ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသမှုအတွက် အစွမ်းထက်လှတဲ့ မိခင်နို့ရည်

နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ဖို့ သိပ္ပံပညာရှင်တွေက အမျိုး မျိုးသောကာကွယ် ဆေးတွေကို ဖော်စပ်စမ်းသပ် ထုတ်လုပ်နေပါတယ်။ ဖော်စပ်စမ်းသပ်တဲ့နေရာမှာ ကာကွယ်ဆေးက သပ်သပ်၊ ကုသဆေးက သပ်သပ်ဖြစ်ပါတယ်။ ကာကွယ်ဆေးကော၊ ကုသဆေး ကော နှစ်မျိုးစလုံးအတွက် ထိရောက်တဲ့ဟာကို မတွေ့သေးပါဘူး။

အခုတော့ တရုတ်နိုင်ငံမှသုတေသီတွေက ကာကွယ်ဆေးအတွက်သာမက ကုသဆေးအတွက်ပါ  အစွမ်းထက်လှတဲ့ အရာတစ်ခုကို တွေ့ရှိလိုက်ပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ လူသား တွေဆီမှာရှိပြီးသားဖြစ်တဲ့အပြင် အဖိုးအနဂ္ဃထိုက်တန်လှတဲ့ မိခင်နို့ရည်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မိခင်နို့ရည်ဟာ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရုံသာမက ကုသနိုင်စွမ်းရှိတယ်လို့ တရုတ်သိပ္ပံပညာရှင်တွေရဲ့ သုတေသနမှာတွေ့ရှိထားတာပါ။ ပေကျင်းမြို့မှာရှိတဲ့ သိပ္ပံပညာရှင်အဖွဲ့ တစ်ဖွဲ့ဟာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်လို့ခေါ်တဲ့ Sars-CoV-2 ဗိုင်းရပ်နဲ့ထိတွေ့ထားတဲ့ ကလာပ်စည်း တွေအပေါ် မိခင်နို့ရည်က ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာကို စမ်းသပ်ပါတယ်။

အဲဒီနို့ရည်ဟာ ကမ္ဘာ့ကပ်ရောဂါစတင်မဖြစ်ပွားခင် ၂၀၁၇ ခုနှစ်ကတည်းက ကောင်းစွာရယူသိမ်း ဆည်းထားတဲ့နို့ရည် ဖြစ်ပါတယ်။ စမ်းသပ်ခံရတဲ့ ကလာပ်စည်းတွေထဲမှာတော့ တိရစ္ဆာန်တွေရဲ့ ကျောက်ကပ်ကလာပ်စည်းများမှသည် ကလေးငယ်တွေရဲ့ အဆုတ်နဲ့အူကလာပ်စည်းတွေအထိ ပါဝင်ပါတယ်။

စမ်းသပ်ခံရတဲ့ ကလာပ်စည်းတွေ ဘယ်လိုပဲပြောင်းသွားပြောင်းသွား ရလဒ်ကတော့တစ်ခုတည်းပါပဲ။ အဲဒီရလဒ်ကတော့ ဘယ်လိုသက်ရှိဗိုင်းရပ်မျိုးရိုးဗီဇမဆို နို့ရည်ကြောင့် သေဆုံးသွားရတာပဲဖြစ်ပါ တယ်။ နို့ရည်က ကလာပ်စည်းတွေကို ဗိုင်းရပ်ရဲ့တွယ်ကပ်မှု၊ ဝင်ရောက်မှုအပြင် အဲဒီလို တွယ်ကပ် ဝင်ရောက်ပြီးနောက် ဗိုင်းရပ်ရဲ့ ပုံတူပွားမှုတွေကိုတောင်မှ တားမြစ်နိုင်စွမ်းရှိတယ်လို့ သုတေသန အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ပေကျင်းဓာတု နည်းပညာတက္ကသိုလ်မှ ပါမောက္ခထုံယီကန်းက ပြောပါ တယ်။

ကမ္ဘာ့ကပ်ရောဂါစဖြစ်တုန်းက မိခင်နို့တိုက်ကျွေးခြင်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းကို  မြင့်တက်စေတယ် ဆိုပြီး ယူဆခဲ့ကြပါတယ်။ ဒါကြောင့် ကပ်ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့မှာ ဆရာဝန်တွေက မွေးကင်းစကလေးငယ်တွေကို မိခင်နဲ့ခွဲထားတဲ့အပြင် မိခင်နို့မတိုက်စေဘဲ ဖော်ဖြူ လာနို့မှုန့်တွေကိုသာ တိုက်စေခဲ့ပါတယ်။

