထက်ပါအတိုင်း ပြန်ကြားခဲ့သည်ကိုလည်းတွေ့ရှိခဲ့ရကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်က ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင်  ပြည်ထောင်စုရှေ့နေချုပ်ရုံးကို  ဥပဒေအကြံပြုချက်များ  တောင်းခံခဲ့ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏   ဥပဒေအကြံပြုချက်များတွင် စည်းကမ်းဖောက်ဖျက်မှုများ တွေ့ရှိရသည့်အတွက် လုပ်ငန်းများပိတ်သိမ်းရန်ဟု ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် အကြောင်းပြန်ကြား ခဲ့ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီအား ၎င်းတို့ဖြိုဖျက်ခဲ့သည့် မြို့တော်ဝန်အိမ် အဆောက်အဦအမှတ်(C)ကို မူလလက်ရာအတိုင်း ပြန်လည်ဆောက်လုပ်ပေးရန် စစ်ထောက်ချုပ်ရုံးက အကြောင်းကြားခဲ့ကြောင်း၊ ကုမ္ပဏီဘက်မှလည်း ပြန်လည်ဆောက်လုပ်ပေးမည်ဟု သဘောတူခဲ့ကြောင်း၊  ဇေကမ္ဘာကုမ္ပဏီအနေဖြင့် NCA စာချုပ်ပါ စည်းကမ်းချက်များအရ  မြေအသုံးချခပေးသွင်းရန် ပျက်ကွက်ခဲ့ခြင်းနှင့် ရှေးဟောင်းလက်ရာ အဆောက်အဦ ၁ လုံးအပါအဝင် အဆောက်အဦ ၄ လုံးဖြိုဖျက်ခဲ့ခြင်း၊     ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြား ကုမ္ပဏီတစ်ခုနှင့်  အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက်  NCA  စာချုပ်ရပ်စဲနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် အကြံပြုချက် တောင်းခံခဲ့ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များအရ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် NCA စာချုပ်ရပ်စဲပြီဖြစ်ကြောင်းကို ကုမ္ပဏီသို့အကြောင်းကြားခဲ့ကြောင်း၊ ထိုသို့အကြောင်းကြားပြီး နောက်ပိုင်းတွင် လုပ်ထုံးလုပ်နည်းများအရ တရားမဝင်နေထိုင်သူများနှင့် ပရိဘောဂပစ္စည်းများအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖယ်ရှားခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့နစ်နာဆုံးရှုံးသည်ဟု ယူဆသောကြောင့် ဇေကမ္ဘာကုမ္ပဏီက တပ်မတော်ကို ပြန်လည်တရားစွဲဆိုခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တပ်မတော်အနေဖြင့်  ဇေကမ္ဘာကုမ္ပဏီကတရားစွဲဆိုခဲ့မှုနှင့် ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ဥပဒေအကြံပြုချက်များ တောင်းခံခဲ့ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အကြံပြုချက်တွင် တရားမကျင့်ထုံး ဥပဒေပုဒ်မ(၈၀)အရ တရားမဝင်သည့်အတွက် ကုမ္ပဏီအနေဖြင့် စည်းကမ်းဖောက်ဖျက်ခဲ့ကြောင်း ပေါ်လွင်သဖြင့် တပ်မတော်အနေဖြင့် ပေးလျော်ရန်မလိုဟု  အကြံပြုချက်ရရှိခဲ့ကြောင်း၊  ယင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်များ ရှိပြီးဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အဦများနှင့် ပတ်သက်ပါက ရှေးဟောင်း အဆောက်အဦများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂(က)၌ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အဦနှင့် ပတ်သက်၍ လွယ်ကူစွာပြောရမည်ဆိုပါက  မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်ဆိုသည့် စကားလုံးများပါဝင်ကြောင်း၊ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိသည့် အရာဝတ္ထု ပစ္စည်းများနှင့် လူနေအဆောက်အဦများကို ဆိုလိုကြောင်း၊ ယင်းတို့ဖြိုဖျက်ခဲ့သည့် မြို့တော်ဝန်အိမ်သည် ၁၉၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ပြင်ဦးလွင်မြို့မှ သော်ကအဆောက်အဦ၊ ၁၈၇၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပဲခူး ကလပ်အဆောက်အဦ၊ ၁၉၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မြိတ်မြို့ရှိ ဦးဝင်းဗိုလ် (ဦးကိုင်ကို)နေအိမ်နှင့် စစ်တွေမြို့တွင်ရှိသော မြ တည်းခိုခန်း၊ ၁၉၀၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကသာအရေးပိုင်နေအိမ်တို့နှင့် ပုံစံအတူတူပင်ဖြစ်ကြောင်း၊  ဇေကမ္ဘာကုမ္ပဏီမှ ဖြိုဖျက်ခဲ့သည့် မြို့တော်ဝန်အိမ်သည် ၁၉၀၀ ပြည့်နှစ်နှင့် ၁၉၂၀ ကိုလိုနီခေတ်ကာလအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သောကြောင့် နှစ်ပေါင်း ၁၀၅ နှစ်မှ ၁၁၅ နှစ်သက်တမ်းရှိသော အဆောက်အဦဖြစ်ကြောင်း၊    မိမိပြောကြားခဲ့သည့်           ပဲခူးကလပ်အဆောက်အဦ၊   သော်က အဆောက်အဦ များနှင့်  ပုံစံတူဖြစ်ခြင်းကြောင့် ၎င်းအဆောက်အဦသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိသည့်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြန်လည်စိစစ်ရာတွင် ရှေးဟောင်းအဆောက်အဦဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း၊  ရှေးဟောင်းအဆောက်အဦများနှင့်ပတ်သက်၍ ပုဒ်မ ၂၄ နှင့်  ပုဒ်မ ၁၉(က)တို့အရ ရှေးဟောင်းအဆောက်အဦနှင့်  သတ်မှတ်ထားသည့်ပရိဝုဏ်အတွင်း  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ စာဖြင့် ခွင့်ပြုချက်မရရှိဘဲ  ရှေးဟောင်းအဆောက်အဦအား ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ဆောင်ရွက်ခြင်း  မပြုရဆိုသည့် အချက်အား ပုဒ်မ ၁၉ (က)တွင် ပြဋ္ဌာန်းထားကြောင်း၊ ထို့အတူ ပုဒ်မ ၂၄ တွင်လည်း ထိုပြစ်မှုများ ကျူးလွန်ခဲ့ပါက   ရာဇဝတ်မှုမြောက်ကြောင်း၊  အနည်းဆုံးပြစ်ဒဏ် မည်မျှချမှတ်ရမည်ကို ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့်  ယင်းကိစ္စကို တပ်မတော်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဗဟန်းမြို့မရဲစခန်း၌    အမှုဖွင့်လှစ်ခဲ့ကြောင်း၊ ပုဒ်မ ၂၄ အရ ရဲအရေးယူပိုင်ခွင့်ရှိသည့် အမှုဖြစ်သောကြောင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်စွဲဆိုခဲ့ပြီး ဥပဒေအရတရားစီရင်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဖြေကြားသည်။ 

ဒုတိယမေးခွန်းကို ဆက်လက်ဖြေကြားရမည်ဆိုပါက အဆိုပါ မေးခွန်းသည်ခြုံငုံ၍ ဖြေကြားရမည့် မေးခွန်းဖြစ်ကြောင်း၊ နိုင်ငံရေးထွက်ပေါက်ဆိုသည့် စကားလုံးသည်ယခင်နဝတ၊ နယကခေတ်ကတည်းကပင် ခေတ်စားခဲ့သည့်စကားလုံးဖြစ်ကြောင်း၊  Exit Strategy ထွက်ပေါက် မဟာဗျူဟာဟု ပြောကြကြောင်း၊  တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်အထဲတွင် ထားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍   တပ်မတော်အနေဖြင့် နိုင်ငံရေးနယ်ပယ်မှထွက်ခွာ၍ ဏမသ်နျျငသညေူ လိုင်းသို့ပြောင်းရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဆိုသည့် သုံးသပ်ချက်များလည်းရှိကြောင်း၊ ယင်းသုံးသပ်ချက်များကို မိမိအနေဖြင့် ဝေဖန်မှုများ မပေးလိုကြောင်း၊ နိုင်ငံရေးထွက်ပေါက်ဟူသည့် စကားလုံးနှင့်ပတ်သက်၍ ပြောလိုသည်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ တပ်မတော် အသီးသီးတွင် မတူညီသည့်သမိုင်းကြောင်းများရှိကြောင်း၊ မြန်မာ့တပ်မတော်သည် မြင့်မြတ် သည်ဟု မပြောလိုကြောင်း၊   ကိုလိုနီ လက်အောက်တွင် ကျရောက်ခဲ့သည့် နိုင်ငံများရှိ တပ်မတော်များသည် ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန်အတွက် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊  မြန်မာ့တပ်မတော်သည်လည်း အလားတူပင်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်ကို  စတင်ထူထောင်ကတည်းက မျိုးချစ်စိတ်ရှိသော လူငယ်များနှင့်  ရဲဘော်သုံးကျိပ်ဝင်များ ပူးပေါင်း၍   စတင်ဖွဲ့စည်းထူထောင်ခဲ့ ခြင်းဖြစ်ကြောင်း၊ ရဲဘော်သုံးကျိပ်ဝင်များသည်လည်း    နိုင်ငံရေးတွင် တက်ကြွစွာ ပါဝင်သည့်  ကျောင်းသား လူငယ်များနှင့် ဖွဲ့စည်းခဲ့သည့် တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေးမရမီ ကပင်နိုင်ငံရေးနှင့် ယှဉ်တွဲပါဝင်ခဲ့ကြောင်း၊ အလားတူသမိုင်းကြောင်းများကို ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ဖူးသည့် နိုင်ငံများရှိ တပ်မတော်များတွင် တွေ့နိုင်ကြောင်း၊ နိုင်ငံရေး အနည်းငယ်ဖြစ်စေ၊ အများအပြားဖြစ်စေ ပါဝင်ပတ်သက်ရကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်အတွက်ကြောင့် နိုင်ငံရေးတွင်  ပါဝင်ပတ်သက်တာလဲဆိုသည့် မေးခွန်း၏ဇာစ်မြစ်က  ပိုသိမှသာလျှင် သတင်းထောက်ကြီးပြောသည့်  နိုင်ငံရေးထွက်ပေါက်ကိုလည်း သိမည်ဖြစ်ကြောင်း၊  ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင်  မည်သည့်အတွက်ကြောင့်  ပါဝင်ပတ်သက်နေသည်ကို ထဲထဲဝင်ဝင်သိရန်လိုကြောင်း၊ လွတ်လပ်ရေး သမိုင်းကြောင်းတွင်   ပါဝင်ပတ်သက်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မပါဝင်တော့သည့်  တပ်မတော်များလည်း ရှိကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် မည်သည့်စနစ် ကျင့်သုံးခဲ့သည်ကို သိရန်လိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးခေါင်းဆောင်များ သွားရောက်အရေးဆိုသောကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်ကာလတွင် တိုင်းပြုပြည်ပြုလွှတ်တော်များ ဆောင်ရွက်ခဲ့ကြောင်း၊  ယင်းတိုင်းပြုပြည်ပြုလွှတ်တော်တွင် မည်သူကမည်သည့်

