ဂျုံနှင့်ကုလားပဲ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းနေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံနှင့် ကုလားပဲစိုက်ပျိုးနိုင်သည့် ဧရိယာလျော့ နည်းလာသော်လည်း     ရှမ်းပြည်နယ်၌ ဂျုံစိုက်ပျိုးနိုင်သည့်  အလားအလာများရှိလာကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန      ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၏ ပြောပြချက်အရ သိရသည်။

“ပြည်တွင်းစားသုံးမှုလိုအပ်ချက်အရ ဂျုံကို နှစ်စဉ် ပြည်ပကနေ တင်သွင်းနေရ သလို  ပြည်ပအသုံးစရိတ် လျှော့ချနိုင်ရေး နဲ့  ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး အတွက် အရည်အသွေးကောင်းဂျုံမျိုးတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့  ကြိုးပမ်း နေပါတယ်”  ဟု ဒေါက်တာသန့်လွင်ဦးက ပြောသည်။

ဂျုံကို    စစ်ကိုင်းတိုင်းဒေသကြီး၌ အများဆုံးစိုက်ပျိုးပြီး လက်ရှိပြောင်းလဲလာသည့်     ရာသီဥတုအခြေအနေကြောင့် စိုက်ပျိုးရေးသုတေသန ပညာရှင်များအနေဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် ဂျုံနှင့်ပဲမျိုးစုံ မျိုးကောင်းမျိုးသန့်များကို သုတေသနပြုရှာဖွေဖော်ထုတ်နေကြောင်း  သိရသည်။

ဂျုံနှင့် ကုလားပဲများအပြင် သီးနှံအမယ်သစ်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက်  မျိုးသစ်များကို သုတေသနပြုထုတ်လုပ်ခြင်း၊ သီးနှံပုံစံသစ်များကို စမ်းသပ်သုတေသန ပြုလုပ်ခြင်းများ တိုးမြှင့်ဆောင်ရွက်ရန်  လိုအပ် နေကြောင်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် သုတေသနရလဒ်များကို   ဒေသအသီးသီးရှိ  သုတေသနခြံများ၊ စမ်းသပ်ကွက်များနှင့် စံပြကွက်များ၌ လက်တွေ့ဆောင်ရွက်ကာ   တောင်သူများအတွက်  တိုက်ရိုက် အကျိုးဖြစ်ထွန်း စေမည့်   နည်းပညာဖြန့်ဝေပေးရေး လုပ်ငန်းများကို  စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့   ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

သုသု(AMIA)