ဒါ့အပြင် မိခင်နို့ကိုသောက်စို့တဲ့ ကလေးငယ်တွေဟာ ရောဂါပိုးကိုသယ်ဆောင်သူတွေဖြစ်နိုင်တယ်လို့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက သတိပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က နောက်ဆုံးလုပ်တဲ့သုတေသနမှာတော့ မိခင်တွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်နေ တယ် ဆိုရင်တောင်မှ သူတို့ရဲ့ကလေးငယ်တွေကို နို့ချိုတိုက်ကျွေးမှု စိတ်ချလက်ချလုပ်နိုင်တယ်လို့ ပြော ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကိုဗစ်-၁၉ လူနာ ၄၆ ဦးရဲ့ သူတို့သားသမီးအပေါ် နို့ချိုတိုက်ကျွေးမှု အခြေအနေတွေကို ဇွန်လတစ်လလုံးမှာလေ့လာစောင့်ကြည့်တာပါ။ အဲဒီလူနာ ၄၆ ဦးထဲကမှ သုံးဦး ရဲ့နို့ရည်ထဲမှာ ဗိုင်းရပ်မျိုးရိုးဗီဇတွေ တွေ့ရှိပေမယ့်လည်း အဲဒီကနေမှတစ်ဆင့် ကလေးငယ်ကို ဗိုင်းရပ်ကူးစက်တယ်ဆိုတဲ့ သက်သေမတွေ့ခဲ့ပါဘူး။

နို့ချိုသောက်စို့တဲ့ ကလေးငယ်တွေထဲကတစ်ဦးသာ ကိုဗစ်-၁၉ ရောဂါဖြစ်တာကို တွေ့ရပါတယ်။   ဒါပေမဲ့လည်း အဲဒီလို ကူးစက်ရတာဟာ တခြားနည်းလမ်းတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုပြောဆိုချက်တွေကြောင့် ပါမောက္ခထုံယီကန်းနဲ့အဖွဲ့ဟာ နောက်ထပ်စမ်းသပ်မှု တစ်ခုကိုလုပ်ပါ တယ်။ အဲဒါကတော့ သူတို့က ကျန်းမာတဲ့ ကလာပ်စည်းတချို့ကို မိခင်နို့ရည်တွေနဲ့ရောလိုက်ပါ တယ်။ ပြီးတဲ့အခါ နို့ရည်တွေကိုဆေးချလိုက်ပြီး အဲဒီကလာပ်စည်းတွေကို ဗိုင်းရပ်နဲ့ထိတွေ့စေ ပါတယ်။

အဲဒီစမ်းသပ်မှုမှာတော့ ဗိုင်းရပ်ဟာ နို့ရည်စိမ်ထားတဲ့ကလာပ်စည်းကို တွယ်ကပ်မှု သို့မဟုတ် ကလာပ်စည်းထဲဝင်ရောက်မှု မရှိလုနီးပါးဖြစ်တာကို တွေ့ရပါတယ်။ ဒါတင်မကသေးဘဲ ကုသမှု အနေနဲ့ဆိုရင်လည်း နို့ရည်က ဗိုင်းရပ်ကူးစက်ခံထားရတဲ့ ကလာပ်စည်းတွေမှာ ဗိုင်းရပ်အနေနဲ့   နောက်ထပ်ပုံတူပွားမှုတွေမရှိအောင် ရပ်တန့်လိုက်နိုင်တာကိုလည်း တွေ့လိုက်ရပါတယ်။

ဒါကြောင့် မိခင်နို့ရည်ဟာ ဗိုင်းရပ်ကူးစက်မှုကိုထိန်းချုပ်နိုင်ကြောင်း၊ ဒါ့အပြင် HIV ကဲ့သို့ဗိုင်းရပ် တွေနဲ့ ဗက်တီးရီးယား တွေရဲ့သက်ရောက်မှုကို နှိမ်နင်းနိုင်စွမ်းရှိနိုင်ကြောင်း ပါမောက္ခထုံယီကန်း နဲ့အဖွဲ့က သုံးသပ်ထားပါတယ်။

မိခင်နို့ရည်က နိုဗယ်ကိုရိုနာဗိုင်းရပ်ကို နှိမ်နင်းနိုင်ရတဲ့အကြောင်းရင်းက နို့ရည်မှာပါတဲ့ လက်တိုဖာ ရင်ကဲ့သို့ ဗိုင်းရပ်တိုက်ဖျက်ရေးပရိုတိန်းတွေကြောင့် ဖြစ်နိုင်တယ်လို့ယူဆပြီး နောက်ထပ်စမ်းသပ်မှု တွေလုပ်ပေမယ့်လည်း ဘယ်ပရိုတိန်းကမှ ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ဗိုင်းရပ်ကိုနှိမ်နင်းနိုင်တဲ့အရာက နို့ရည်ထဲမှာပါတဲ့ နို့ဓမ်းဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

