ငယ်ဘဝ

ယမန်နေ့မှအဆက်

အဲဒါကိုစွဲပြီး ကယောင်ကတမ်းပြောတာဖြစ်မှာပေါ့...

အမေကြီး စိတ်သက်သာအောင် အဖေကြီးကပြောသည်။

တစ်ညလုံးထိုင်နေကြရသည်။ အိပ်မပျော် မအိပ်ကြရ။ လင်းပိုင်းရောက်လာမှ အဖေကြီး မှေးခနဲအိပ်ပျော်သွားစဉ် အိပ်မက်ထဲမှာ အနက်ရောင်ဝတ်ထားသော လူဆိုးက ဓားဖြင့်လိုက်ခုတ်သည်။ အဖေကြီးက အိမ်ခေါင် မိုးပေါ်ခုန်တက်သည်။ လူဆိုးက လိုက်ခုန်တက်သည်။ အဖေကြီးက    နောက်တစ်ဆောင်သို့ခုန်ကူးသည်။ လူဆိုးက ခုန်ကူးလိုက်လာသည်။ အဖေကြီးက လူဆိုးလက်ထဲမှ ဓားကိုဆွဲပြီး လူဆိုးကိုသူ့ဓားနှင့် သူ့ပြန်ခုတ်လိုက်သည်။  လူဆိုးအိမ်ပေါ်မှ  လိမ့်ကျသွားသည်။ အဖေကြီးအိပ်ပျော်သွားရာမှ လန့်နိုးသည်။

ချက်ချင်းပင် ဦးလေးကိုခေါ်ပြီး လှည်းဖြင့်တောင်အရပ်သို့သွားကြသည်။ ဖလံဗိုလ်ရွာရှိ မြန်မာသမားတော်ကြီး ဆရာဘကိုပင့်သည်။ မနက်လင်းချိန်မှာအိမ်ပြန်ရောက်လာသည်။

ဆရာကြီးက မောင်ငြိမ်းချမ်း၏ နဖူးကိုစမ်းကြည့်သည်။

အို...ပူချစ်နေတာပါလား...

လက်ကောက်ဝတ်မှာ သွေးစမ်းကြည့်သည်။

ကရမက် သနပ်ခါးကို ရေအေးအေးနှင့် များများရအောင် သွေးခိုင်းသည်။ အမေကြီးကိုယ်တိုင်သွေးသည်။

မောင်ငြိမ်းချမ်း၏ ကိုယ်ပေါ်မှ စောင်များအားလုံးကို ဖယ်ပစ်သည်။ အဝတ်များအားလုံးပါ  ချွတ်စေသည်။ ပိတ်ထားသောတံခါးများကို ဖွင့်ခိုင်းသည်။

လှောင်ပိတ်နေသော အိပ်ခန်းထဲသို့ လေအေးများဝင်လာသည်။

ဆရာကြီးက သူ၏သွေးဆေးမှုန့်များနှင့် ကရမက်သွေးရေများရောမွှေပြီး မောင်ငြိမ်းချမ်း၏ တစ်ကိုယ်လုံး ခြေဆုံးခေါင်းဆုံး လိမ်းပေးသည်။ မောင်ငြိမ်းချမ်း သတိရလာသည့်အခါ တစ်ကိုယ်လုံးအေးပြီး မွှေးကြိုင်နေသည်။ နေ၍ကောင်းလှသည်။ အဖျားကျသွားပြီ။

ဆရာကြီးက မောင်ငြိမ်းချမ်းကို ကြင်နာစွာကြည့်၍ ပြုံးလျက်...

နေကောင်းသွားပြီလား လူလေး...

