တရားမဝင် ကျွန်းသစ်၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ ဖမ်းဆီးရမိ

တရားမဝင် ကျွန်းသစ်၊ လုပ်ငန်းသုံးပစ္စည်းများ၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်က အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေဆိပ်ကုန်လှောင်ရုံ တာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်း မရှိသော တရားမဝင် လုပ်ငန်းသုံး စက်ပစ္စည်းများ၊  အိမ်သုံးလျှပ်စစ် ပစ္စည်းများနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၃၈၂၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှု ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)နှင့် ကိုက်ညီမှုမရှိသော တရားမဝင် အိမ်သုံး လျှပ်စစ်ပစ္စည်းများ၊ မော်တော်ကား လေကာမှန်များနှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၉၀၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီ ၃ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမောက်မြို့နယ် အတွင်း တရားမဝင် ကျွန်းခွဲသား ၂ ဒသမ ၄၁၁၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂၃၃၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍  ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်(၄၃ ဒသမ ၁၁၆၀ ) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉၂၉၆၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၁ ရက်နှင့် ၃ ရက်တို့တွင်  ဖမ်းဆီးရမိမှု   စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၉၃၄၉၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။