အကြောင်းကိုတင်ပြခဲ့သည့် သမိုင်းကြောင်းများရှိကြောင်း၊ ထို့နောက် မိမိတို့နိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိရန် အောင်ဆန်းအက်တလီစာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း   လုပ်ကြံခံရပြီးနောက်ပိုင်း နု-အက်တလီစာချုပ်   ချုပ်ဆိုခဲ့ကြောင်း၊ ထိုစာချုပ်ထဲတွင် တပ်မတော်နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် နိုင်ငံရေးနှင့် ပတ်သက်သည့်  အကြောင်းအရာများ အသေးစိတ်ပါဝင်ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း တပ်မတော်သည် နိုင်ငံရေးတွင် မည်သည့်အတွက်ကြောင့် ပါဝင်ပတ်သက်ရသည်ကို သိရှိကြရန်လိုကြောင်း၊ သတင်းထောက်ကြီးများ မကြာခဏပြောလေ့ရှိသည့် စစ်ဘောင်ကျယ်သည်ဆိုသည့် အကြောင်းအရာနှင့် ဆက်စပ်နေကြောင်း၊ နိုင်ငံရေးဘောင်မကျယ်ဘဲ စစ်ဘောင်ကျယ်ရသည့် အကြောင်းရင်းသည်    မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း    အယူဝါဒရေးရာနှင့်    တိုင်းရင်းသားရေးရာအရ ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက် လာခြင်းကြောင့် ဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ    ယှဉ်တွဲပေါ်ပေါက်လာသည့် ပြည်တွင်းစစ် ပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု   စာရေးဆရာများရေးလျှင် တစ်ကြောင်းတည်းနှင့်ပြီးကြောင်း၊ မြန်မာနိုင်ငံတွင်   လွတ်လပ်ရေးရပြီးမှ သောင်းကျန်းသူ(သူပုန်) ပေါ်ခြင်းမဟုတ်ကြောင်း၊ လွတ်လပ်ရေးမရခင်ကတည်းက သောင်းကျန်းသူ(သူပုန်)ပေါ်သည်မှာ အခြားနိုင်ငံများနှင့် မတူညီကြောင်း၊  မြန်မာနိုင်ငံအစိုးရဟု မပေါ်ပေါက်ခင်   ဖဆပလမှ ထူထောင်သည့် တိုင်းပြုပြည်ပြု လွှတ်တော်များ စတင်ပေါ်ပေါက်လာကတည်းကပင် ထိုသူများကိုဆန့်ကျင်မည့်     သူပုန်များ ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း၊ ရခိုင်တွင် ဦးစိန်သာနှင့် ဗုံပေါက်သာကျော်တို့ ဦးစီးသည့် အလံနီကွန်မြူနစ် ပါတီသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ  ၁၉၄၇ ခုနှစ် ကတည်းကပင်   လွတ်လပ်ရေးရလျှင် ဖြစ်ပေါ်လာမည့် အစိုးရကို    ကြိုတင်ဆန့်ကျင်မည့်အဖွဲ့များရှိကြောင်း၊   ရခိုင်မြောက်ပိုင်းတွင်ရှိသည့် မူဂျာဟစ် အဖွဲ့သည်လည်း လွတ်လပ်ရေးမရခင်ကတည်းကပင် ကြိုတင်ဆန့်ကျင်နေကြကြောင်း၊ ပျဉ်းမနား ဒေသတွင်ရှိသည့် အလံနီအဖွဲ့ တချို့ဆိုလျှင်လည်း အလားတူပင်တော်လှန်နေပြီ ဖြစ်ကြောင်း၊  စာဖြင့် သမိုင်းတွင်ခဲ့သည့် အဖွဲ့သုံးဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံတွင်  လွတ်လပ်ရေးမရခင် ကတည်းကပင် သူပုန်များ ပေါ်ပေါက်ရန်အတွက် ကြိုတင်စရန် ရိုက်ထားသည့် တိုင်းပြည်ဟု ပြောလိုကြောင်း၊ လွတ်လပ်ရေးမရမီ ၃ လခန့်ကပင် ကြိုတင်စရန်ရိုက်ထားကြောင်း၊ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် ရရှိပြီး     ယင်းနှစ်မတ်လတွင် ကွန်မြူနစ်အဖွဲ့က တောခိုသွားကြောင်း၊ နောက်ပိုင်းတွင်  KNDO ကဲ့သို့သော အဖွဲ့များ ပေါ်ပေါက်လာခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဏမသ်နျျငသညေူ ဗမာပ ဖြစ်ရန်အတွက် ပထမဆုံးလိုအပ်ချက်မှာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး ဖြစ်သည်ဟုမိမိထင်ကြောင်း၊ သတင်းထောက်ကြီးမေးသည့် တပ်မတော်၏ ထွက်ပေါက်ဆိုသည်မှာ  တပ်မတော်က လုပ်ဆောင်နေသည့်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် အဓိကအကျဆုံးပြဿနာ

ဖြစ်ကြောင်း၊ အများပြောနေသည့် စစ်ဘက်နယ်ဘက်ဆက်ဆံရေးဟုပြောသည်ဖြစ်စေ၊ တပ်မတော်အနေဖြင့် နိုင်ငံရေးနှင့်မပတ်သက်ရဟူသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်ဖြစ်စေ၊    မည်သို့ပြောသည်ဖြစ်စေ မိမိတို့ ပထမဆုံးဖြေရှင်းရမည့် ပြဿနာမှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်၊ ဖြစ်ပွားနေဆဲဖြစ်သည့်၊  လက်နက်ကိုင် ပဋိပက္ခများကို အရင်ဆုံးဖြေရှင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများတွင် မည်သည့်အကြောင်းအရာကို အသုံးချနေသည်   ဆိုသည့်အချက်ကို ကြည့်၍ ထိုအချက်ကို ဖြေရှင်းရမည် ဖြစ်ကြောင်း၊ မိမိအမြင်ပြောရလျှင် မကျေနပ်မှုနှင့် နိုင်ငံရေးကို အသုံးချနေသည်ဟု ထင်မြင်မိကြောင်း၊ မကျေနပ်မှုနိုင်ငံရေးနှင့် ပတ်သက်၍ မိမိပြောလိုသည်မှာ လူထု၏ စိတ်ထဲတွင်ဖြစ်စေ၊ တိုင်းရင်းသားများ၏ စိတ်ထဲတွင်ဖြစ်စေ ဖြစ်ပေါ်နေသည့် မကျေနပ်နိုင်မှုများကို ပိုမိုနှိုးဆွ၍   လက်နက်ကိုင်ဖြစ်အောင် တိုက်တွန်းနေသည့်၊ လက်နက်ကိုင်ဖြစ်အောင်   လမ်းကြောင်းပေးနေသည့် ကိစ္စများကို   ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယခုလက်နက်ကိုင် ပြီးဆောင်ရွက်နေသည့် အဖွဲ့များ၊  လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်နေသည့် အဖွဲ့များ၏ စိတ်ထဲတွင်ရှိနေသည့်မကျေနပ်မှုများကို  အနည်းဆုံးအဆင့်သို့ လျှော့ချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုအဖွဲ့၊ လုပ်ငန်းအဖွဲ့၊ ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်း၍   ဆောင်ရွက်နေကြောင်း၊ အဆိုပါအဖွဲ့များအနေဖြင့်    မည်သည့်အချက်ကိုလိုချင်သည်၊    မည်သို့ဖြစ်ချင်သည်၊ မည်သည့်ကိစ္စများကို ပူးပေါင်းဆောင်ရွက်မည်ဆိုသည့် အဆင့်များမှသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု အလေးထား သတ်မှတ်ပြီး လက်နက်ကိုင်ပဋိပက္ခများ လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အရင်းအမြစ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ယင်းကိစ္စများနှင့် ဆက်စပ်ဆောင်ရွက်ရမည့်ကိစ္စမှာ  ရွေးကောက်ပွဲကိစ္စဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးတွင် နေရာအနှံ့အပြားတွင် အခြေခံဥပဒေ၏ ပုဒ်မ ၇ အရ တစ်နိုင်ငံလုံးတွင် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့်  ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်ဆိုသည့် စာကြောင်းတစ်ကြောင်းကို အဓိပ္ပာယ်ဖွင့်မည်ဆိုပါက များစွာရရှိမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်သူလူထုလိုလား သည်မှာ ၁၉၈၈ ခုနှစ်တွင်လည်း ပါတီစုံဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို   ထိုအချိန်ကရှိခဲ့သည့် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို  ကျင့်သုံးရန်လိုလားသည် ဆိုပါက ပါတီများအနေဖြင့် လွတ်လပ်စွာရွေးချယ်ခံပိုင်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ ပြည်သူများသည်လည်း လွတ်လပ်စွာဖြင့် အကြားအလပ်မရှိ  မဲပေးပိုင်ခွင့်ရှိရမည် ဖြစ်ကြောင်း၊ မည်သည့်ဒေသကိုမျှ ချန်လှပ်၍ မရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရ အနေဖြင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ လျှော့ချနိုင်ရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ   ဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်   အကြားအလပ်မရှိအောင် ကျင်းပနိုင်ရေးအတွက်  ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k1.jpg