ဆရာကြီးအသံက အေးအေးမြမြ မောင်ငြိမ်းချမ်းခေါင်းညိတ်ပြသည်။ ဆရာကြီးက တစ်နေ့လုံးစောင့်ပြီး ကုသနေခြင်းဖြစ်သည်။ မောင်ငြိမ်းချမ်းစိတ်ချရမှပြန်ကြွသွားသည်။ သို့သော် ဆရာကြီးမှာသည့်အတိုင်း ဆေးလိမ်းဆေးတိုက် ဆက်လုပ်ရသည်။

မောင်ငြိမ်းချမ်း နေကောင်းပြီးသည့်နောက်မှာပင် ပြင်းထန်စွာခံခဲ့ရသော အပူဒဏ်ကြောင့် ခြေဖဝါးများမှာ အပူဖုကြီးများ ပေါက်လာသည်ကို ဆက်ကုရသည်။ ၁၀ ရက်ခန့်ကြာမှ လမ်းလျှောက်နိုင်သည်။

သေကံမရောက် သက်မပျောက်ဟုပင် ဆိုလောက်ကြောင်း အဖေကြီးက ပြောပါသည်။

_ _ _ _ _

ချစ်ခဲ့ရသော ဘီးအိုလေးအဖေကြီး

 လခထုတ်ရာမှ  ပြန်လာသောအခါ မောင်ငြိမ်းချမ်း လေးတန်းအောင်ကြောင်း သတင်းကောင်းပါလာသည်။

ဟေး...

မောင်ငြိမ်းချမ်း ဝမ်းသာလွန်း၍ ထခုန်မိသည်။

ဖြေရသည်က သူများနှယ်လွယ်လွယ်မဟုတ်။ မိုးရွာပြီး တစ်ရက်ပျက်သွား၍ မေးခွန်းအသစ်နှင့် တစ်ယောက်တည်း ခက်ခက်ခဲခဲ ဖြေခဲ့ရခြင်း ဖြစ်သည်။

ငါ့မြေးက တော်တာပဲ...အဖေကြီးက အောင်မှ အောင်ပါ့မလားတောင် စိုးရိမ်နေတာ...

အဖေကြီးက ချီးမွမ်း၍ မောင်ငြိမ်းချမ်း ပိုပြီးဝမ်းသာရသည်။

ငါ့မြေးက ကြိုးစားတော့ အဖေကြီးက ကျောင်းဆက်ထားပေးရမယ် ငါ့မြေးက ပိုကြိုးစားပေါ့...

မောင်ငြိမ်းချမ်း ကျောင်းဆက်တက်ရမည်ကိုလည်း ဝမ်းသာရပြန်သည်။ မောင်ငြိမ်းချမ်းကျောင်းဆက်တက်လျှင် ၆ မိုင်ဝေးသော စဉ့်ကိုင်မြို့သို့သွားရမည်။

မောင်ငြိမ်းချမ်းတို့ရွာမှာ အနီးဆုံးအလယ်တန်းကျောင်းသည် စဉ့်ကိုင်မြို့မှာရှိသည်။ အသွားအပြန်နေ့စဉ် ၁၂ မိုင်ခန့် ခရီးမို့ ခြေကျင်သွားရန်မလွယ်။ စက်ဘီးတစ်စီးဝယ်ပေးရမည်။

အဖေကြီးက မောင်ငြိမ်းချမ်းအတွက် စက်ဘီးတစ်စီးရအောင်ရှာသည် အဖေကြီးမှာ ပိုက်ဆံကလည်း များများမတတ်နိုင်ရှာ။ ဆယ်နှစ်အရွယ်ကလေးစီး စက်ဘီးကလည်း ရှားပါသည်။ နောက်တော့ အသိအကျွမ်းဆရာများ၏ ဆက်သွယ်ပေးမှုနှင့်  လက်ပံရွာစက်ဘီးပြင်ဆိုင်မှ ဘီးကလေးတစ်စီးရလာသည်။ ဂျပန်လုပ်စစ်တွင်းကသုံးခဲ့သော ဘီးအိုဘီးပုလေးဖြစ်သည်။ စက်ဘီးတစ်စီးလုံး အရောင်တောက်သည့်နေရာမရှိ။ ခွေမည်းသည်။ စပုတ်တံမည်းသည်။ လက်ကိုင်မည်းသည်။

