ကျန်းမာလှပသောဘဝများ ပိုင်ဆိုင်ကြစေဖို့ အားကစားလုပ်ကြပါစို့

ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာအပြင်   စိတ်ပိုင်းဆိုင်ရာကို လည်း တိုးတက်စေနိုင်သည်။ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေခြင်းအပြင်  ကောင်းမွန်သည့် စိတ်ဓာတ်ခွန်အားများကိုလည်း   တည်ဆောက်ပေးနိုင်သည်။

ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူနှင့် ပြုလုပ်ခြင်း မရှိသူတို့၏ ကျန်းမာကြံ့ခိုင်သန်စွမ်းမှုမှာ ကွာခြားသည့်အပြင်   စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွင်လည်း ကွာခြားသည်။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် ကြိုးစားလိုစိတ်၊ အောင်မြင်လိုစိတ်နှင့်အဖွဲ့အစည်းစိတ်ဓာတ်တို့ကို မွေးဖွားပေးသည်။ ပတ်ဝန်းကျင်နှင့်လုပ်ငန်းခွင်တွင်တွေ့ကြုံရသည့် ဖိအားအမျိုးမျိုးကို တွန်းလှန်နိုင်စွမ်း ရှိစေသည့်အပြင် စိတ်ရွှင်လန်းမှုကိုလည်း ပေးစွမ်းနိုင်သည်။ ထို့ကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းမြှင့်တင်ပေးနိုင်စွမ်းရှိသည့်    ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းကို အသက်ရှည်ကျန်းမာ ပျော်ရွှင်ရေးအတွက်   မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်သည်။

အားကစားကို အားမှကစား၍ ရသည်ဟု အချို့ကပြောကြသည်။ အချိန်ရမှလုပ်နိုင်သည့်ကိစ္စဟုလည်း အကြောင်းပြ တတ်ကြသည်။ ဤသည်မှာ လူပျင်းတို့၏ အကြာင်းပြချက် သက်သက်ဖြစ်သည်။  အသက်ရှင်နေထိုင် ရပ်တည်ရေးအတွက် နေ့စဉ်ရုန်းကန်လှုပ်ရှား နေကြရသဖြင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန် အချိန်မရှိသည့် ရက်များစွာ ရှိနိုင်သည်။ သို့သော် နေ့ရက်တိုင်းတွင် အချိန်မရှိသည်မှာ မဖြစ်သင့်ပါ။ တစ်ရက်လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန် အချိန်ပေးသင့်သည်။ အသက်ရှင်နေထိုင် ရပ်တည်ရေးအတွက် ရုန်းကန်လှုပ်ရှားနိုင်လျှင် အသက်ရှည် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားခြင်း အမှုကို တစ်ရက်လျှင် အနည်းဆုံးမိနစ် ၃၀ ခန့် ဆောင်ရွက်နိုင်ရမည်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်  ကျန်းမာရေးကို အလေးထား၍ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သည့် ပမာဏမှာ လွန်စွာနည်းပါးသည်။ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများနှင့် မပြု လုပ်သူများကို အချိုးချကြည့်ပါက ရာခိုင်နှုန်းအားဖြင့် လွန်စွာနည်းပါးသည်ကို သိမြင်နိုင်သည်။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများအနက် အမျိုးသား၊ အမျိုးသမီးပါဝင်မှုနှုန်းကို နှိုင်းယှဉ်ကြည့်လျှင် အမျိုးသမီး အင်အားလွန်စွာ နည်းပါးသည်ကိုလည်း တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် ကျော်လွန်နေသည့်တိုင် ကျန်းမာရေးအတွက်    ကိုယ်လက်လှုပ်ရှား အားကစားလုပ်သည့် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက်လွန်စွာ နည်းပါးသည်မှာ ကောင်းမွန်သည့်လက္ခဏာတစ်ရပ် မဟုတ်ပေ။ ကျန်းမာကြံ့ခိုင်သန်စွမ်းသည့် နိုင်ငံသားများကို မွေးထုတ်ပေးကြရသည့် အမျိုးသမီးများအနေဖြင့် အားကစားကိုပိုမိုအလေးထား လုပ်ဆောင်သင့်သည်။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် လူတို့၏ကိုယ်ခံစွမ်းအားကို   မြှင့်တင်ပေးနိုင်သည်။

ကိုယ်ခံစွမ်းအားမြင့်မားခြင်းကြောင့် ရောဂါဘယကိုလည်း ကင်းဝေးစေသည်။  COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ပွားလာချိန်တွင် လူသားတို့အနေဖြင့် ကျန်းမာရန်အတွက် အားကစားလုပ်ရမည်ဆိုသည့် အသိများ ပိုမိုရရှိလာသည်ကိုတွေ့ရသည်။ အားကစားလုပ်ရမည်ဆိုသည့် အသိတရားများရရှိလာခြင်းသည်  COVID-19 ကာလဆိုးထဲမှ  အမြတ်တစ်ခုရခြင်းဟု ဆိုရမည်လည်းဖြစ်သည်။

လမ်းလျှောက်ခြင်းသည် ကြွက်သားများကို သန်မာစေပြီး အရိုးပွခြင်းမှ ကာကွယ်ပေးပါသည်။  အမြင်အာရုံကို တိုးတက်စေပြီး စိတ်ကိုကြည်လင်လန်းဆန်း စေသည့်အပြင် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနှင့် စိတ်ပူပန်မှုများကို ကျဆင်းစေနိုင်သည်။ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေသည့် အပြင်အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေသည်။ လမ်းလျှောက်ခြင်းကြောင့် အဆုတ်တွင်အောက်ဆီဂျင်ပိုမိုရရှိပြီး အဆုတ်၏ လုပ်ငန်းဆောင်တာ များကို  ပိုမိုကောင်းမွန်စေသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်။