နေပြည်တော်   အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင်ကနိုင်ငံတစ်နိုင်ငံတိုးတက်ရန်အတွက် အရေးကြီးဆုံး ကိစ္စရပ်များအနက်  တစ်ခုဖြစ်သည့် စွမ်းအင်ကိစ္စရပ်ကို ရေရှည်စီမံကိန်း၊ ရေတိုစီမံကိန်း ဆောင်ရွက်မှု အခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ထားရှိသည်ကို အသေးစိတ်သိရှိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်မီးကိစ္စနှင့်ပတ်သက်၍    ပြည်သူလူထု၏ ပြောသံဆိုသံ၊ ပဲ့တင်သံများကို မိမိတို့ကြား သိရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လည်းသိပါကြောင်း၊   ကြားလည်းကြားပါကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မေးမြန်းချက်များ၊ သက်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေသူများနှင့် မေးမြန်းချက် များနှင့်  မိမိတို့ ဆောင်ရွက်နေမှုအပေါ် အခြေခံ၍ဖြေကြားသွားမည်ဖြစ်ကြောင်း၊  ထိုသို့ဖြေကြားရာတွင် ယခုသတင်းစာ ရှင်းလင်းပွဲကို ကြည့်ရှုနေသည့်   ပြည်သူလူထုများနှင့် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းသည့် မီဒီယာများအားလုံးကို သိစေလိုသည်မှာ မိမိတို့ အမှန်တကယ်လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များကို တင်ပြခြင်းဖြစ်ကြောင်း၊ မီးမလာသဖြင့်  အစိုးရတွင်တာဝန်မရှိ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်မရှိဟု လွှဲချနေခြင်းမဟုတ်သည်ကို ဦးစွာပြောကြားလိုကြောင်း၊  မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ လက်ရှိထုတ်လုပ်နိုင်သည့် ပမာဏအရ လိုအပ်ချက်နှင့်အညီ သုံးစွဲနိုင်ရန်အတွက်  ဝန်အားထိန်းညှိခြင်း၊ လျှော့ချခြင်းများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစ၍ အချိန်ပိုင်းအလိုက် အနေရာအလိုက် လျှော့ချခွဲဝေဖြန့်ဖြူးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊    လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လွှတ်နိုင်ရေး စီမံဆောင်ရွက်မှု အနေဖြင့် ကျောက်ဖြူဒေသ၌ လက်ရှိကာလတွင် ရရှိထားသည့် ရွှေဓာတ်ငွေ့ ကုဗပေ ၂၀ သန်းကို အသုံးပြု၍ စုစုပေါင်း လျှပ်စစ်ဓာတ်အား  ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်ထားပြီး ဖြစ်ကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်းတိုးချဲ့ပြုပြင်ရေး ဆောင်ရွက်လျက်ရှိရာ ပြီးစီးပါက တစ်ရက်လျှင် ကုဗပေ သန်း ၃၀ တိုးချဲ့ဖြန့်ဖြူး၍ ၁၉၅ မဂ္ဂါဝပ် ထပ်မံတိုးချဲ့ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ လက်ရှိတည်ဆောက်နေသည့် ၁၃၅ မဂ္ဂါဝပ် ကျောက်ဖြူသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်း ဆောလျင်စွာပြီးစီးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ စီမံကိန်းပြီးစီးပါက လက်ရှိဖြစ်ပေါ်နေသည့် ယာယီဓာတ်အား လျော့နည်းနေမှုကို ဖြေရှင်းနိုင်မည့်အပြင်   ထပ်မံလိုအပ်လာမည့် ဓာတ်အားကိုလည်း ပြန်လည်ဖြည့်တင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်   ထိုနေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီးဖြစ်ကြောင်း၊    ထို့ပြင် စွမ်းအင်အရင်းအမြစ်မျိုးစုံ လိုအပ်လျက်ရှိသည့်အတွက် လျှပ်စစ်ဓာတ်အားအမြန်ဆုံး ဖြည့်ဆည်း ထုတ်လုပ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်     နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းအနေဖြင့် ၄၀ မဂ္ဂါဝပ်ထွက်ရှိမည့် လက်ပန်လှစီမံကိန်းနှင့်  ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့်  ညောင်ပင်ကြီးစီမံကိန်းတို့တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုစီမံကိန်းများ၏   တည်ဆောက်ရေး လုပ်ငန်းများ ထက်ဝက်ကျော်ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ဆိုလာလျှပ်စစ်နှင့် ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် စီမံကိန်းများရှိကြောင်း၊    သို့သော် ထိုစီမံကိန်းများကို စာချုပ်ချုပ်ဆိုရာတွင် မတိကျမသေချာ ခဲ့သောကြောင့် ဆက်လက်မလုပ်ဆောင်နိုင်သည့် စီမံကိန်းများရှိကြောင်း၊ ယခုလက်ရှိအစိုးရအနေဖြင့် တွန်းအားပေး ကူညီပံ့ပိုး၍ လုပ်ဆောင်နေသည်များလည်း ရှိကြောင်း၊ ယင်းနေအားလျှပ်စစ်စီမံကိန်းတွင် ၆၃၅  မဂ္ဂါဝပ်ထွက်ရှိမည့် စီမံကိန်း ၁၈ ခုကို တင်ဒါခေါ်ဆိုခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် စီမံကိန်း ၁၁ ခုမှာ တင်ဒါခေါ်ဆိုခြင်း ပြီးစီးပြီဖြစ်သောကြောင့်   ဓာတ်အားဝယ်ယူရေး စာချုပ်ချုပ်ဆိုရန်    ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရေအားလျှပ်စစ်နှင့် ပတ်သက်၍ ပြောရမည်ဆိုပါက တာပိန် ၁ ရေအားလျှပ်စစ် စီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ကို ဝယ်ယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဘီလူးချောင်းမှထွက်ရှိသည့်   လျှပ်စစ်ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ကိုလည်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်း ၃ လိုင်း၏  တာဝါတိုင် ၂၂ တိုင်ကို ပြင်ဆင်ခြင်းလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ထိုလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများ အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ မေလတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော်လည်း ယခုထက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်သကဲ့သို့ ဝန်အားလျှော့ချခြင်းကိုလည်း အနည်းငယ်သာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ LNG ဈေးနှုန်းကျဆင်းချိန်တွင် ရပ်နားထားသည့် LNG ဓာတ်အားပေးစက်ရုံများ   ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်အနေဖြင့် အလယ်ပေါင်းလောင်းလျှပ်စစ်စီမံကိန်း၊ အထက်ရဲရွာလျှပ်စစ်စီမံကိန်း၊ သူဌေးလျှပ်စစ်စီ မံကိန်းတို့အပြင် အခြားရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလတ်တလော တွင် လျှပ်စစ်မီးကို အချိန်နှင့်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထု၏အကြံပြုချက်များနှင့် စကားသံများကိုကြားသိရကြောင်း၊ ပြည်သူလူထုအနေဖြင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခြင်းကို မည်သူမျှမလိုလားကြောင်း၊ မလွှဲသာ၍ ပြတ်တောက်မည်ဆိုပါက ဖြတ်တောက်မည့်အချိန်အတိအကျကို သိလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော်   ထမင်းဟင်းချက်ပြုတ်ရာတွင် လျှပ်စစ်မီးဖြတ်တောက်မည့်အချိန်ကို မသိရှိရသဖြင့် ထမင်းအိုးပျက်စီးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြစ်မည်ကို စိုးရိမ်သဖြင့် တိကျသည့်အချိန်ကို လိုချင်ကြောင်း၊ မနက်မည်သည့်အချိန်မှ မည်သည့်အချိန်ထိ မီးပျက်မည်၊ မည်သည့်အချိန်တွင် မီးလာမည်၊ ညမည်သည့်အချိန်မှ မည်သည့်အချိန်ထိ မီးပျက်မည်၊ မည်သည့်အချိန်တွင် မီးလာမည်ကို ၎င်းတို့က တိတိကျကျ သိလို ကြောင်း၊ ထိုကဲ့သို့ အချိန်အတိအကျဖြစ်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ ပြည်သူများအား အချိန်တိကျစွာ ထုတ်ပြန်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင်က လောင်စာဆီဈေးနှုန်းများ လျော့ကျနိုင်ရေးအတွက် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်လုပ်ဆောင်မှုအခြေအနေများနှင့် ရေရှည်စီမံကိန်း၊ ရေတိုစီမံကိန်းများဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို  ပြည်သူများသိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အသေးစိတ်ရှင်းလင်း ပေးစေလိုကြောင်း မေးမြန်းသည်။       

ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီဈေးနှုန်းမြင့်တက်မှုမှာ ကမ္ဘာ့ရေနံဈေးနှုန်းနှင့်လည်း သက်ဆိုင်ကြောင်း၊ တစ်ကမ္ဘာလုံး၌လည်း ဈေးနှုန်းတက်နေကြောင်း၊ ယင်းသို့ပြောဆိုရာတွင် ဈေးနှုန်းနှိုင်းယှဉ်ချက်များရှိကြောင်း၊ မိမိတို့နိုင်ငံ၏ဈေးနှုန်းနှင့် အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံ၏ ဈေးနှုန်းထက် မြင့်မားနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အမေရိကန်တွင် ၁ ဂါလန်ဈေးနှုန်းအနေဖြင့် မည်မျှရှိနေပြီဖြစ်ကြောင်းစသည်ဖြင့်   ပြောဆို၍ရကြောင်း၊ ပြောလည်းပြောနိုင်ကြောင်း၊ သို့သော် ၎င်းတို့နိုင်ငံရှိ လူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် မိမိတို့နိုင်ငံရှိ လူတစ်ဦးချင်းစီ၏ ဝင်ငွေမတူညီကြောင်း၊    မိမိတို့နိုင်ငံမှာ လူတစ်ဦးချင်းစီ၏ ဝင်ငွေလျော့နည်းသည့် နိုင်ငံဖြစ်သောကြောင့် အကျိုးသက်ရောက်မှုအပေါ်   ခံစားရမှုချင်းမတူညီကြောင်း၊ အကောင်ကြီးကြီးကို တုတ်ဖြင့်ရိုက်ခြင်းမှာ သိပ်ပြဿနာမရှိသော်လည်း အကောင်သေးသေးကို တုတ်ဖြင့်ရိုက်ပါက အကောင်သေးသေးက ပို၍ခံစားရကြောင်း၊ မိမိတို့လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များကိုသာပြောမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်အရ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို  ဥပဒေနှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များအား လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဌာနအနေဖြင့်   ဈေးနှုန်း၊ သယ်ယူစရိတ်နှင့် အာမခံကြေး၊ အခွန်အခနှင့် ကုန်ကျမှုစရိတ်ပေါင်း၍ စက်သုံးဆီအမျိုးအစား တစ်မျိုးချင်းအလိုက် ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းစက်သုံးဆီဈေးနှုန်းကို နေ့စဉ်စိစစ်တွက်ချက် ထုတ်ပြန်ပေးလျက် ရှိကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းရှင်များ အနေဖြင့်လည်း   ယင်းရည်ညွှန်း ဈေးနှုန်းများ အပေါ်တွင် အခြေခံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ဆက်လက်၍လည်း ထပ်မံကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့်    အမြတ်ရာခိုင်နှုန်းလျှော့ယူရန်နှင့် ဈေးနှုန်းတွက်ချက်သည့်အခါတွင် မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမည့်   စရိတ်စကများမှအပ အခြားလျှော့ချနိုင်သည့် စရိတ်စကများကို လျှော့ချနိုင်ရန်နှင့် အနည်းဆုံးဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်တွင်းငွေလဲလှယ်နှုန်းနှင့်ပတ်သက်ပြီး ပြောရမည်ဆိုပါက ဈေးနှုန်းလျော့ကျစေရေးအတွက် အထိုက်အလျောက်ထောက်ပံ့ပေးနိုင်ရန် စက်သုံးဆီကဏ္ဍကို ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာများ ရောင်းချပေးပြီး ပြည်သူများအတွက်  စက်သုံးဆီများကို သက်သာသည့် အထူးဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းခွဲဝေပေးလျက်ရှိကြောင်း၊ ဝယ်ယူခွင့်ရရှိသည့် လုပ်ငန်းရှင်များ၏ အရောင်းဆိုင်များကိုလည်း သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရေနံနှင့်စက်သုံးဆီများကို သက်သာသည့်ဈေးနှုန်းများဖြင့် တင်သွင်းခွင့်ရရှိရေး   ရရှိနိုင်သည့်နိုင်ငံများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိစ္စမှာ မဖြစ်ပေါ်သေးခင် ပြော၍ရသည့် ကိစ္စမဟုတ်သည့်အတွက် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ဖြစ်အောင်လုပ်မည် ဖြစ်ကြောင်း ကိုသာ ပြောကြားလိုကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k2_0.jpg