အားလုံးအမည်းရောင်ဖြစ်သည်။ လက်ကိုင်သီးတစ်ခုသာ အရောင်တောက်တာရှိသည်။

အမှန်ဆိုသော် လက်ကိုင်သီးက အရောင်တောက်ရမည်မဟုတ် ကျွဲကော်လက်ကိုင်သီး အမည်းရောင်ဖြစ်ရမည်။ သို့သော် လက်ကိုင်သီးနေရာတွင် စက်သေနတ်ကျည်ဆန်စွပ်ထား၍ မည်းရမည့်နေရာကျမှ ကြေးဝါရောင်တောက်နေသည်။

မည်သို့ပင်ဖြစ်စေ မောင်ငြိမ်းချမ်း စက်ဘီးလေးကိုသဘောကျသည်။ သူ့ဘဝမှာ ပထမဆုံးရဖူးသော ကိုယ်ပိုင်စက်ဘီးလေး ဖြစ်သည်။ ထိုစက်ဘီးလေးဖြင့်ပင် ဦးလေးက ဘီးစီးသင်ပေးသည်။ အရွယ်နှင့်ကိုက်ညီသော ဘီးပုလေးဖြစ်၍ အခက်အခဲမရှိ စီးတတ်သွားသည်။ ဤစက်ဘီးလေးကိုစီး၍ စဉ့်ကိုင်မြို့ အလယ်တန်းကျောင်းသွားပြီး ပညာသင်ကြားရမည်။

စက်ဘီးကလေးကို သဘောကျချစ်ခင်၍ ညအိပ်ရာဝင်တိုင်းတစ်ကြိမ်တစ်ကြိမ် နမ်းမိသည်။ လက်ကိုင်အဆုံနေရာလေးမှာ နမ်းခြင်းဖြစ်သည်။ အေးစက်စက်မာကျောကျောဖြစ်ပါ၏။  သို့သော်  ချစ်ခင်စိတ်ဖြင့် နှစ်သက်မိပါ၏။

_ _ _ _ _

အဖေကြီးရိုက်သည်ခံရခြင်း

မောင်ငြိမ်းချမ်း အဖေကြီး အမေကြီးနှင့်အတူနေချိန်မှာ အဖေကြီး အမေကြီး ရိုက်သည်ကို တစ်ခါမျှမခံရပါ။ တစ်ခါတစ်ရံမှာ အမေကြီး၏ အော်ခြင်း ဆူခြင်းခံရလျှင်ပင် အဖေကြီးသည် မောင်ငြိမ်းချမ်းဘက်မှ ကာကွယ်ပြောဆိုတတ်သည်။

အဖေကြီးက မောင်ငြိမ်းချမ်းကို မရိုက်ရုံမက မာမာတင်းတင်းဆူခြင်းငေါက်ခြင်းပင်မရှိပါ။

တစ်နေ့မှာတော့ ညနေကျောင်းဆင်းပြီးချိန်မှာ မောင်ငြိမ်းချမ်း မိန်းကလေးနှစ်ယောက်နှင့် ကစားသည်။ တစ်ယောက်က မိကြွေ၊ နောက်တစ်ယောက်က မြခင်။ သြဇာစေ့ချင်း ဇယ်တောက်ကစားနေစဉ်

မကြွေက

တော်ပြီ မပါတော့ဘူး...

မောင်ငြိမ်းချမ်းနှင့်ကစားနေဆဲ ဇယ်စေ့များကို ဖျက်ပစ်လိုက်၍ မောင်ငြိမ်းချမ်းစိတ်ဆိုးပြီး --လိုမှပဲ

ဟူ၍ ပြောလိုက်သည်။    

ဆက်လက်ဖော်ပြပါမည်။                    

လယ်တွင်းသားစောချစ်