တက်ကြွနိုးကြားလူငယ်မောင်မယ်များ

ဒီနေ့လပြည့်ရက်ဖြစ်လို့ ဥပုသ်ယူဖို့ရာ ဘုန်းကြီးကျောင်းကိုသွားပြီး စာရေးသူကျွန်မနဲ့ ကျွန်မမြေးအကြီးမ ကျောင်းဝင်းက အဝင်လမ်းမပေါ်ရောက်ပါတယ်။ ကားကောင်းကောင်းတစ်စီး ဘေးနားထိုးရပ်လို့ ခဏရပ်လိုက်ပါတယ်။ ကားပေါ်က သန့်သန့်ပြန့်ပြန့်လူရွယ်တစ်ယောက်ဆင်းလာပြီး   အနားတိုးလာ နှုတ်ဆက်ပါတယ်။သူ့ကိုမမှတ်မိဘူးလားတဲ့ မမှတ်မိတဲ့

ပုံပေါ်နေတဲ့ ကျွန်မကိုမြင်လို့နဲ့တူပါတယ်။ သူ့ကိုယ်သူမိတ်ဆက်ပြောရင်းနဲ့ ကျွန်မမှတ်မိလာပြီး အံ့သြလှသလို ဝမ်းသာမိပါတယ်။ သူ့အကြောင်းအကျဉ်းချုပ်လေးပြောပြလို့ နားထောင်ရပါတယ်။ ဘုန်းကြီးထံမှ ဥပုသ်ယူပြီး ဘုန်းကြီးကျောင်းကနေ အိမ်အပြန်လမ်းမှာ မြေးမကြီးကိုပြောပြရင်း ဒီမျှနဲ့ မလုံလောက်သေး လက်တွေ့ကျတဲ့ဘဝလေးတစ်ခု  ကြိုးစားရင်းအောင် မြင်တာ သိစေလိုစိတ်နဲ့ ဒီစာလေးရေးဖြစ်ခြင်းပါ စာရှုသူများရှင့်။

ဥပုသ်ထွက်ပြီးနောက်ရက် ကျွန်မစာရေးပါပြီ။

ပထမဦးဆုံး မြေးမကို ဘုန်းကြီးကျောင်းဥပုသ်စောင့်ဖို့ရာ တမင်ခေါ်တာက ဘာသာတရား အခြေခံကျကျပါဖို့ရာပါ။ သီလယူဥပုသ်စောင့်သည်မက ဘုန်းကြီးတွေနဲ့ ဟောပြောလျှောက်ထားတစ်နည်းအားဖြင့် တင်ပါ့ဘုရား၊ မှန်ပါ့ဘုရား ပြောတတ်စေမှု အဝတ်အစား အနေအထိုင်ယဉ်ကျေးစေမှု ရည်ရွယ်ပါတယ်။

တချို့လှူဒါန်းမှု ပြုကြရာမှာ အားကျစရာ သာဓုခေါ်စရာ များပြားနေသော်လည်း ဝတ်စားဆင်ယင်မှုက မယဉ်ကျေးတဲ့ ဝတ်စားဆင်ယင်မှုတွေ ဂရုစိုက်စေလိုပါတယ်။ ရဟန်းသံဃာ အရှင်သူမြတ်များကို အဂါရဝပြုရာ ရောက်တယ်လို့ ထင်ပါတယ်။ မြေးဖြစ်သူကို သွားရင်းလာရင်းသွန်သင်ပြီး ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်စေလိုကြောင်းပါ။

လမ်းမှာတွေ့တဲ့လူရွယ်  ကျွန်မကိုနှုတ်ဆက်သူရဲ့ နာမည်က မောင်ကိုကြီးပါ။ သူကျွန်မတို့ရပ်ကွက်မှာ နေစဉ်က ဆိုက်ကားသမားတစ်ဦးပါ။ ရွာက အမျိုးသမီးနဲ့ရတာကြောင့် ရွာပြောင်းသွားတာ နောက်ဆုံးသိရခြင်းပါ။ သူ့ဆိုက်ကားကို ကျွန်မစီးဖူးသလို မကြာမကြာခိုင်းဖူးပါတယ်။  ယောက္ခမဆုံးတော့  လယ်ထဲကို ဆင်းဖို့ ဖန်လာပါတယ်။  မဆင်းတဲ့အပြင်ပိုင်တဲ့ လယ်တချို့ကိုရောင်းပြီး လိုက်ထရပ်တစ်စီး ဝယ်လိုက်ပါတယ်။ ရွာထဲက ဟင်းသီးဟင်းရွက် ဆန်စပါးပြောင်း မြို့ကပွဲရုံပို့  ငါးရက်တစ်ဈေးတွေရှိတော့  အသွားအပြန် ကားမောင်းပို့ဝင်ငွေရသလို အခွင့်အလမ်းတစ်ခု တွေ့ပါတယ်။ မြို့ကဖွံ့ဖြိုးလာလို့ ဟိုတယ်၊  မိုတယ်တွေ   ဈေးကိုလာဝယ်ကြတဲ့ အသီးအရွက်ပစ္စည်း လိုက်ပို့ပေးရင် ဝင်ငွေထပ်ရှာပါသေးတယ်။

