ကျန်းမာချင်သူများ ဝေးဝေးရှောင်သင့်သည့် အမှားခုနှစ်မျိုး

နေ့စဉ်သုံးပစ္စည်းတွေဟာ နေ့စဉ်နေထိုင်မှုပုံစံတွေထဲမှာ လူကိုမကျန်းမာအောင် လုပ်တာတွေ အများအပြား ပါဝင်နေတယ်။ ယင်းပစ္စည်းတွေနဲ့ ဝေးဝေးနေနိုင်လေကောင်းလေ၊ ကျန်းမာလေပဲဖြစ်တယ်။ ကျန်းမာစေဖို့ အောက်ပါခုနစ်ချက် ရှောင်ရှားသင့်ပါတယ်။

အချိုကဲတဲ့အစားအစာတွေစားခြင်း

အချိုကဲတဲ့အစားအစာတွေဟာ လူကို ဆီးချို၊ အဝလွန်ခြင်း၊ သွေးတိုး၊ နှလုံးသွေးကြောရောဂါများ၊ လေဖြတ်ခြင်း၊ ရင်ကျပ်ခြင်းမှ အစရောဂါအမျိုးမျိုး ဝင်အောင် လုပ်ပေးနေသလိုဖြစ်တယ်။ အစာခြေလုပ်ငန်းကိုလည်း   အနှောင့်အယှက်ပေးသလို အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေကိုလည်း ဖြစ်ပွားစေနိုင်တယ်။

တစ်ရက်ကို သကြားဓာတ်ကဲတဲ့အချိုရည်နှစ်ဘူးနဲ့ အထက်သောက်သုံးသူတွေမှာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ ၃၀ ရာခိုင်နှုန်းပိုများသလို အခြားဆက်စပ်ရောဂါတွေ အနေနဲ့ သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများလာကြောင်း သွေးဆုံးပြီး အမျိုးသမီးခြောက်သောင်းကို လေ့လာခဲ့တဲ့  အိုဟိုင်းရိုးတက္ကသိုလ်သုတေသနအရ သိရပါတယ်။

အီလက်ထရွန်နစ်ပစ္စည်းများ

အီလက်ထရွန်နစ်ပစ္စည်းတွေကို နေရာတကာမှာ တွေ့နိုင်ပါတယ်။ ယင်းပစ္စည်းမှထွက်ရှိတဲ့ ရေဒီယိုလှိုင်းတွေကလည်း နေရာတိုင်းမှာပျံ့နှံ့နေတယ်။

လုပ်ဆောင်ချက်တစ်ခုခုရဲ့ဆိုးကျိုးကို နောင်ဆယ်စုနှစ်များကြာပါမှ လူသားတို့သိရှိတတ်ကြတယ်။

ဖုန်းများ၊ ဝိုင်ဖိုင်လှိုင်းများရဲ့ ဆိုးကျိုးကလည်း နှစ်ပေါင်းကြာကြာလေ့လာသုတေသနပြုပါမှ  ရမှာဖြစ်ပါတယ်။

လေ့လာမှုစစ်တမ်း များစွာကလည်း ရေဒီယိုလှိုင်းတွေက ကင်ဆာရောဂါဖြစ်စေတယ်လို့ ဆိုထားပါတယ်။ နိုင်ငံတကာသုတေသနအဖွဲ့ (ကင်ဆာ)( IARC)ကလည်း ဖုန်း၊ ရေဒီယိုလှိုင်းတွေက ကင်ဆာဖြစ်စေတဲ့  လက်သည်ဖြစ်တယ်လို့ ၂၀၁၁ ခုနှစ် ကတည်းကဆိုထားပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်းဖုန်း၊ ရေဒီယိုလှိုင်းတွေက ကင်ဆာဖြစ်စေနိုင်တယ်လို့ ဝန်ခံထားပါတယ်။

ပိုးသတ်ဆေးများ

ပိုးသတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲ ရောက်ရှိရင် သန္ဓေသားအင်္ဂါမစုံခြင်း၊ ကင်ဆာ၊ ဦးနှောက်စွမ်းရည်ကျရောဂါ၊ ရင်ကျပ်ရောဂါအပါအဝင် နောက်ဆက်တွဲ ရောဂါတွေဖြစ်ပွားစေတတ်ပါတယ်။ လူသားတွေဟာပိုးသတ်ဆေး အလွန်အကျွံ အသုံးပြုနေလို့ ကိုယ့်ကိုယ်ကိုယ် အဆိပ်ခတ်လျက်ရှိနေသလို ဖြစ်နေတယ်။

