ကရုဏာကမ္ဘာဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများနှင့် စွန့်လွှတ်စွန့်စားသူ မိသားစုများအတွက် ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၃၀

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့  ဗဟိုဌာနချုပ်က ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် ကွန်းခိုနေထိုင်ကြသော အဘိုး ၁၃၇ ဦး၊ အဘွား ၅၇ ဦး၊ စွန့်လွှတ်စွန့်စားသူမိသားစု ကိုးဦး စုစုပေါင်း ၂၀၃ ဦးတို့ကို ကြည့်ရှုစောင့်ရှောက်ရန်   ငွေပဒေသာပင်စိုက်ထူလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် ဘိုးဘွားရိပ်သာရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း(ငြိမ်း)နှင့် အမှုဆောင် အဖွဲ့ဝင် လေးဦး၊ ဘိုးဘွားရိပ်သာ ဗဟိုအမှုဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ(၂)   ဗိုလ်ချုပ်သိန်းထွန်း(ငြိမ်း)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဗဟိုအမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ်မြင့်ဟိန်း(ငြိမ်း)က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ စတင်တည်ထောင်ချိန်မှ ကွန်းခိုနေထိုင်ခဲ့သည့် အဘိုး၊ အဘွားများသည် တစ်ချိန်က အသက်ကိုပဓာနမထားဘဲ တိုင်းပြည်တာဝန်များအား စွန့်စွန့်စားစားကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် စစ်သားကောင်းစစ်သားဟောင်းများနှင့် ပါရမီဖြည့်ဖက် ဇနီးကောင်းများ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တစ်ကမ္ဘာလုံးကူးစက်မြန်ရောဂါ  COVID-19 ဖြစ်ပွားချိန်တွင် စစ်မှုထမ်းဟောင်းနှင့် ဇနီးများဖြစ်သည့်  ဘိုးဘွားများ စားဝတ်နေရေး အခက်အခဲမရှိစေရန် ရည်ရွယ်လှူဒါန်းခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လှူဒါန်းငွေကျပ် သိန်း ၅၀ အား ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ    ဗိုလ်ချုပ်မြဝင်း(ငြိမ်း)က ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ    ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်သိန်းထွန်း(ငြိမ်း)ထံ ပေးအပ်သည်။

ဆက်လက်၍   ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ ဒုတိယဥက္ကဋ္ဌ(၂)  ဗိုလ်ချုပ်သိန်းထွန်း(ငြိမ်း)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး   အခမ်းအနားကို နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။