ဒီလိုနဲ့ ဟိုတယ်နဲ့ အကျွမ်းတဝင်ဖြစ်တော့ ခြားနားမှုတွေ ခမ်းနားမှုတွေမြင်တွေ့ပြီး အားကျလာပါတယ်။

မြို့ပြဖွံ့ဖြိုးမှုအရ လယ်မြေဈေးတွေက လူနေအဖြစ် ဖြစ်လာတော့ ပိုတဲ့ရွာမြေလေးတွေရောင်းဖြစ်ပြီး ကားကောင်းကောင်း လူခုနစ်ယောက်ဆံ့လောက်ဝယ်ပါတယ်။ သူ့ကိုယ်သူလည်း သပ်သပ်ရပ်ရပ် နေထိုင်ပါတယ်။ ဟိုတယ်လာတဲ့ဧည့်သည်တွေ သွားချင်ရာပို့ကြိုပါတယ်။ ဟိုတယ်အတွက်လိုအပ်တဲ့ ပစ္စည်းကိုလည်း ဝယ်ပေးပါတယ်။ သူ့ရဲ့ ဇနီးကလည်း ရွာမှာ စတိုးဆိုင်ကြီးနဲ့ ကျကျနနနေတယ်တဲ့။ ကဲစာရှုသူကိုကြီးပြောတဲ့ သူ့ဘဝတကယ့်ဖြစ်ရပ်မှန်ပါပဲ။ သူ့စိတ်ဆန္ဒနဲ့ သူ့ဘဝတစ်ထပ်တည်းကျလို့ပါ။

အချို့က  မျိုးရိုးအရ ချမ်းသာလို့၊ ရာထူးရှိလို့ ထိပ်တန်းရောက်နိုင်သလို ကိုယ်ရည်ကိုယ်သွေးတွေရှိတဲ့ သူကလည်း ကြိုးစားမှုနဲ့ ထိပ်တန်းရောက်တာကို ပြောလိုရင်းပါ။ မဖြစ်မနေကြိုးစားချင်တဲ့ စိတ်ဆန္ဒနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေ ဒါတွေအကုန်လုံး အသွေးအသားထဲ စီးဝင်နေတာဖြစ်ဖို့ တက်လူငယ်များ ကြိုးစားစေချင်တဲ့ စိတ်တစ်ခုပါပဲ။ လောလောဆယ် စာရေးသူအနေဖြင့် စာရှုသူများကို ရာဇဝင်သမိုင်းထဲခဏ ခေါ်သွားပါရစေ။ သမိုင်းရာဇဝင်ထဲက လူရွယ်နှစ်ယောက်ကို သုံးသပ်ကြည့်ပါ။

မြင်စိုင်းတို့ ပင်းယတို့ အင်းဝတို့ဆိုတာ မြို့ပြအဆင့်နိုင်ငံငယ်လေးပါပဲ။  ပုဂံပြည်ကြီးပျက်တော့ အုပ်ချုပ်မှုယိုယွင်း လူတွေလည်းအစုအဖွဲ့ကွဲလို့ ဝါးအစည်းပြေသလိုဖြစ်နေတဲ့ကာလမှာ ပေါ်လာတဲ့ မြို့ပြနိုင်ငံငယ်လေးတွေပါ။  အင်းဝဆိုရင်ပဲ နှစ်ခါပြန်လည်တည်ထောင်ခဲ့ရပါတယ်။ ပထမအင်းဝကို တည်ထောင်တဲ့ သတိုးမင်းဖျားအကြောင်း ပြောချင်ပါတယ်။ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ပေါင်းလောင်းမြစ်တွေ ချောင်းတွေ့ဆုံတဲ့  မြေနေရာသန်လျက်စွန်း ပုံသဏ္ဌာန်ရှိတဲ့နေရာ အဲဒီနေရာမှာရှိသော အင်းလေးအင်းကိုဖို့ပြီး အင်းဝမြို့ကိုတည်ထားတာပါ။ ယခုခေတ် အင်အားကြီးမားနိုင်ငံများ ပင်လယ်ထဲကျွန်းတုတွေ ဖန်တီးကြတယ်ဆိုတော့ ခေတ်မီစက်ယန္တရားတွေ မျက်စိထဲမြင်လာသလို သတိုးမင်းဖျားခေတ် လူအင်အားအများကြီး အသုံးပြုတည်ဆောက်ခဲ့ရတာ ချီးကျူးပါတယ်။ ဇွဲ၊ လုံ့လ၊ ဝီရိယစွမ်းအားတွေ စိုက်ထုတ်နိုင်တာ ရှေးက ကျွန်မတို့ ဘိုးဘေးဘီဘင်တွေပါ။ မြစ်ကြောင်းကနေ ချီတက်လာမယ့် စစ်ကြောင်းအနေအထားအပေါ်စီးက နေရာယူချင်တာ ကြည်းကြောင်းအနေအထားတွက်ချက် အဲဒီလို မတွက်ချက်လို့မရပါ။