တစ်ကိုယ်ရေသုံးပစ္စည်းများ

အရေပြား၊ အလှလိမ်းဆေးများအစ၊ မျက်နှာသစ်ဆပ်ပြာအလယ်၊ ခေါင်းလျှော်ရည်အဆုံး တစ်ကိုယ်ရေသုံးပစ္စည်းတွေ ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ အရေပြားကိုဒုက္ခပေးနိုင်တယ်။ ယင်းပစ္စည်းတွေထဲ မှာပါဝင်တဲ့ဓာတုပစ္စည်းတွေဟာ အရေပြားဆဲလ်လုပ်ငန်းတွေကို အနှောင့်အယှက်ပြုနိုင်ပါတယ်။

အကျိုးဆက်အဖြစ် ဆဲလ်များဖွဲ့စည်းပုံမှားယွင်းကာ ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ ကနေဒါနိုင်ငံ မနီဆိုတာတက္ကသိုလ်ရဲ့လေ့လာမှုအရလည်း နေရောင်ကာလိမ်းဆေးတွေထဲမှာ ပါတဲ့ဓာတုပစ္စည်း အများစုဟာ အရေပြားဆဲလ်များထဲ စိမ့်ဝင်သွားကြောင်း  တွေ့ရှိထားတယ်။

လေသန့်ဖျန်းဆေးများ

ကျန်းမာရေးနဲ့ပတ်သက်လာရင် အိမ်မှာမထားသင့်ဆုံးက လေသန့်ဖျန်းဆေးဘူးတွေဖြစ်တယ်။ ဖျန်းလိုက်ရင် အခန်းထဲမွှေးကြိုင်သွားတာမှန်ပေမယ့် ကျန်းမာရေးအတွက် အဆိုးရွားဆုံးရန်သူဖြစ်တယ်။  ယင်းဖျန်းဆေးတွေကြောင့် အဆုတ်ကင်ဆာဖြစ်ပွားရသလို ကိုယ်တွင်းကလီစာများ အဆိပ်သင့်ပျက်စီးမှု ဖြစ်ပွားနိုင်ပါတယ်။

လေသန့်ဖျန်းဆေးဘူးတွေထဲမှာ အိမ်ထဲ၊ ရုံးခန်းထဲမှာ မွှေးကြိုင်လန်းဆန်းပြီး ကျန်းမာတဲ့လေထုရှိနေအောင် ကုပေးနိုင်တယ်လို့ ကြော်ငြာအားကောင်းကောင်းနဲ့ရောင်းချနေတဲ့တိုင် ဖျန်းဆေးထဲမှာပါတဲ့ သယ်အိတ်ဓာတုပစ္စည်းဟာ ဟော်မုန်းပုံမမှန်မှု၊ သန္ဓေသားအင်္ဂါမစုံမှု၊ မျိုးပွားမှုအခက်အခဲတွေ ဖြစ်ပွားစေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။

ပလတ်စတစ်ဘူး ပလတ်စတစ်ခွက်တွေ

အမျိုးသမီးတွေမှာ မျိုးပွားခြင်း၊ သန္ဓေတည်ခြင်းကို အနှောင့်အယှက်ပေးနိုင်တဲ့ EDC  ဓာတုပစ္စည်းတွေဟာ ပလတ်စတစ်ဘူးတွေ၊ ခွက်တွေထဲမှာပါဝင်နေကြောင်း ဂျာမနီသုတေသီတွေကဆိုတယ်။ ပလတ်စတစ်ပစ္စည်း တွေထဲမှာပါတဲ့ ဓာတုပစ္စည်း ၂၄၅၂၀ ခန့်အနက် DEHF ဒြပ်ပေါင်းဟာ လူ့ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းတွေက ကစင်ကလျားဖြစ်စေနိုင်တယ်။

အကျိုးဆက်အဖြစ် ခန္ဓာကိုယ်ဆဲလ်များဖွံ့ဖြိုးမှု မမှန်ဖြစ်သွားကာ ဆဲလ်တွေပျက်စီးခြင်း၊ အကျိုးဆက် အနေနဲ့ ကင်ဆာဖြစ်ပွားလာနိုင်ကြောင်း သုတေသီတွေက သတိပေးကြပါတယ်။  ထို့ပြင် ကလေးအင်္ဂါမစုံခြင်း၊ နှလုံးရောဂါ၊ အစာအိမ်နာခြင်းများဖြစ်ပွားနိုင်ပါတယ်။

အိမ်မှာ ဖန်ပန်းကန်၊ ဖန်ခွက်စသည်ဖြင့် ဖန်နဲ့ကြွေနဲ့လုပ်ထားတဲ့ပစ္စည်းတွေ  သုံးသင့်ပါတယ်။ ကလေးနို့ဘူးကိုလည်း ဖန်နဲ့လုပ်ထားတဲ့ ပစ္စည်းတွေ သုံးစွဲခြင်းက ကလေးကိုပလတ်စတစ်စထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ မနှောင့် ယှက်အောင် ကာကွယ်ပေးရမယ်။