Golden Hand သတင်းဌာနမှ သတင်းထောက် ဦးမြင့်ဇော်ထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အသနားခံစာများ၊ တိုင်ကြားစာ များနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် မည်မျှကျန်သည်ကို   သိလိုကြောင်းနှင့် အသနားခံ စာတိုင်ကြားသည့် ကာယကံရှင်အား ခေါ်ယူပြီး စစ်ဆေး မေးမြန်းခြင်း ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   ထိုကိစ္စနှင့်ပတ်သက်ပြီး အသနားခံစာများ၊ တိုင်ကြားစာများရှိကြောင်း၊ အရေအတွက်ကို မိမိတို့မသိကြောင်း၊ အဓိကအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကိုသာ တိုင်ကြားစာများရောက်ရှိခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စများကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ တိုင်စာများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရများတွင် ပြန်လည်လုပ်ဆောင်ပေးရန်  ညွှန်ကြားထားကြောင်း ပြန်လည်ဖြေကြားသည်။

Golden Hand သတင်းဌာနမှ သတင်းထောက် ဦးမြင့်ဇော်ထွန်းက ကျူးကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းခန့်ကစပြီး ယခုအချိန်ထိ ကျူးကျော်များကို    ရှင်းလင်းခြင်းများ ဆောင်ရွက်နေသည်ကို   တွေ့ရကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ စတင်ရှင်းလင်းခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့ရှိ လမ်းမကြီးများနှင့် ပေ ၅၀ ၊ ၇၅ ပေအကွာအဝေးအတွင်းရှိ လမ်းဘေးဝဲယာမှ မလွတ်သည့်နေရာများကို ရှင်းလင်းကြောင်း၊ အဆိုပါကျူးကျော်အိမ်များကို ယခင်အာဏာပိုင်အဖွဲ့အစည်းများက တားမြစ်ခဲ့ခြင်း ရှိ/မရှိ သိလိုကြောင်း၊ ပြည် - ရွှေတောင်၊ မိုင်တိုင် ၁၇၀ အနီးရှိ ဘဏ်တစ်ခုဆိုလျှင် လမ်းဘေးတွင် ထီးထီးကြီး ကျန်ရှိနေကြောင်း၊ ဘဏ်ဆိုသည်မှာ တော်ရုံတည်ဆောက်ထားခြင်း မဟုတ်ကြောင်း၊ အဆိုပါဘဏ်ကဲ့သို့သော အဆောက်အဦများဆောက်လုပ်မည်ဆိုပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများထံမှ ခွင့်ပြုချက် များရယူရကြောင်း၊  ခွင့်ပြုချက်မရရှိပါက ဆောက်လုပ်၍မရကြောင်း၊  ဥပဒေမညီ၊ ဆောက်လုပ်ရန်မသင့်တော်ပါက ထိုစဉ်ကပင် သက်ဆိုင်ရာက တားမြစ်ခဲ့ခြင်း ရှိမရှိ သိလိုကြောင်းနှင့်  ထိုအဆောက်အဦဆောက်လုပ်စဉ် ခွင့်ပြုခဲ့သည့်အဖွဲ့အစည်းများကို အရေးယူခြင်းရှိမရှိ သိလိုကြောင်း၊  တချို့ကျူးကျော်ရှင်းလင်းသည့်နေရာများတွင် သတ်မှတ်သည့်ပေထက်ပိုပြီး ရှင်းလင်းခဲ့ခြင်းများရှိကြောင်း၊ နစ်နာသူများလည်းရှိကြောင်း၊ ဒေသခံအာဏာပိုင်အဖွဲ့အစည်းများက ကြိုတင်အသိပေးထားခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အတွက် ထိုကိစ္စများကို ဖြေရှင်းပေးရန်  ရှိ၊မရှိနှင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးသွားမည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျူးကျော်သည့်ကိစ္စနှင့်ပတ်သက်ပြီး မိမိတို့ဆောင်ရွက်ထားကြောင်း၊   အဓိကဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ    တရားဥပဒေစိုးမိုးရေးအတွက်    ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျူးကျော်နေရာများကို   တရားဥပဒေနှင့်ပတ်သက်ပြီး ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊   နိုင်ငံရေးအစိုးရမဟုတ်သည့်အတွက် ရှင်းရဲတာဖြစ်ကြောင်း၊ မဲပေးပြီး တက်လာသည့်အစိုးရတိုင်းသည် ကျူးကျော်နှင့်ပတ်သက်လာလျှင် အကုန်လက်ရှောင်ကြောင်း၊ ထိုကိစ္စအတွက် ၎င်းတို့ကို အပြစ်ပြော၍မရကြောင်း၊ ၎င်းတို့မှာ ရွေးကောက်ပွဲအတွက်  မဲဆွယ်ရမည်ဖြစ်သောကြောင့် ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်သည့်အတွက် တရားဥပဒေစိုးမိုးရေးကို အလေးပေး၍ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး မြို့နယ်အလိုက် အသေးစိတ်ဖြေဆို နိုင်ခြင်းမရှိကြောင်း၊ ဖြစ်စဉ်များကြည့်ပြီးသာ ဖြေဆိုမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k6_0.jpg

Sky Net   သတင်းဌာနမှ သတင်းထောက် ကိုသွင်ထူးအောင်က   အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ်  မည်သည့်ထူးခြားချက်များရှိခဲ့သည်ကို သိလိုကြောင်းနှင့် မည်သည့်ကိစ္စများဆွေးနွေးခဲ့သည်ကို သိလိုကြောင်း၊ ထို့ပြင်   အာဆီယံအထူးကိုယ်စားလှယ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့တွေ့ဆုံစဉ် အာဆီယံဘုံသဘောတူညီချက်(၅)ချက်ကို  ဖော်ဆောင်ရာ၌  မြန်မာဦးဆောင်သည့် မြန်မာ့လုပ်ငန်းစဉ် ဖြစ်ရမည်ဟု ပြောကြားခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ မြန်မာ့လုပ်ငန်းစဉ်ဟူသည့် ခေါင်းစဉ်အောက်၌ မည်သည့်အချက်နှင့်   မည်ကဲ့သို့သော အဓိပ္ပာယ်များ ပါဝင်သည်ကိုသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံအထူးကိုယ်စားလှယ်နှင့်   နိုင်ငံတော် ဝန်ကြီးချုပ်တို့   တွေ့ဆုံဆွေးနွေး ရာတွင် အကြမ်းဖက်မှုများရပ်တန့်စေရေးကိစ္စရပ် များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို အဓိကအလေးပေး၍ အချိန်ယူဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် အာဆီယံ အထူးကိုယ်စားလှယ်၏ မူရင်းပြောကြားချက်ကိုပြောပြရမည်ဆိုပါက ၎င်းအနေဖြင့် ယခုတာဝန်ကို ထမ်းဆောင်ရာတွင် သမာသမတ်ရှိရှိဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာ၍ ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း၊ သတင်းထောက်ကြီးမေးမြန်းခဲ့သည့် မေးခွန်းများ၏ အဆက်များမှာ အဆိုပါကိစ္စများသာဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင်လည်း ဘုံသဘောတူညီချက်(၅)ရပ် အပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဦးဆောင်သည့် မြန်မာ့လုပ်ငန်းစဉ် ဖြစ်ရမည်ဟု ပြောခြင်း ဖြစ်ကြောင်း၊ အတိုချုံး၍ပြောရမည်ဆိုပါက အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု အနေဖြင့် မိမိနိုင်ငံ၏ ကံကြမ္မာကို မိမိဖန်တီးခွင့်ရှိကြောင်း၊ အဆိုပါစကားကို မိမိသဘောဖြင့်ပြောခြင်း မဟုတ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် စကားလုံးဖြစ်ကြောင်း၊ အဆိုပါစာတမ်းတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံ များအနေဖြင့် မိမိကံကြမ္မာကို မိမိဖန်တီးခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထားကြောင်း၊ ထို့ကြောင့် အထက်ပါကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် အခြားတစ်ဦးတစ်ယောက် ပြဋ္ဌာန်းပေးသည့် မည်သည့်ပြဋ္ဌာန်းချက်ကိုမျှ လိုက်နာဆောင်ရွက်ရန် မလိုကြောင်း၊ မြန်မာနိုင်ငံ၏ မြန်မာ့လုပ်ငန်းစဉ်အတိုင်းသာ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ အဆိုပါကိစ္စများကို လက်ရှိအစိုးရအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ ရှိပြီးဖြစ်ကြောင်းနှင့် ထိုလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ဖြစ်ကြောင်း၊ ရှေ့ဆက်သွားမည့် အမျိုးသားရေး လုပ်ငန်းစဉ်(၂)ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း ယခုသတင်းစာရှင်းလင်းပွဲအစောပိုင်းတွင် မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်သွားမည့် မြန်မာ့လုပ်ငန်းစဉ်များ ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မိမိတို့အစိုးရ၏ယုံကြည်ချက်နှင့် ခံယူချက်မှာ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဟု ခံယူထားကြောင်း၊ ထို့ကြောင့် ပြည်တွင်းအားကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအားကို တည်ဆောက် မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့လမ်းစဉ်ဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Sky Net သတင်းဌာနမှ သတင်းထောက် သွင်ထူးအောင်က စက်သုံးဆီဈေးနှုန်းများမြင့်တက်ခြင်းနှင့် အထွေထွေကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းများကျပ်တည်း၍ စားဝတ်နေရေးများ ခက်ခဲလာကြောင်း၊ ပြည်သူများ စီးပွားရေးချောင်လည်၍ ဝင်ငွေတိုးစေရန်မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ လျှပ်စစ်မီးကိုအချိန်ခွဲ၍ပေးနေရာမှ အချိန်ပြည့်မီးရရှိရေးအတွက် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်းနှင့် ထိုကဲ့သို့ အချိန်ပြည့်မီးရရှိနိုင်ရေးမည်ကဲ့သို့ စီမံဆောင်ရွက်ပေး နေသည်ကို သိလိုကြောင်း ဆက်လက်မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်မီးကိစ္စကို ယခုသတင်းစာရှင်းလင်းပွဲ၏ အရှေ့ပိုင်းတွင် မိမိပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ မေလခန့်အထိ ယခုအခြေအနေအတိုင်းဆက်လက် ဖြစ်နေမည့် အနေအထားရှိကြောင်း၊ သို့သော် မီးပြတ်သည့် အချိန်တိကျစေရန်နှင့် မီးပြတ်ချိန်ကို နည်းနိုင်သမျှအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ရိုက်ခတ်မှုများ ရှိကြောင်း၊ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကြီးမြင့်လာကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်၍  လုပ်ဆောင်မည့် အကြောင်းအရာများကိုလည်း အစောပိုင်းက မိမိဖြေကြားပြီးဖြစ်ကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်ပါက မိမိတို့လုပ်ဆောင်နိုင်သည့် နည်းလမ်းများ အားလုံးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊  ထို့ပြင် ပြည်ပမှ တင်သွင်းနိုင်ရန် အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍   အသေးစိတ်ကို ကြိုတင်ပြောရန် မရှိကြောင်း၊ မိမိတို့က ကြိုတင်၍ အသေးစိတ်ပြောမည်ဆိုပါက အခြားလုပ်ငန်းများကို ထိခိုက်နိုင်သောကြောင့် မပြောခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားရေး လုပ်ငန်းစဉ် (၂)ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းစနစ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ရေတင်စိုက်ပျိုးမှုများအတွက် စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုနှင့် ဓာတ်မြေသြဇာဈေးနှုန်းကြီးမြင့်မှုများကိုလည်း ပြေလည်စေရေးစီမံကိန်း ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k3_0.jpg

Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ကျွန်မတို့ ဟူသည့် နာမ်စားကိုသုံးစွဲသွားမည် ဖြစ်ကြောင်း၊ ကျွန်မတို့ ဆိုသည်မှာ မြန်မာနိုင်ငံအပေါ် သစ္စာရှိသောလူများနှင့် တပ်မတော်အပေါ် အကြွင်းမဲ့ယုံကြည်အားကိုးသည့် ပြည်သူများကို ကိုယ်စားပြုသည့် စကားဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အပေါ် အလွန်အကျွံယုံကြည်ခြင်းကို ချင့်ချိန်တွေးတောနေရပါကြောင်း၊ လူတစ်ဦးတစ်ယောက်ကို ပုံအပ်ပြီး စုံလုံးကန်းခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့ နီပိန်း၊ နီပိတ်များဖြစ်လာရပါကြောင်း၊ ကျွန်မတို့သည် တပ်မတော်ဟူသည့် အဖွဲ့အစည်းကြီးကို အလွန်အကျွံ ယုံကြည်အားကိုးမိသည့်အတွက် စစ်ပိန်း၊ စစ်ပိတ်ဟုပြောခံရလျှင်လည်း ကျေကျေနပ်နပ်ကြီးခံယူသွားမည်ဖြစ်ကြောင်း၊ ကျွန်မတို့ အတွက် တပ်မတော်ကလွဲပြီး ယုံကြည်အားကိုးစရာ လုံးဝမရှိပါကြောင်း၊ အားကိုးမှာလည်း မဟုတ်ပါကြောင်း၊ ပထမဆုံးမေးခွန်းအနေဖြင့် ဃီြ များကို လွယ်လွယ်ကူကူ အလုပ်ပြန်ခန့်ခဲ့သည့်အတွက် အပြုံးမပျက် ရုံးတက်ခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများ   စိတ်အားငယ်ခဲ့ရပါ ကြောင်း၊ မင်းသား၊ မင်းသမီးများ ဥပဒေအထက်ကို ရောက်သွားသည့်အတွက် ဥပဒေနှင့်အညီနေထိုင်နေသည့်သူများ စိတ်မကောင်းဖြစ်ခဲ့ရပါကြောင်း၊ ယခုလည်း ကျောင်းခေါ်ချိန်မပြည့်မီသည့်သူများကို စာမေးပွဲဖြေဆိုခွင့်ပေးခဲ့သည့်အတွက် ခြိမ်းခြောက်ခြင်းများကြားတွင် အသက်နှင့်လဲကာကျောင်းပို့၊ ကျောင်းတက်ခဲ့ရသည့် ကျောင်းသားများနှင့် မိဘများစိတ်ပျက်နေကြရပါကြောင်း၊ အိမ်စောင့်အစိုးရအပေါ်ကို ယုံကြည်အားကိုးနေသည့် ကျွန်မတို့ ပြည်သူများ၏ မျက်ရည်များကို မည်သည့်အချိန်တွင် သုတ်ပေးနိုင်မည်ကို သိလိုပါကြောင်း၊  ဆက်စပ်မေးခွန်း အနေဖြင့် ဆန်၊ ဆီ၊ ဒီဇယ်၊ ရွှေ၊ ကုန်ဈေးနှုန်းများနှင့် ဒေါ်လာဈေးနှုန်းများကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အပြင် တရားဥပဒေ၏ အကျိုးသက်ရောက်မှုကလည်း မလွှမ်းမိုးနိုင်သေးပါကြောင်း၊ အိမ်စောင့်အစိုးရ၏ နိုင်ငံသူ၊ နိုင်ငံသားများအပေါ် အသက်အိုးအိမ်စည်းစိမ်အတွက်   မည်သည့်အချိန်ခန့်တွင် အာမခံချက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မင်းသား၊ မင်းသမီးကိစ္စများနှင့်ပတ်သက်၍ ၎င်းတို့ကို လွှတ်ပေးလိုက်သည့် အချိန်တွင်လည်း မိမိတို့ပြောပြီးဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်ရေးအတွက် ပြောခဲ့ခြင်းလည်း ရှိကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့ကို ခံဝန်ထိုး၍ လွှတ်ပေးခြင်း ဖြစ်ကြောင်း၊ ကျန်သူများကိုလည်း ခံဝန်ထိုးပြီးလွှတ်ပေးခြင်းသာဖြစ်ကြောင်း၊ စာမေးပွဲနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ခံရမှု သတင်းဖြစ်စဉ်များကိုလည်း မိမိတို့ကြားသိရပါကြောင်း၊ ကျောင်းခေါ်ကြိမ်မပြည့်ဘဲ စာမေးပွဲလာဖြေသည့်ကိစ္စများ၊ CDM ဝန်ထမ်းများက ခြိမ်းခြောက်သည့် ကိစ္စများကိုလည်း သိရပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းခေါ်ကြိမ်မပြည့်ဘဲ စာမေးပွဲဖြေဆိုသည့် ကိစ္စများသည် တချို့ကိစ္စများမှန်သင့်သလောက်မှန်ပြီး တချို့မှာပုဂ္ဂိုလ်ရေးကိစ္စများ ပါဝင်နေကြောင်း၊ ယခင်ကမူ ကျောင်းမတက်ရန် ဆန့်ကျင်ခဲ့ကြောင်း၊ သို့သော်ကျောင်းတက်ပြီး စာမေးပွဲဖြေကြကြောင်း၊ ယင်းကိစ္စများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပတ်သက်ပြီး ပြည်သူလူထုပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်တွေ့ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေး စနစ်ပါဝင်သည့် ပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာများအနေဖြင့် ထိခိုက်နစ်နာမှုများ ရှိသင့်သလောက်ရှိကြောင်း၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဝန်ကြီးချုပ်များကိုယ်တိုင်သွားရောက်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး မည်သည့်အချိန်တွင် အာမခံချက်ပေးနိုင်မည်ဟု ပြောရန်ခက် ကြောင်း၊ မည်သည့်နိုင်ငံမျှ ၁၀၀ ရာခိုင်နှုန်း လုံခြုံရေးအာမခံချက်မရှိကြောင်း၊ တတ်နိုင်သမျှ တည်ငြိမ်အေးချမ်းစေရန်နှင့် တရားဥပဒေစိုးမိုးစေရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k4_0.jpg

97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ရိုးရာယဉ်ကျေးမှုထုံးတမ်းစဉ်လာမပျက် ကျင်းပသွားမည်ဟု သတင်းထုတ်ပြန်ချက်များတွင် တွေ့ရကြောင်း၊ နိုင်ငံအဝန်း၌ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို သိလိုပါကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလတ်တလောတွင် နေပြည်တော် ၈ မြို့နယ်၊ မန္တလေး ၁၀ မြို့နယ်၊ ရန်ကုန် ၄၄ မြို့နယ်၊ မကွေး ၁၇ မြို့နယ်တို့၌ ညမထွက်ရ အမိန့်နှင့်ပတ်သက်ပြီး ယခင်က ည ၁၀ နာရီမှ မနက် ၄ နာရီအထိ သတ်မှတ်ထား သော်လည်း  ယခုအခါ  ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ဖြေလျှော့ပေးထားပြီ ဖြစ်ကြောင်း၊ ဆက်လက်ဖြေလျှော့ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း၊ ကိုဗစ်ကာလ တတိယလှိုင်းအထိ ပြီးသွားပြီဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်ကာလ အတွင်းမွန်းကျပ်ခဲ့ခြင်းများ၊ နိုင်ငံရေးအခြေ အနေများကြောင့် မွန်းကျပ်ခဲ့ခြင်းရှိခဲ့သည့် အတွက် သင်္ကြန်ပွဲတော်နှင့်ပတ်သက်ပြီး ဖြေလျှော့ပေးရန် အစီအစဉ်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ဖျော်ဖြေရေးလုပ်ငန်း၊ ရုပ်ရှင်လုပ်ငန်းများကို နှစ်ဆန်း၁ ရက်နေ့မှစတင်ရန် အစီအစဉ်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာရေးကိုလည်း   ဧပြီလသင်္ကြန်အပြီးတွင် ဖြေလျှော့မှုပြုလုပ်ပေးရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ထို့အတူ သင်္ကြန်ပွဲတော်ကာလကို တတ်နိုင်သမျှ ပြည်သူလူထုအားလုံးပါဝင်ဆင်နွှဲခွင့်ရအောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k5_0.jpg

မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးကိုကိုကြီးက မတ်လ ၂၃ ရက်နေ့တွင် မန္တလေး - မုံရွာလမ်းပေါ်ရှိ မအူဂိတ်ကို PDF အဖွဲ့များက နံနက် ၂ နာရီခန့်တွင် တိုက်ခိုက်သွားပြီး တာဝန်ကျသည့်ဝန်ထမ်းများကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း၊ အလားတူ ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာ ၃ မိုင် အကွာရှိ ကြံ့ခိုင်ရေးပါတီဝင် တွဲဖက်အတွင်းရေးမှူးကို မျက်နှာဖုံးစွပ်များက ဖမ်းသွားသဖြင့် တပ်မတော်က ရှာဖွေနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ   ကန့်ဘလူမြို့နယ်၊ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ ကလေးဒေသများတွင် ဒလန်ဟုစွပ်စွဲခံရသည့် အပြစ်မဲ့ ပြည်သူများသေကျေသည်မှာ အများအပြားရှိကြောင်း၊ မိုင်းထိသည့် ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ခြင်းရှိကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်က ထောက်ပံ့ငွေများပေးရန် အစီအစဉ် ရှိမရှိနှင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကလည်း အခြားထောက်ပံ့မည့် အစီအစဉ်များရှိလျှင်   မည်သို့ထောက်ပံ့ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလတ်တလောတွင် မိမိတို့အနေဖြင့် ထောက်ပံ့ရန် အစီအစဉ်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများတွင် PDF များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အလုပ်အကိုင်ဆုံးရှုံးသွားရသည့် ပြည်သူများ၊ အသက်ဆုံးရှုံးသွားရသည့် ပြည်သူများကို ဝန်ကြီးချုပ်များကိုယ်တိုင်ကျေးရွာများအလိုက် သွားရောက်ထောက်ပံ့ပေးနေခြင်းများရှိကြောင်း၊ လိုအပ်သည့်  ဆေးကုသရေးအဖွဲ့များကို စေလွှတ်ပြီး ဆေးကုသပေးခြင်းများကို ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်း ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးကိုကိုကြီးက မြဝတီခရိုင်၌ ယခင်ကတည်ငြိမ်နေသော်လည်း မကြာခင်က KNU တပ်မဟာ(၆)နှင့် တပ်မတော်အကြား တိုက်ပွဲဖြစ်ခဲ့ပါကြောင်း၊ ၎င်းင်းနေရာတွင် စစ်ဘေးရှောင်သည့် လူတစ်သောင်းကျော်ခန့် တစ်ဖက်နိုင်ငံသို့ သွားရောက်နေရသည်ဟု သိရပါကြောင်း၊ ယင်းအခြေအနေကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခင်လေးကေ့ကော်တိုက်ပွဲတွင် စစ်ဘေးရှောင်များရှိနိုင်ကြောင်း၊ တိုက်ပွဲပြီးဆုံး သည့်အခါ မိမိတို့ ပြန်လည်ဆက်သွယ်ပြီး ပြန်လည်နေရာချထားပေးခြင်းများပြုလုပ်ပေးကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် IDP နေရပ်စွန့်ခွာသူများနှင့် စစ်ဘေးရှောင်များကို ၎င်းတို့၏ မူလနေရပ်ဒေသတွင် ပြန်လည်နေရာချထားနိုင်ရေး ဦးစားပေးဆောင်ရွက်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိအောင် ဦးစွာလုပ်ဆောင်ရကြောင်း၊   သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရများ၊ တိုင်းစစ်ဌာနချုပ်များက  ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k7_0.jpg

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိအနေဖြင့် မေးခွန်းမမေးမီတောင်းဆိုစရာတစ်ခုရှိပါကြောင်း၊ ပန်းခင်းစီမံချက်နှင့်ပတ်သက်ကြောင်း၊ မြေပြင်တွင် ပုံစံ(၁၀)အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ ပန်းခင်းစီမံချက်အရ အသက် ၁၆ နှစ်နှင့်အထက်  ပြည့်ပြီးသူများကို နိုင်ငံသားအသိအမှတ်ပြုကတ် တစ်မျိုးမျိုး(သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ရရှိနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ သို့သော် မြေပြင်တွင် ပုံစံ(၁၀)နှင့်ပတ်သက်သည့် အခက်အခဲများ များစွာဖြစ်ပေါ်နေကြောင်း၊ ထိုကိစ္စကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် မြေပြင်ကွင်းဆင်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန် တောင်းဆိုလိုကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ် လာရောက်ခဲ့သည့်ကိစ္စနှင့် (၇၇)နှစ်မြောက်တပ်မတော်နေ့နှင့် ဆက်စပ်သည့်မေးခွန်းတစ်ခု မေးမြန်းလိုကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်    မြန်မာနိုင်ငံခရီးစဉ်လာရောက်ခဲ့သည့် ပထမခြေလှမ်းအနေဖြင့် လတ်တလော ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်(၅)ရပ်အပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် မည်မျှအထိ သက်ရောက်မှုရှိနိုင်မည်ကို သိလိုကြောင်းနှင့် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌  ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ် များနှင့် ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးအပြီးတွင် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့များက    အာဆီယံနိုင်ငံများမှ   တပ်မတော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊  ထိုသို့တွေ့ဆုံရာတွင် လာမည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အခမ်း အနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းရှိ၊ မရှိ သိလိုကြောင်း၊ ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးများကိုဖိတ်ကြားရန်အစီအစဉ်ရှိမရှိ  သိလိုကြောင်းနှင့် တပ်မတော်နေ့ အခမ်းအနား တက်ရောက်ရန်အတွက် အခြားမည်သည့်နိုင်ငံများမှ ဧည့်သည်တော်များကို ဖိတ်ကြားထားသည်ကိုလည်းသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရာတွင် ယခုခရီးစဉ်သည် ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း၊ ယခင်ဘရူနိုင်းနိုင်ငံမှခန့်အပ်ထားသည့်   အထူးကိုယ်စားလှယ်မှာ အကြောင်းအမျိုးမျိုးကြောင့် လာရောက်ခြင်းမရှိခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ် မလာရောက်မီကပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၏ အပြုသဘောဆောင်သည့်  ခရီးစဉ်ကို မြန်မာနိုင်ငံသို့ စတင်၍လာရောက်ခဲ့ကြောင်း၊ အဆိုပါ  ခရီးစဉ်၏ရလဒ်ကြောင့်သာ အာဆီယံအထူးကိုယ်စားလှယ် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဆွေးနွေးချက်များကို   Sky Net မှသတင်းထောက်ကြီး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌  ပြောကြားပြီးဖြစ်ကြောင်း၊ နံပါတ်(တစ်) အကျိုးသက်ရောက်မှုအနေဖြင့် ဆက်လက်ဆွေးနွေးသွားမည်ဆိုသည့် အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့    ထပ်မံလာရောက်နိုင်သည်ဟုလည်း    ဖိတ်ခေါ်ခဲ့ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ် ကလည်း မူဝါဒအရ သဘောတူညီပြီး ဖြစ်ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာရောက်စဉ် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်မည်ဟု တောင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ညှိနှိုင်းရေး အဖွဲ့များနှင့် တွေ့ဆုံသွားခဲ့ပြီးဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် မြန်မာ့နိုင်ငံရေးလောကတွင် စစ်ဘောင်ကျယ်သည်ဟု ဝေဖန်နေကြသည့် ကိစ္စများကို စတင်ဖြေရှင်းနိုင်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာမှပါဝင်လာခဲ့သဖြင့် အကျိုးဖြစ်ထွန်းခဲ့ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များရပ်တန့်ရန်နှင့် တပ်မတော်အနေဖြင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် တာဝန်ရှိကြောင်း၊ မိမိတို့အနေဖြင့် မည်သည့် EAO စခန်းကိုမျှ သွားရောက်တိုက်ခိုက်ခြင်းမရှိကြောင်း၊  EAO စခန်းများ မည်သည့်နေရာတွင်ရှိသည်ကို  မိမိတို့သိရှိကြောင်း၊ ယခင်သတင်းစာရှင်းလင်းပွဲများတွင် မိမိပြောခဲ့သလိုပင် သွားရောက်တိုက်ခိုက်ရန်မလိုကြောင်း၊ အဝေးမှပစ်ခတ်၍ပင်ရကြောင်း၊ သို့သော် ထိုသို့မလုပ်ခဲ့ကြောင်း၊ ထိုအခြေအနေများမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် မိမိတို့၏သဘောထားများဖြစ်ကြောင်း၊ တပ်မတော်နေ့ အခမ်းအနားသို့ မိမိတို့မြန်မာနိုင်ငံတွင် အခြေစိုက်သည့် စစ်သံမှူးများကို ဖိတ်ကြားထားပြီးဖြစ်ကြောင်း၊ တက်ရောက်မည့် စစ်သံမှူးများလည်းရှိပြီး ဖြစ်ကြောင်း၊ မိတ်ဖက်နိုင်ငံများမှ စစ်ဘက်၊ အရပ်ဘက်ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားထားကြောင်း၊   အခမ်းအနား တက်ရောက်မည့် ကိုယ်စားလှယ်အချို့လည်း ရောက်ရှိနေပြီဖြစ်ကြောင်း    ပြန်လည် ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  လတ်တလောတွင် အကြမ်းဖက်မှုများကို နှိမ်နင်းခြင်းထက် မူဝါဒပိုင်းအား ပိုမို၍ လက်တွေ့အကောင်အထည်ဖော် လာသည်ကိုတွေ့ရကြောင်း၊ အဂတိမှုများနှင့်ပတ်သက်၍လည်း  လုပ်ဆောင်လာသည်ကို   တွေ့ရကြောင်း၊ ထို့ကြောင့်  ပြီးခဲ့သည့်  NLD အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင်   ဖြစ်ပွားခဲ့သည့် မြေယာကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား တရားစွဲဆိုထားသည့် အမှုတစ်မှုရှိခဲ့ကြောင်း၊ တရားစွဲဆိုသူမှာ အဆိုပါမြေယာကိုပိုင်ဆိုင်သည့် ဒေါ်နန်းခမ်းတစ် ဖြစ်ကြောင်း၊ NLD အစိုးရလက်ထက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က မြေဧက ၉၃ ဧကကျော်ကို မြေကြီးများ ရောင်းချခြင်း၊ မြေကွက်များဖော်၍ရောင်းချခြင်းများမှ ယနေ့အထိ ဆိုပါက ကျပ်ငွေဘီလီယံပေါင်း မြောက်မြားစွာရရှိထားသည်ဟု   သိရကြောင်း၊  အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေါက်တာလင်းထွဋ်အပေါ် တရားစွဲဆိုထားသည့် အမှု၏အခြေအနေကို သိလိုကြောင်းနှင့် မြေကြီးများတူး၍ရောင်းချခြင်းနှင့် မြေကွက်ဖော်၍ရောင်းချခြင်းများမှရရှိခဲ့သည့် ငွေကျပ်ဘီလီယံပေါင်းများစွာအထဲမှ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတာဝန်ယူနေသည့်ကာလအတွင်းနှင့် ယခင် NLD အစိုးရကာလ အတွင်းတို့တွင် နိုင်ငံတော်သို့ အခွန်အဖြစ် ပေးသွင်းထားခြင်းရှိမရှိနှင့် ပေးသွင်းထားပါက မည်မျှပေးသွင်းထားသည်ကို သိလိုကြောင်း၊ နစ်နာခဲ့သူများအတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါကိစ္စကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) သက်ဆိုင်ရာဝန်ကြီးဌာနကို မိမိအနေဖြင့် မေးမြန်းပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k10_0.jpg

