မြန်မာ့ယဉ်ကျေးမှု ပန်းပုသုခုမအနုပညာ

ပန်းပုဆိုသည်မှာ သစ်သား၊ ဆင်စွယ်၊ ဖယောင်းစသော ဝတ္ထုပစ္စည်းများကို ရုပ်လုံး၊ ရုပ်ကြွပေါ် အောင်ထုလုပ်ရသော ပညာတစ်မျိုးဖြစ်သည်။ ပန်းပုပညာကို အေဒီ ၁ ရာစုခေတ်ကပင် တည်ရှိခဲ့ပြီး ပျူလူမျိုးတို့လက်ထက်တွင် အထင်အရှား ပေါ်ပေါက်နေပြီဖြစ်ကြောင်း သရေခေတ္တရာမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်းတို့ တူးဖော်ရာတွင် တွေ့ရှိသော ပစ္စည်းများက အခိုင် အမာသက်သေပြ လျက်ရှိသည်။

ပုဂံခေတ်တွင် ပန်းပုပညာထွန်းကား

ပန်းပုထုလုပ်ရာတွင် (၁)ရုပ်လုံး၊ (၂)ရုပ်ခုံး၊ (၃)ရုပ်ကြွဟူ၍ ပုံသဏ္ဌာန်အားဖြင့် သုံးမျိုးထုလုပ်ကြ ပါသည်။ ပန်းပုထုလုပ်သည့် ပညာကို ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်က သစ်သားအပြင် ရွှေ၊ ငွေ၊ ကြေး၊ သတ္တု၊ သံလောဟာကျောက်၊ ကျောက်စိမ်းတို့ဖြင့် ထုလုပ်ကြကြောင်း ရုပ်တု၊ ပန်းပုလက်ရာ အထောက်အထားများနှင့် ရှေးဟောင်းပုဂံ ကျောက်စာများ အရ သိရှိရပြီး ပုဂံခေတ်တွင် ပန်းပု ပညာထွန်းကား နေကြောင်းလည်း သိရပြန်သည်။ မြန်မာ နိုင်ငံတွင် ရှေးခေတ်ပန်းပု ပညာ လက်ရာများကို စေတီပုထိုးများနှင့် ကျောင်းကန် ဘုရားများ၌သာ တွေ့ရှိရသောကြောင့် ပန်းပုနှင့် စေတီပုထိုးအတူတကွ ပေါ်ပေါက်လာခဲ့သည်ဟု ယူဆကြသည်။

ယဉ်ကျေးမှုသုခုမအနုပညာ အထွန်းကားဆုံးခေတ်

ပုဂံခေတ်သည် မြန်မာပြည်၏ ယဉ်ကျေးမှု သုခုမအနုပညာများ အထွန်းကားဆုံးခေတ်ဟု  မှတ်တမ်း တင်ခဲ့ကြရာ ဤပန်းဆယ်မျိုးထဲမှ ပန်းပုပညာသည်လည်း ယဉ်ကျေးမှု ပညာရပ်များအဖြစ် အခိုင် အမာ ထွန်းကားပေါ် ပေါက်နေပြီဖြစ်ကြောင်း တွေ့ရပြန်ပါသည်။ ပုဂံခေတ်ရှိ ရုပ်လုံး၊ ရုပ်ကြွများမှာ အဆင့်အတန်း မြင့်မားလှသောကြောင့် ပုဂံခေတ်ယဉ်ကျေးမှု အနုပညာလက်ရာများကို နိုင်ငံခြားမှ သုတေသနပညာရှင်တို့က တအံ့တသြ ချီးကျူးနေကြကြောင်း၊ စာများအရလည်းကောင်း၊ လူပုဂ္ဂိုလ် များ၏ ပြောပြချက်များ အရလည်းကောင်း သိရှိရပါသည်။ ပုဂံခေတ်လွန်ပြီးနောက် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်၊ ရတနာပုံဗြိတိသျှ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်၊ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးခေတ်စသည့် ခေတ်အသီးသီးတွင် ပန်းပုပညာရှင်တို့၏ ကြိုးပမ်းတီထွင်မှု၊ ထုလုပ် ဖန်တီးမှု၊ လက်ရာမြောက်မှုတို့သည် အံ့မခန်းအောင် သက်သေပြနိုင်ခဲ့ကြသည်။

ပုံတူပန်းပုထုလုပ်မည်ဆိုပါက

ပန်းပုပညာရှင်တစ်ဦးသည် ပုံတူပန်းပုထုလုပ်မည်ဆိုပါက ပကတိပုံ၏ ပင်ကိုမျက်နှာအနေအထား၊ ကိုယ်ဟန်အနေအထားတို့ကို တူအောင်ထုလုပ်ရပါမည်။ မူလပုံရှင်၏ စိတ်ခံစားမှုများကို ဖော်ပြရာ၌ ဝမ်းနည်းရမည့်ပုံ၊ ဝမ်းသာရွှင်လန်းရမည့်ပုံ၊ ဒေါသထွက်ရမည့်ပုံ၊ ကြောက်ရွံ့ထိတ်လန့်နေသည့်ပုံ စသည့် ဟန်အမူအရာ အသွင်အပြင်များကို သရုပ်ဖော်ထုလုပ်ရာ၌ အသက်ဝင်ပီပြင်နေပြီး ကြည့်ရှုသူ တို့အဖို့ ပကတိလူဟုပင် ထင်မြင်မှားရလောက်အောင် ရုပ်ကြွကာ အသက်ဝင်နေရပါမည်။

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံကို မစွန့်လွှတ်ရ

ပန်းပုပညာရှင်တို့သည် မြန်မာတို့၏ ရိုးရာယဉ်ကျေး မှုဓလေ့ထုံးစံကို မစွန့်လွှတ်ရပါ။ အစဉ် ထိန်းသိမ်း၍ အမျိုးသားယဉ်ကျေးမှု အမျိုးသားဟန်တို့ကို ထုလုပ်သည့်ပန်းပုရုပ်၌ အပြည့်အဝ ပါဝင် စေရမည်။ ပန်းပုပညာရှင်များသည် ပန်းပုထုလုပ်ရာ၌ သူမတူအောင် အနုပညာ စိတ်ကူး စိတ်သန်း များ၊ အတွေးအခေါ် အယူအဆများဖြင့် စိတ်ရှည်ရှည်ထားပြီး စေ့စပ်သေချာစွာ ထုလုပ် အကောင် အထည်ဖော်ရပါမည်။ မိမိတို့ထုလုပ်လိုက်သော အရုပ်များကို ရုပ်လုံးဖော်ရာ၌ တိကျစွာ မှန်းဆတွက် ချက်နိုင်စွမ်းရှိရမည်။ ပန်းပုပညာသည် အနုပညာပြည့်စုံစွာ ဆည်းပူးထားသော အသိတရားနှင့် အထူးကျွမ်းကျင် လိမ္မာစွာ လေ့ကျင့်ထားသော လက်ဖြင့်ပေါင်းစပ်လျက် ပန်းပုရုပ်ကို အမှားအယွင်း မရှိစေဘဲ ထုလုပ်နိုင်ရမည်။ သို့မှသာ မြင်ရသူတို့အဖို့ ကြွကြွရွရွဖြင့် လှပသေသပ် ခံ့ညားနေသော ပန်းပုရုပ်ထုတစ်ခု ဖြစ်လာပေတော့မည်။  ။

ဇေယျာထက်(မင်းဘူး)