အိန္ဒိယသွေးရည်ကြည်အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးပေါင်း သန်း ၂၀၀ အထိ တိုးမြှင့် ထုတ်လုပ်မည်

ဘန်ဂါလူရူ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံရှိ ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် အိန္ဒိယသွေးရည်ကြည်အဖွဲ့သည် ၂၀၂၁ ခုနှစ်တွင် ၎င်းတို့နိုင်ငံ အပါအဝင် ဆင်းရဲသောနိုင်ငံများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးပေါင်း သန်း ၂၀၀ အထိ တိုးမြှင့်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဘေနှင့်မီလင်ဒါဂိတ်ဖောင်ဒေးရှင်းနှင့် ဂါဗီကာကွယ်ဆေး မဟာမိတ်အဖွဲ့တို့ထံမှ ရန်ပုံငွေနှစ်ဆတိုး မြှင့်ရရှိသောကြောင့် ကာကွယ်ဆေးထုတ်လုပ်မှုကို ယခုကဲ့သို့ တိုးမြှင့်ခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။ ထုတ်လုပ်မည့် ကာကွယ်ဆေးများတွင် အက်စ ထရာဇီနီကာနှင့် နိုဗာဗက်ကုမ္ပဏီတို့မှ  အလားအလာရှိသောစမ်းသပ်ဆဲ ကာကွယ်ဆေးများပါဝင်ပြီး  ကုလသမဂ္ဂဦးဆောင်သော ကိုဗက်အစီအစဉ်အရ လာမည့်နှစ်ပထမနှစ်ဝက်မတိုင်မီ ကာကွယ်ဆေး များကို ပို့ဆောင်သွားမည်ဖြစ်သည်။

ကာကွယ်ဆေးတစ်လုံး၏ အများဆုံးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာဖြစ်ရမည်ဖြစ်ပြီး ကာကွယ်ဆေးအလုံးပေါင်း သန်း ၁၀၀ ထုတ်လုပ်ဖြန့်ဝေရန် အဆိုပါ ကုမ္ပဏီနှင့် အလှူရှင်အဖွဲ့ အစည်းများက ကနဦးတွင် သဘောတူထားခြင်းဖြစ်သည်။

ကိုဗက်အစီအစဉ်က ၂၀၂၁ ခုနှစ်အကုန် ပိုင်းတွင် ကာကွယ်ဆေးအလုံးပေါင်း ၂ ဘီလီယံကို ကမ္ဘာ တစ်ဝန်းသို့ ဖြန့်ဖြူးပေးနိုင်ရန်ရည်မှန်းထားပြီး လက်ရှိတွင်နိုင်ငံပေါင်း ၁၅၀ က ထိုအစီအစဉ်၌ ပါဝင် ကြောင်းသိရ သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အများဆုံးနိုင်ငံ အဖြစ်ရပ် တည်နေပြီး စက်တင်ဘာ ၂၉ ရက်တွင် ရောဂါဖြစ်ပွားသူစုစုပေါင်း ၆ ဒသမ ၁၅ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။                

Ref: CNA