အားကစားပြုလုပ်ခြင်းသည် ညအချိန်တွင် နှစ်ခြိုက်စွာ အိပ်ပျော်စေသဖြင့်   နံနက်အိပ်ရာနိုးချိန်တွင် လန်းဆန်းတက်ကြွစေသည်။ သို့ရာတွင် အားကစား မလုပ်ခင် အကြောလျှော့ခြင်း လေ့ကျင့်ခန်းဖြင့် သွေးပူအောင်  ဖြည်းဖြည်းချင်း စတင်လုပ်ဆောင်ရမည်။

အကြောလျှော့ပြီးနောက်မှသာ မိမိတို့ပြုလုပ်လိုသည့် လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်သင့်သည်။ ထို့အတူ အားကစားလုပ်ပြီးလျှင်လည်း စနစ်တကျ အကြောမလျှော့ဘဲ နေမိပါက ကြွက်သားများ နာကျင်မှုဒဏ်ကို   ခံစားကြရမည့်အပြင်      အိပ်ပျက်ညများနှင့်လည်း တွေ့ကြုံရမည်ဖြစ်သည်။

အားကစားသည် အလှအပရေးရာ အတွက်လည်း အထောက်အကူပြုသည်။ အမျိုးသမီးငယ် အများစုမှာ အလှအပ အလွန်ကြိုက်သူများဖြစ်ကြသည်။ အလှအပအလွန်ကြိုက်သူများ ဖြစ်သော်လည်း ခန္ဓာကိုယ်ကို တောင့်တင်းခိုင်မာအောင် အမြဲမပြတ်လေ့ကျင့်နေသူနည်းပါးသည်။ အဆီတွေပိုနေပြီ၊ ဝနေပြီဟုဆိုကာ ဝိတ်ချကြသော်လည်း အားကစားဖြင့်   ဝိတ်ချသူနည်းပါးသည်။ အချို့က အစားအသောက်ဖြင့် ဝိတ်ချကြသည်။ ဆေးသောက်၍ ဝိတ်ချကြသည်။ အစားအသောက်ဖြင့်၊ ဆေးဖြင့်ဝိတ်ချရာတွင် တစ်ခါတစ်ရံ အစာအိမ်ကို ထိခိုက်စေသည့်အပြင် ဝိတ်ကျသွားပြီးနောက် အသားအရေပျော့တွဲခြင်းကိုလည်း တွေ့ကြုံခံစားရနိုင်သည်။ အားကစားဖြင့် ဝိတ်ချခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး အဆီကိုကျစေသည့်အပြင် ပိုမိုကျစ်လျစ်လှပသည့် ခန္ဓာကိုယ်ကိုလည်း ရရှိပိုင်ဆိုင်စေသည်။ ထို့ပြင် ခန္ဓာကိုယ်အတွင်းမှ ချွေးပုပ်များကို ထွက်စေသဖြင့်  အမျိုးသမီး အများစုကြောက်ကြသည့် ဝက်ခြံထွက်ခြင်းကိုလည်း လျော့ပါးသက်သာစေနိုင်သည်။ ထို့ကြောင့်  အားကစားသည်အလှအပအတွက်   အသင့်လျော်ဆုံးဆေးတစ်ခွက် ဖြစ်သဖြင့် အလှအပကို မက်မောကြသည့် အမျိုးသမီးငယ်လေး များအနေဖြင့်  နေ့စဉ်လမ်းလျှောက်ခြင်း၊ ပြေးခြင်း အပြင်ခန္ဓာကိုယ်ကို ပိုမိုတောင့်တင်းစေသည့် Body Beauty လေ့ကျင့်ခန်းများကိုလည်း  စနစ်တကျ လုပ်ဆောင်ကြရမည် ဖြစ်သည်။

ကျန်းမာရေးကောင်းမွန်စေရန် ကံ၊ ဥတု ၊ အာဟာရညီညွတ်မျှတအောင် နေထိုင်စားသောက်ခြင်းအပြင် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းကိုလည်း ဆောင်ရွက်ကြရမည်။ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာစွမ်းရည်များ တိုးတက်စေသည့်အတွက် တစ်ရက်လျှင် မိနစ် ၃၀ ခန့် အချိန်ပေး၍ ဆောင်ရွက်သင့်သည်။ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရာတွင်   အချိန်ကုန်ပြီး အကျိုးမရှိမဖြစ်စေရန် ထိထိရောက်ရောက် ဆောင်ရွက်သင့်ပြီး အရေးအကြီးဆုံးအချက်မှာ  ကြွက်သားများ နာကျင်မှုကင်းဝေးစေရန်  Warming Up  နှင့်  Warming Down သေချာစွာပြုလုပ်ရန်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားအားကစား    ပြုလုပ်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိသည်သာမက အလှအပရေးရာအတွက်လည်း အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်သည့်အတွက် ကျန်းမာလှပသော ဘဝများ ပိုင်ဆိုင်ကြစေရန် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်းကို စနစ်တကျ အချိန်ပေး၍ ဆောင်ရွက်သွားသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။  ။

ပြည့်စုံဖြိုး(သုတေသန)