ထိုင်ခုံပေါ်မှထိုင်နည်းအမှားတွေ

ထိုင်ခုံဟာ မထိုင်တတ်သူအဖို့ ကျန်းမာရေးဆိုးကျိုးပေးတယ်လို့ သုတေသီတွေထောက်ပြကြတယ်။ အချိန်ကြာကြာ ထိုင်ခြင်းဟာ ကျန်းမာရေးဆိုးကျိုးတွေနဲ့ ဆက်စပ်နေသလို သက်တမ်းမစေ့မီသေနိုင်တယ်။

ပုံမှန်ကျန်းမာရေးလုပ်သူ၊ ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျသူတွေတောင်ဆိုးကျိုး ပေးနိုင်တယ်။ နေ့စဉ်အချိန်ကြာမြင့်စွာ ခုံမှာထိုင်ပြီး အလုပ်လုပ်သူ၊ နည်းစနစ်မှားစွာထိုင်သူများဟာ အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများလာသလို ကျန်းမာရေး ပြဿနာအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေလည်း ပိုများလာကြောင်း တွေ့ရှိထားပါတယ်။

ထိုင်ခုံမှာ အချိန်ကြာကြာထိုင်ရသူတွေအနေနဲ့ ခါးကိုမတ်မတ်ထား၊ ရင်ကိုဖွင့်ကာ ခြေဖဝါးနှစ်ဖက်ကိုကြမ်းပြင်မှာ ကပ်နေအောင်ချထားပြီး ထိုင်သင့်ပါတယ်။ ယင်းသို့ထိုင်ရုံနှင့် မလုံလောက်သေးပါဘူး။ မကြာမကြာထသွားထလာ လှုပ်ရှားပေးဖို့လိုပါတယ်။

ကွန်ပျူတာသုံးဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်နာရီမှာ ၁၀ မိနစ်နားသင့်သလို လမ်းလျှောက်ခြင်း၊ အခြားအလုပ်ပြောင်း လုပ်ပေးခြင်းတို့ ရှိသင့်တယ်။ တစ်ပုံစံတည်းထိုင်ခြင်းကြောင့် ခန္ဓာကိုယ်အပေါ် ဆိုးကျိုး သက်ရောက်မှုတွေ ချေဖျက်နိုင်မယ်။ တရားရှုမှတ်ခြင်းကတော့ ပိုမိုကောင်းမွန်စေတယ်။

ယနေ့အချိန်မှာ လူတို့၏ နေထိုင်မှု ပုံစံစနစ်ပြောင်းလဲသွားကာ အထိုင်အလုပ်များ များလာတာနဲ့အမျှ ပိုလျှံတဲ့အဆီများ စုဝေးကာ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါတို့ဖြစ်ပွားလာကြတယ်။ လူတိုင်းခန္ဓာကိုယ်အချိုးအဆ BMI  ၁၈ ဒသမ ၉ မှ ၂၄ ဒသမ၉ အတွင်း ရှိရပါမယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီလေ့ကျင့်ခန်းအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးလုပ်သင့်ပါတယ်။

ကွန်ပျူတာမျက်နှာပြင်ကို တောက်လျှောက်ကြည့်ခြင်းမှရှောင်ကြဉ်ကာ မျက်စိအနားပေးသင့်ပါတယ်။နားကြပ်နှင့်သီချင်း နားထောင်ခြင်း၊ အသံဖွင့်ထားခြင်းကို ရေရှည်မလုပ်သင့်ပါ။ ကျန်းမာရေးနဲ့လျော်ညီစွာ နေထိုင်စားသောက်မှုစနစ်မှာ လမ်းဘေးအစာ၊အသင့်အမြန်စား၊ ှညစေ များဖြစ်တဲ့ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်တို့ရှောင်ကြဉ် သင့်ပါတယ်။ မိမိအိမ်မှာသာ စနစ်တကျချက်ပြုတ်စားသောက်သင့်ပါတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်နှင့်အငန်များ ရှောင်ရှားသင့်ပါတယ်။ အအိပ်မှန်၊အစားမှန်လေ့ကျင့်ခန်းမှန်ဖို့ လိုအပ်ပါတယ်။

လိုအပ်တဲ့လိုက်နာမှုများ    ဆောင်ရွက်ခဲ့လျှင် လူ့သက်တမ်းရှည်လာနိုင်ပြီး ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ လူတိုင်းနှစ်စဉ် ဆေးစစ်မှု တစ်နှစ်တစ်ကြိမ်အနည်းဆုံး   ဆောင်ရွက်သင့်ပါတယ်။ မိသားစုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို အလေးထားစီမံ ဆောင်ရွက်သင့်ပါတယ်။ မိသားစုကျန်းမာရေးမှ နိုင်ငံ့ကျန်းမာရေးအထိ မြှင့်တင်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။  ။

ဒေါက်တာလွင်သန့်