အင်းဝခေတ် စစ်ကိုင်း၊ ပင်းယ ပျက်သုဉ်းခဲ့တာ မျက်မြင်တွေမို့   အင်းဝကိုခိုင်ခံ့အောင်  ရန်သူအပေါင်း ဘေးရန်အပေါင်းကာကွယ်ရမှာပါ။ အင်အားကြီးနေတဲ့ ဟံသာဝတီ ပဲခူးမကြာမကြာလာတိုက်တာ ကာကွယ်ရမယ်။ သူ့နိုင်ငံ၊ သူ့လူမျိုးအတွက်လို့ သတိုးမင်းဖျားဆိုတဲ့ လူငယ်အတွေးပါ လူငယ်လေးလို့ ဘာလို့ပြောရလည်းဆိုရင် သတိုးမင်းဖျားမင်းပြုပြီး ထီးနန်းသက်သုံးနှစ်ပဲခံစားပြီး သက်တော် ၂၅ နှစ်မှာ နတ်ရွာစံကံတော်ကုန်ရှာပါတယ်။ ငယ်ရွယ်သော်လည်း ထက်မြက်တဲ့စိတ် ချီးကျူးမိပါတယ်။ အင်းဝခေတ်ဆိုတာ အလောင်းမင်းတရားကြီးရဲ့ ကုန်းဘောင်ခေတ်ကို အရောက်လှမ်းဖို့ သိပ်ပြီးအရေးပါတဲ့ အခြေခံအကြောင်းတယ်။ မြန်မာ့ဦးစွန်း  သူများလက်ထဲမရောက်နိုင်မယိမ်းယိုင်ဖို့ အဖိုးတန်သောကာလတစ်ခုဖြစ်လို့ပါ။

ကြားခံလက်ဆင့်ကမ်းတဲ့ ကာလတွေဖြစ်လို့ပါပဲ။ တတိယမြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့တဲ့ အလောင်းမင်း တရားကြီး၊ တစ်နည်းကုန်းဘောင်မင်းဆက်တည်ထောင်သူ ဦးအောင်ဇေယျ သူကတော့ အင်းဝမြို့တည် သတိုးမင်းဖျားနဲ့မတူ ထူးခြားသူပါ။ ရွှေဘိုမြို့သူကြီးရဲ့သားမျိုးရိုးဂုဏ်ရှိတာ တစ်ခုပဲရှိတာပါ။ မင်းဆွေမင်းမျိုးမဟုတ် သာမန်အရပ်သားဘဝကနေ အံ့မခန်းတတိယမြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့သောသူပါ။ ငယ်စဉ်ကတည်းက ထူးခြားမှုတွေ ရှိသလို ကြိုးစားမှုတွေ အပြည့်ပါ။ သူလိုကိုယ်လိုကြီးပြင်းခဲ့ကြတာ ဖြစ်ပေမယ့် မတူတာက စာပေလိုက်စားခြင်းပါ။ သင်ပုန်းကြီးကစလို့ လောကနီတိ၊ ရာဇနီတိ၊ နမက္ကာရ၊ ပရိတ်ကြီး (၁၁) သုတ်စသည်ဖြင့် သူ့ခေတ်သူ့အခါ သင်ကြားသင့်တာသင်ပြီး  ကိုရင်လူထွက်သည့်တိုင် အိမ်ကဘုရားခန်းမှာ ကျမ်းစာပေကို ဖတ်ရှုလေ့လာ နေပါတယ်။ ဆရာတော်ကြီးများပြောသလို ဘုန်းလက်ရုံးပြည့်စုံသော အာဇာနည် ယောကျ်ားမြတ်  မင်းကဲ့သို့ရဲရင့်တဲ့ သူရဲကောင်းဖြစ်လာစေကြောင်း ဆုတောင်းရတာ မိဘများရဲ့ မျှော်လင့်မှုပါ။

အရွယ်ရောက်လာတော့ အိမ်ထောင်ပြု ဟိုဘက်ဒီဘက်ဆွေမျိုးအုပ်စုကလည်း တောင့်တင်းလှသလို ရပ်ထဲရွာထဲ လူငယ်လူရွယ်များနှင့်ဝိုင်းဖွဲ့  ဓားခုတ်လှံထိုး၊ ဓားရေးလှံရေး လေ့ကျင့်ကြတယ်ဆိုပါတယ်။