People Media မှ သတင်းထောက် ဦးကျော်စိုးဦးက အကြောင်းအမျိုးမျိုးကြောင့် PDF အကြမ်းဖက်အဖွဲ့များထဲသို့ ရောက်ရှိသွားသည့်သူများသည် ပညာရေး ဝန်ထမ်းများ၊  ကျန်းမာရေးဝန်ထမ်းများ၊ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များကို လုပ်ကြံသတ်ဖြတ်မှုများ ရှိသည့်အတွက်    ထိုအမြင်များအပေါ်တွင်သဘောထားမတိုက်ဆိုင်သည့် PDF များက ယခုအစိုးရထံသို့  ခိုလှုံလိုနေကြကြောင်း၊ ယင်းသို့သော အခြေအနေမျိုး များအတွက် နိုင်ငံတော်အစိုးရက   လမ်းဖွင့်ပေးရန် အစီအစဉ်ရှိ^မရှိနှင့် ခိုလှုံခွင့်ပေးမည်ဆိုလျှင် မည်သို့ဆောင်ရွက်ရမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက နှစ်ပေါင်းများစွာတိုက်ခိုက်နေရသည့် ရန်သူများကိုပင် ငြိမ်းချမ်းရေးနှင့် ပတ်သက်လာလျှင် မိမိတို့က စားပွဲဝိုင်းတွင်ထိုင်ပြီး ဆွေးနွေး နေရကြောင်း၊ ယခင်ကတည်းက ၎င်းတို့နှင့် ပတ်သက်၍ ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်း/ပြည်ပများတွင် ထွက်ပြေးတိမ်းရှောင်နေသူများနှင့် ပတ်သက်ပြီး မေလတွင် စတင်ထုတ်ပြန်ခဲ့ကြောင်း၊  ထိုထုတ်ပြန်ချက်များကို နေ့စဉ်သတင်းစာများနှင့် ရုပ်သံလိုင်းများတွင်   ပြည်သူများသိရှိအောင် အမြဲ ကြေညာနေကြောင်း၊ လူငယ်လူရွယ်များသည် တိုင်းပြည်နှင့် ပတ်သက်လာလျှင် စိတ်ဓာတ် ပိုမိုတက်ကြွကြကြောင်း၊ ထိုစိတ်ဓာတ်များကို အသုံးချပြီး နိုင်ငံရေးမကျေနပ်ချက်များကို သွင်းပေးကာ တောခိုသွားအောင်လုပ်သည့် ၁၉၈၈ ခုနှစ် အရေးအခင်းဖြစ်စဉ်များ ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများသို့ ရောက်ရှိနေသည့် လူငယ်လူရွယ်များအနေဖြင့် ခြိမ်းခြောက်ခံရမှုများကြောင့် ယခုအချိန်အထိ ဆက်လက်နေထိုင် နေကြရသည်များ၊ လူမှုစီးပွားရေး အခက်အခဲဖြစ်ပေါ်နေသည်များကို အစိုးရအနေဖြင့် သိရှိကြောင်း၊ ထိုသို့သိရှိရခြင်းကြောင့် အစိုးရအနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းထဲသို့ ရောက်ရှိနေသည့် လူငယ် လူရွယ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများထံ ရောက်ရှိနေသည့် လူငယ်များနှင့် ပြည်ပသို့ရောက်ရှိနေသည့် လူငယ်လူရွယ်များကို အချိန်မရွေး ပြန်လည်ဖိတ်ခေါ်ပါ ကြောင်း၊ ရာဇဝတ်မှုကျူးလွန်ထားသူများမှအပ ကျန်သူများအားလုံးကင်းလွတ်ခွင့်ရစေမည်ဖြစ်ကြောင်း၊ တောခိုပြီး ပြန်ဝင်လာသူများအနက် လူသတ်မှု ကျူးလွန်ထားသူများကိုမူ ဥပဒေအရ မည်သို့မျှဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း၊ တောခိုသွားသူ အများစုမှာ အများအားဖြင့် ရာဇဝတ်မှုကျူးလွန်ထားသူများမဟုတ်ကြောင်း၊ တလွဲအသုံးချခံရပြီး ထွက်သွား သည့်    လူများဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့်ပတ်သက်ပြီး အရေးယူမှုတစ်စုံတစ်ရာမရှိဘဲ   လက်ခံမည်ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းထုတ်ပြန်ချက်သည် အတည်ဖြစ်ကြောင်း၊ ဆက်သွယ်ဆောင်ရွက်ရမည့် အဆင့်များ ပါရှိကြောင်း၊ နိုင်ငံခြားတွင် သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံး များမှတစ်ဆင့်    ဆက်သွယ်၍ရကြောင်း၊ ပြည်တွင်းတွင်  သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ အုပ်စု၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးရုံးများတွင် ဆက်သွယ်၍ရကြောင်း၊ တချို့လက်ရှိအစိုးရဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များထဲတွင် သတင်းထောက်ကြီးတို့   ပြောသကဲ့သို့ ဖရဲသီးများရှိသောကြောင့်  အစိုးရထံ ပြန်လည်ခိုလှုံလိုသူများက  ၎င်းတို့ကို မဆက်သွယ်လိုဘဲ တိုက်ရိုက်ဆက်သွယ်ပြီး ဝင်ရောက်လာသူများ ရှိကြောင်း၊ နည်းလမ်း အဆင့်ဆင့်ဖြင့်သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း   ဆက်သွယ်၍ ရသည့်နည်းလမ်းများ ရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ်တို့ကို တိုက်ရိုက်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ စိတ်ချရသည့်နေရာများရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပျက်နေသည့် အခြေအနေများသည် ဆိုးရွားနေသည့် အခြေအနေများရှိကြောင်း၊ လက်ယက်တွင်း ရေနံထွက်သည့်ဒေသနှင့် ရွှေကျင်နေသည့်ဒေသများတွင် ပို၍ဆိုးကြောင်း၊   တစ်ဖွဲ့ချင်းလုနေသည်များလည်းရှိကြောင်း၊ ထိုအထဲတွင် ဓားစာခံအဖြစ် သေဆုံးနေသူများလည်းရှိကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များအနေဖြင့် လမ်းမှန်ကို ရွေးချယ်ကြရန်နှင့်  စိတ်ချလက်ချပြန်လည်ဝင်ရောက်နိုင်သည်ဟု အာမခံကြောင်းကို     ယခုနေရာမှ ပြောလိုကြောင်း၊   မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများဖြစ်စေ၊ ဆွေမျိုးသား ချင်းများဖြစ်စေ ထိုသို့သော ကိစ္စရပ်များ ရှိလာလျှင် ဝိုင်းဝန်းကူညီပေးကြရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k8_0.jpg

Myanmar National Post သတင်းဌာနမှ သတင်းထောက် နောင်တော်လေး က အကြမ်းဖက်များ၏အန္တရာယ်နှင့်ပတ်သက်သည့်မေးခွန်းကို မေးမြန်းလိုကြောင်း၊ NLD အစွန်းရောက် PDF များ၏ လုပ်ကြံသတ်ဖြတ်မှုမှကာကွယ်ရန်အတွက် ပြည်သူ များပူးပေါင်းဆောင်ရွက်ရန်အတွက် ဝန်ကြီးကိုယ်တိုင်လည်း သတင်းစာရှင်းလင်းပွဲများမှ တစ်ဆင့်  အကြိမ်ကြိမ်အသိပေးခဲ့ကြောင်း၊ အကြမ်းဖက် ဘေးအန္တရာယ်သင့် ပြည်သူအချို့နှင့်လည်း အဆက်အသွယ်ရှိကြောင်း၊ ထိုသူများကလည်း ပြည်သူ့စစ်အဖွဲ့များတွင် ပူးပေါင်းပါဝင်၍ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နေကြသူများလည်းရှိကြောင်း၊ သို့သော်လည်းPDF များက  အင်အားကောင်းနေပြီး ကျေးရွာများတွင် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့များ၏ အင်အားမှာနည်းပါးနေသည်ကို တွေ့ရကြောင်း၊ ဝန်ကြီးအနေဖြင့် သတင်းစကားများပါးနေသော်လည်း မြေပြင်တွင်ပူးပေါင်း ဆောင်ရွက်နေသည့် ပြည်သူများတွင် ဆက်ဆံရေးအရ အဆင်မပြေမှုများနှင့် အခက်အခဲအချို့ရှိနေကြောင်း၊ ထိုကိစ္စများအဆင်ပြေစေရန်အတွက် ဝန်ကြီးအနေဖြင့်  ပြည်သူများပူးပေါင်း ဆောင်ရွက်ရမည့်    အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး လုပ်ငန်းများတွင် မည်ကဲ့သို့ကူညီ လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်         ပန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့်   သဘာဝဘေးအန္တရာယ်သင့် ပြည်သူများအတွက် လိုက်လံကူညီဆောင် ရွက်ပေးမှုများကို တွေ့ရကြောင်း၊ သို့သော် အကြမ်းဖက်ဘေးအန္တရာယ်သင့်ပြည်သူများ ကိုမူ ကူညီဆောင်ရွက်ပေးခြင်းမရှိသည်ကို တွေ့ရသောကြောင့် ထိုသူများကို ဘေးသင့်ပြည်သူများအဖြစ် သတ်မှတ်ခြင်းရှိမရှိကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ များပါရှိပါက ဖြေကြားပေးစေ လိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ သတင်းပေးသည့်အတွက် သတင်းထောက်ကြီးကို ကျေးဇူးတင်ကြောင်း၊ အချို့ကျေးရွာ များတွင် ပြည်သူလူထု၏တောင်းဆိုချက်အရ ပြည်သူလူထုပါဝင်သည့် ကာကွယ်ရေးစနစ် ဖြစ်သည့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုသို့ဖွဲ့စည်းပေးလိုက်သောကြောင့် PDF အဖွဲ့များက အဆိုပါကျေးရွာများကို ပိုမိုပစ်မှတ်ထား၍တိုက်ခိုက်ခဲ့ကြောင်း၊ အချို့နေရာများတွင် အင်အား ၁၀၀ ကျော်ခန့်အထိ အသုံးပြု၍ ရွာကိုဝိုင်းပတ်ပိတ်ဆို့၍ မီးရှို့ ခဲ့ကြသည်ကိုလည်းတွေ့ရကြောင်း၊ ကျေးရွာ တွင်ရှိသည့် ပြည်သူ့စစ်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ပြန်လည်ခုခံခဲ့သော် လည်း အင်အားမျှတမှု မရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်၍ ဘုန်းတော်ကြီး ကျောင်းများကဲ့သို့သောနေရာများသို့ သွား ရောက်ခိုလှုံကြသည့် အချိန်တွင် အိမ်များကို မီးရှို့ခဲ့သည့်ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း၊ ထိုကဲ့သို့သောဖြစ်စဉ် များကို ပို၍ထိထိရောက် ရောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အင်အား၊ စွမ်းရည် နှင့် လုပ်ဆောင်နိုင်စွမ်းများ ပိုမိုထိရောက်  စေရန်ဆောင်ရွက်သွားမည်ဟု  ပြောလို ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်  နေရာချထားရေးဝန်ကြီးဌာန အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကို ဦးစားပေးကူညီဆောင်ရွက်နေသည်မှာ မှန်သော်လည်း သတင်းထောက်ကြီးမေးမြန်း ခဲ့သည့်ကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင် သည့် အနေအထားရှိလိမ့်မည်ဖြစ်ကြောင်း နှင့်  ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။

