ဟံသာဝတီယူနိုက်တက်အသင်း ပြည်ပကစားသမားသုံးဦးကို တစ်လ သက်တမ်းတိုးစာချုပ်ချုပ်ဆို

ရန်ကုန်၊ ဘောလုံး

 ဟံသာဝတီယူနိုက်တက်အသင်းသည် ပြည်ပကစားသမားသုံးဦးကို မြန်မာနေရှင်နယ်လိဂ် အမှတ် ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးချိန်မှ အောက်တိုဘာလကုန်အထိ တစ်လစီကာလတို သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပြည်ပကစားသမား သုံးဦးအဖြစ် နိုက်ဂျီးရီးယား တိုက်စစ်မှူး အီမီကာ၊ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဘစ်ဆာနှင့် အိုင်ဗရီကို့စ် နောက်ခံ ကစားသမား မွန်ကာလူးတို့ကို  ခေါ်ယူထားပြီး စက်တင်ဘာလကုန်အထိ စာချုပ်ချုပ်ဆိုထားသည်။

COVID-19 ရောဂါကြောင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ယာယီရပ်နားထားခဲ့ရပြီး သြဂုတ်၂၂ ရက်မှ ပြန်လည်ကျင်းပသည့်အတွက် ယခုနှစ် ပြိုင်ပွဲပြီးဆုံးမည့်ကာလသည် မူလသတ်မှတ်ရက်ထက် နောက်ကျမည်ဖြစ်၍ အသင်း၏ ပြည်ပကစားသမား သုံးဦးကို တစ်လစီစာချုပ် သက်တမ်းတိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အသင်းက ပြည်ပကစားသမားသုံးဦးကို တစ်လစီသက်တမ်းတိုး စာချုပ်ချုပ် လိုက်ပါတယ်။ လိဂ်က အောက်တိုဘာ ၁ ရက်မှာပြီးမှာဆိုပေမယ့် အခုရာသီမှာ ပြည်ပကစားသမားသုံးဦးစလုံးက အသင်း အတွက် အကောင်းဆုံးကြိုးစားပေးခဲ့တဲ့အတွက် တစ်လသက်တမ်းတိုးဖြစ်တာပါ။ နောက်ပြီး  ပြိုင်ပွဲ ပြီးသွားရင်လည်း သူတို့နိုင်ငံကို ချက်ချင်းပြန်ဖို့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့် အသင်းပိုင်ရှင်နဲ့ ညှိနှိုင်း ပြီး တစ်လစီ သက်တမ်းတိုးဖို့  ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းကပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်း၏ ပြည်ပကစားသမားများသည် ယခုနှစ် ဘောလုံးရာသီတွင် ခြေ စွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်မှူး အီမီကာနှင့် ဘစ်ဆာတို့သည် ပွဲစဉ် (၂၀) မတိုင်မီအထိ နှစ်ဦးပေါင်း သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူပေးထားနိုင်သည်။                             

ကိုရဲ