အင်းဝအခြေအနေက ယိုင်နဲ့နဲ့ဖြစ်လို့ ဟံသာဝတီက အကြိမ်ကြိမ်လာတိုက် အင်းဝလာတဲ့ စစ်သည်ရဲမက်တွေ ဖရိုဖရဲနဲ့ ရွှေဘိုဘက်ရောက်လာရင် သူတို့ကိုပြုစု စောင့်ရှောက်ပြီး ပညာတွေဖလှယ်ကြ   ဓားရေးလှံရေးတွေကျင့်ကြံကြပါတယ်။ ရွှေဘိုကို ဘယ်နေ့လာတိုက်မလဲ ထန်းလုံးတပ်ကို ကာရံထားပြီး လုံခြုံမှုစီမံပါတယ်။ ရွှေဘိုနယ်ကလူတွေ သူတို့နယ်မြေက စစ်ကြောင်းမှာကျနေလို့ အစကတည်းကလည်း ရွှေဘိုသွေးမနည်းကြတာမို့ အင်းဝလည်းကျရော ရွှေဘိုကို ရန်သူတွေဝိုင်းပါတော့တယ်။ ရွပ်ရွပ်ချွံချွံ ခုခံမှုတွေနဲ့ အောင်မြင်သည်သာမက အင်းဝရွှေမြို့တော်အထိ တိုက်ယူနိုင်ခဲ့ပါတယ်။ အဲဒီကနေ ဟံသာဝတီပဲခူးပြည်ကစ မြန်မာနိုင်ငံမြေပုံကြီး အကြီးကြီး ဖြစ်ခဲ့ပါတယ်။ လူတိုင်းအားကျလေးစား တတိယမြန်မာနိုင်ငံတော်ကြီးတည်ထောင်ခဲ့တဲ့ မြန်မာ့ခေါင်းဆောင်ကြီး တစ်ဦးပါ။

ကျွန်မရဲ့ဆောင်းပါး  အဆုံးသတ်ရပါတော့မယ်။

ရာဇဝင်သမိုင်း ဖြစ်တဲ့အပြင် ဦးအောင်ဇေယျရဲ့ သမိုင်းကြောင်းက မြန်မာပြည်ရဲ့ သမိုင်းဖြစ်လို့ ရှည်လျားသလို ဂုဏ်ယူစရာတွေပြည့်လို့ နေပါတယ်။ ဦးအောင်ဇေယျ နတ်ရွာစံတော့ သက်တော် ၄၆ နှစ် နန်းစံသက် ၈ နှစ်ပါတဲ့။ သူ့ရဲ့လူရွယ်ဘ၀ ၃၇ နှစ် ဖြစ်လို့ ကြိုးစားခဲ့ရတာ မြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်းရှိတဲ့အထိ ရွှေဘိုဆိုတဲ့နယ်က ဘုရင်ရဲ့သားဖြစ်လို့ ဘုရင်ဖြစ်တာ မဟုတ်ကြောင်း သေချာနေပါတယ်။ သူ့အတွက် သူမဟုတ်  ပြည်သူပြည်သား အများအပြားအတွက် မြန်မာ့ဦးစွန်းအလံထူနိုင်ရေး တတိယမြန်မာနိုင်ငံတော်ကြီး တည်ထောင်ရေး အကြီးကြီး လုပ်ဆောင်ခဲ့ရတာပါ။

စစ်ကိုင်းတို့ ပင်းယတို့ ရန်သူတွေ ဖျက်ဆီးပြီး တိုင်းသူပြည်သားတွေကို ဟိုပြေးဒီပြေးအုပ်ချုပ်ရေး ယန္တရားတွေပါကွဲပြား မတည်ငြိမ်တဲ့ တိုင်းပြည်အသစ် အင်းဝကို တည်ထောင်ခဲ့သူ သတိုးမင်းဖျား တိုင်းပြည်အတွက်ဇွဲ၊ လုံ့လသန်သန် ဆောင်ရွက်ခဲ့တာပါ။

သူတို့တောင် ရာဇဝင်ထဲက သူရဲကောင်းတွေတောင် တိုင်းပြည်ကို တည်ဆောက်နိုင်သေးတာ ငါတို့လည်း ငါတို့ဘဝကို အောင်မြင်အောင်မလျော့သောဇွဲ၊ လုံ့လအားဖြင့် မဖြစ်မနေကြိုးစားမယ်ဆိုတဲ့ အားမာန်လေးစိတ်ဓာတ်ခွန်အား ရရှိစေဖို့ ရည်ရွယ်လျက် ရေးသားရကြောင်းပါရှင့်။    ။

မရွှေမြိုင်(ပျဉ်းမနား)