နို့ဓမ်းထဲမှာ မတူညီတဲ့ပရိုတိန်း အများအပြားပါဝင်ပါတယ်။ နွားနဲ့ဆိတ်ကနေရတဲ့ နို့ဓမ်းက သက်ရှိ ဗိုင်းရပ်မျိုးရိုးဗီဇတွေကို ၇၀ ရာခိုင်နှုန်းအထိချေမှုန်းနိုင်ပြီး မိခင်နို့ရည်ကတော့ အဲဒီဗိုင်းရပ်တွေကို ချေမှုန်းနိုင်စွမ်း ရာနှုန်းပြည့်နီးပါးရှိတယ်လို့ ပါမောက္ခထုံယီကန်းနဲ့ အဖွဲ့ကဆိုပါတယ်။

ဒါ့အပြင် မိခင်နို့ရည်ကြောင့် ဘယ်လိုဆိုးကျိုးသက်ရောက်မှုကိုမျှ မတွေ့ရဘဲ တစ်ဖက်မှာ   ဗိုင်းရပ်ကို ချေမှုန်းနေတုန်း ကျန်တစ်ဖက်မှာ ကလာပ်စည်းအသစ်တွေကို တိုးပွားလာစေတာကိုလည်း တွေ့ရပါ တယ်။ တချို့ မိခင်တွေကနို့ရည်မထွက်တဲ့အတွက် တခြားသူက လှူဒါန်းထားတဲ့နို့ရည်တွေကို ကလေးငယ်တွေကို တိုက်ကျွေးလေ့ ရှိပါတယ်။

အလှူခံရရှိထားတဲ့ နို့ရည်အများစုဟာ အပူပေးပြီးပိုးသတ်ထားတာပါ။ ရည်ရွယ်ချက်ကတော့ တခြား ကူးစက်မှုတွေမရှိ စေဖို့ဖြစ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ပါမောက္ခထုံယီကန်းနဲ့အဖွဲ့ဟာ မိခင် နို့ရည်ကိုအပူချိန် ၉၀ ဒီဂရီစင်တီဂရိတ်မှာ ၁၀ မိနစ်အထိ အပူပေးပြီးနောက် စမ်းသပ်မှုလုပ်ပါတယ်။

အဲဒီအခါမှာ နို့ဓမ်းမှာပါတဲ့ ပရိုတိန်းတွေဟာ အသက်ဝင်လှုပ်ရှားမှုမရှိတော့တဲ့ အတွက် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုကနေ ကာကွယ်နိုင်နှုန်းက ၂၀ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားပါတယ်။ ဒါကြောင့် ဒီအချက်ဟာ ဗိုင်းရပ်တိုက်ဖျက်ရေးဆေးဝါးတွေ ထုတ်လုပ်ရာမှာ အထူးသတိပြုရမယ့် အချက် တစ်ချက်ဖြစ်တယ်လို့ ပါမောက္ခထုံယီကန်းနဲ့အဖွဲ့က သတိပေးထားပါတယ်။

မိခင်နို့ရည်ဟာ အမျိုးမျိုးသော ကလာပ်စည်းအတွင်းမှာရှိတဲ့ ဗိုင်းရပ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်းရှိတာ မှန်ပေမယ့်လည်း ဘာကြောင့်လဲဆိုတာရဲ့ အဖြေအတွက်ကတော့ နောက်ထပ် သုတေသနတွေလုပ်ရဖို့ ရှိနေပါသေးတယ်။

အခုသုတေသနနဲ့ ပတ်သက်ပြီး ခြုံငုံသုံးသပ်ရမယ်ဆိုရင် မိခင်နို့ရည်ဟာ နိုဗယ်ကိုရိုနာ ဗိုင်းရပ် ကူးစက်မှု ကာကွယ်နိုင်ရုံသာမက ဗိုင်းရပ်ကူးစက်မှုကိုကုသရာမှာလည်း အစွမ်းထက်တာကို တွေ့ရ ပါတယ်။

အရင်တုန်းက သုတေသီတွေပြောသလို မိခင်နို့တိုက်ကျွေးခြင်းကြောင့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူးစက် မှုကိုပိုဖြစ်စေတယ် ဆိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ မိခင်နို့ရည်ကို အပူပေးပိုးသတ်လိုက်တဲ့ အချိန်မှာ တော့ ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းက တော်တော်လေးကို ကျဆင်းသွားတဲ့အတွက် မိခင်နို့ ကိုအခြေခံပြီး ကာကွယ်ဆေးထုတ်မယ်ဆိုရင် ဒီအချက်က အထူးသတိထားရမယ့် အချက်ပဲဖြစ် ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Ref: SCMP