 Myanmar National Post သတင်းဌာနမှ သတင်းထောက် နောင်တော်လေးက မိမိယခုမေးမြန်းမည့်မေးခွန်းမှာအမေရိကန် နိုင်ငံနှင့် ဆက်စပ်ကြောင်း၊ အဆိုပါနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကပင် မြန်မာ့တပ်မတော်အနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများကို လုပ်ဆောင် နေသည်ဟူသည့် စွပ်စွဲပြောဆိုမှုတစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ထုတ်ပြန်ရာတွင် မိမိတို့တိုင်းပြည်က အသိအမှတ်ပြုထားခြင်း မရှိသည့် လူမျိုးစုတစ်စု၏နာမည်ကိုသုံးစွဲ၍ ပြောဆိုခဲ့ကြောင်း၊ အဆိုပါပြောကြားချက်တွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် တပ်မတော်အကြား သွေးခွဲသည့်စကားများ ပါဝင်ကြောင်း၊  တိုင်းရင်းသားပြည်သူများ အပေါ် တပ်မတော်က အနိုင်ကျင့်မှုများ ကျူးလွန်နေသည်ဆိုသည့် ပြောကြားချက်များ ပါဝင်သည်ကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတကာသတင်းများကို လေ့လာရာတွင်လည်း အမေရိကန်နိုင်ငံသည် ၎င်းင်းတို့ကိုယ်တိုင် အီရတ်၊ ဆီးရီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့တွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်သည့် လုပ်ရပ်များ ကျူးလွန်ခဲ့သည်ကို တွေ့ရကြောင်း၊ သို့သော် မိမိတို့မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်စွပ်စွဲပြောဆို၍ ကမ္ဘာသို့ဝါဒဖြန့်နေသည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ချက်များထုတ်ပြန်၍ တုံ့ပြန်ပြောဆို ခြင်းထက် ပို၍ထိရောက်ပြတ်သားသည့် မည်ကဲ့သို့သော ဆောင်ရွက်ချက်မျိုးဆောင် ရွက်သွားမည်ကိုသိလိုကြောင်း  မေးမြန်း သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အမေရိကန် နိုင်ငံအနေဖြင့်  ၎င်းတို့၏နိုင်ငံခြားရေး မူဝါဒများရှိလိမ့်မည်ဖြစ်ကြောင်း၊ သတင်း ထောက်ကြီးပြောကြားခဲ့သည့် ဝေဖန်ပြောဆို မှုများကို မိမိတို့လည်းသိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း  မိမိတို့၏ရပ်တည်ချက်ကို  ယခင်ကတည်းကပင် ပြောပြီးဖြစ်ကြောင်း၊ ၂၀၁၇/၂၀၁၈ ခုနှစ်များတွင် ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခဲ့ကြောင်း၊ တပ်မတော် တစ်ရပ်လုံး အနေဖြင့် Genocide ကျူးလွန်ခဲ့ခြင်း မရှိကြောင်း၊ ကျူးလွန်ရန်လည်းမရှိ ကြောင်း၊ သို့သော် တာဝန်ထမ်းဆောင်ရာ တွင် စစ်သည်တစ်ဦးချင်းအနေဖြင့်လည်း ကောင်း၊ အစုအဖွဲ့ငယ်များအနေဖြင့် လည်းကောင်း၊ မှားယွင်းမှုများ ရှိကောင်းရှိနိုင် ကြောင်း၊ ထိုကိစ္စများကိုလည်း စုံစမ်းစစ်ဆေး၍ တရားဥပဒေအရ အရေးယူဆောင်ရွက် ပြီးဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အမေရိကန် နိုင်ငံ၏ စွပ်စွဲပြောဆိုမှုနှင့် မည်သည့်နိုင်ငံမျှ မလွတ်ကင်းကြောင်း၊ အခြားနိုင်ငံများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲ ပြောဆိုသော်လည်း ၎င်းင်းတို့နိုင်ငံ၏ သမ္မတ တစ်ဦးလက်ထက်တွင်  အီရတ်နှင့် အာဖဂန် နစ္စတန်နိုင်ငံတို့၌ ဖြစ်ခဲ့သည့်ကိစ္စရပ်များ ကို သတင်းထောက်ကြီးတို့လည်း သိပြီးဖြစ် ကြောင်း၊ ထိုကိစ္စများကို  ICC တင်မည်၊ ICJ တင်မည်ဟု ပြောဆိုသည့်အချိန်တွင် အဆိုပါ တရားရုံးများနှင့် သက်ဆိုင်သည့် တရားသူကြီးများကို အမေရိကန်နိုင်ငံအတွင်းမှ နှင်ထုတ်မည်ဟု  ပြောဆိုသည်အထိရှိခဲ့ ကြောင်း၊  ၎င်းတို့၏ ရပ်တည်ချက်မှာ  ထိုအတိုင်းသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လည်း လုပ်ရိုးလုပ်စဉ် အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ကန့်ကွက် ရန်ရှိသည်များကို ကန့်ကွက်သွားမည်ဖြစ် ကြောင်း၊ ၎င်းင်းတို့ကို ဂရုစိုက်နေမည်ဆိုပါက မိမိတို့လုပ်ရန်ရှိသည့် အလုပ်များကိုပင် လုပ် ဖြစ်မည် မဟုတ်ကြောင်း၊ ပြည်တွင်းအင်အားကို ခိုင်မာအောင်တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွားမည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/26322k9_0.jpg

ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဒေါ်သန်းသန်းဌေးက ယခုကဲ့သို့ နိုင်ငံတော်၌အကျပ်အတည်း ဖြစ်ပေါ်နေသည့် ကာလတွင် ကုန်ဈေးနှုန်းကလည်း တစ်နေ့တခြား တက်နေသကဲ့သို့ စက်သုံးဆီဈေးမှာလည်း အဆမတန်မြင့်မား နေကြောင်း၊ အခြေခံလူတန်းစားတော်တော်များများမှာ စားဝတ်နေရေး ကျပ်တည်းနေသည်ကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့်   ပြည်သူများအဆင်ပြေစေရန် ကုန်ဈေးနှုန်းထိန်းချုပ်လျှော့ချပေးရန်   အစီအစဉ်ရှိမရှိနှင့် ယာဉ်စီးခနှုန်းထားများ အဆမတန်ကြီးမား နေသည်ကို သင့်တော်သည့်ဈေးနှုန်းများ သတ်မှတ်ထိန်းချုပ်ပေးနိုင်ရန် အစီအစဉ်ရှိ^မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများနှင့် ယာဉ်စီးခနှုန်းထားများ ကြီးမြင့်နေမှုကို ယခင်ဆိုရှယ်လစ်ခေတ်ဆိုပါက ကန့်သတ်ချက်များလုပ်၍ရကြောင်း၊ သို့သော် ယခုအချိန်တွင် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးနေခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့လုပ်၍မရကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး ချောင်လည်လာစေရန်အတွက်၊ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ပံ့ပိုးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယာဉ်စီးနှုန်းခကြီးမြင့်မှုမှာ စက်သုံးဆီဈေးနှုန်းကြီးမြင့်နေသည့်အတွက်ကြောင့်ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြောရမည်ဆိုပါက မိမိတို့နိုင်ငံသည် စက်သုံးဆီထွက်ရှိသည့် နိုင်ငံမဟုတ်ကြောင်း၊ ရေနံထွက်ရှိသည် ဆိုသော်လည်း လုံလောက်မှုမရှိသည့်အတွက် ပြည်ပမှမှာယူတင်သွင်းနေရကြောင်း၊ ထိုသို့ ပြည်ပမှတင်သွင်းရသည့်အတွက် ပထမဆုံး မိမိတို့လုပ်ဆောင်သည်မှာ မိမိကိုယ်တိုင် ချွေတာခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုကို ချွေတာခိုင်းနေခြင်း မဟုတ်ကြောင်း၊ အစိုးရအနေဖြင့် စက်သုံးဆီသုံးစွဲမှုများကို ချွေတာရန်အတွက် အစိုးရဝန်ကြီးဌာနများတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ပြည်သူလူထုကို အတင်းအကျပ် လုပ်ခိုင်း၍ မရကြောင်း၊ ပညာပေးအစီအစဉ်အနေဖြင့် မည်ကဲ့သို့လျှော့သုံးသင့်ကြောင်း အသိပညာပေးမှုများကိုလည်း လုပ်ဆောင်နေကြောင်း၊ ရေနံကို သက်သာသည့်ဈေးနှုန်းဖြင့် တင်သွင်းခွင့်များ ရရှိမှသာလျှင် ထိုကိစ္စကိုဖြေရှင်းနိုင် မည်ဖြစ်ကြောင်း၊ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

ခေတ်ပုံရိပ်သတင်းဂျာနယ်မှ သတင်းထောက် ဒေါ်သန်းသန်းဌေးက အကြောင်းအမျိုးမျိုးကြောင့် ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံနေရသည့် မီဒီယာနှင့် အရပ်သားပြည်သူများကို သက်ညှာစဉ်းစားပေးပြီး ဖြေလျှော့ပေးနိုင်ရန် အစီအစဉ် ရှိမရှိသိလိုကြောင်း မေးမြန်းသည်ဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းကိစ္စများကို  မိမိတို့လုပ်ဆောင်လျက် ရှိကြောင်း၊ သို့သော် ကာယကံရှင်များ၏ ကိုယ်တိုင်ဝန်ခံချက်လိုအပ်ကြောင်း၊ ၎င်းတို့၏ ဝန်ခံချက်ဖြင့် သက်ဆိုင်ရာပြည်ထဲရေး ဝန်ကြီးဌာနသို့ တင်ရမည်ဖြစ်ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ကာယကံရှင်များ၏ ဝန်ခံချက်ရသည်နှင့် ခံဝန်ဖြင့်လွှတ်ပေးရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ကျူးလွန်ခဲ့သူများအနက် အဓိကအားဖြင့် ရာဇဝတ်မှုကျူးလွန်ထားခြင်း မရှိသူများနှင့် ဦးဆောင်လှုံ့ဆော်သူများမဟုတ်ပါက သက်ညှာစွာ စဉ်းစားပေးပြီး ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရေးကို ရာဇဝတ်ကျင့်ထုံးဥပဒေအရ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းမှာလည်း တိုင်းရင်းသားပြည်သူအားလုံး  နိုင်ငံတော်တည်ဆောက်ရေး တာဝန်များတွင် ပါဝင်နိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်း ဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။