ပြည်သူ့နှလုံးသားထဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့

ယနေ့သည် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု ဆိုလိုက်သည်နှင့် ကူညီပါရစေ ဟူသော ဆောင်ပုဒ်ကို ပြေးမြင်မိကြပါမည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူကို အမြဲတမ်းကူညီနေသော အဖွဲ့အစည်း ဖြစ်သည်။ ပြည်သူများအေးချမ်းသာယာစွာ သွားလာလှုပ်ရှားနိုင်ရေး၊  သူခိုးဓားပြ ဒုစရိုက်သမားတို့၏ ရန်ဘေးမှကင်းဝေးရေးအတွက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်။  ဒုစရိုက်သမားဟု ဆိုလိုက်သည်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သုံးစွဲသူများလည်း ပါဝင်သည်။ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များကို တရားဥပဒေဘောင်အတွင်းမှ ကူညီပေးလျက် ရှိသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့သာ ဖြစ်သည်။

လွတ်လပ်ရေးရပြီးစ ပါတီစုံဒီမိုကရေစီခေတ် ကာလတွင် ရဲတပ်ဖွဲ့ကိုအသွင် အမျိုးမျိုးနှင့် ဖွဲ့စည်းခဲ့ကြသည်။

အချို့က ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်သဖွယ်အသုံးပြုသည်။ ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ရဲလုပ်ငန်းသက်သက်သာ ဆောင်ရွက်ရန် ရည်ရွယ်ကာ “ပြည်သူ့ရဲတပ်ဖွဲ့”ဟူသောအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် “မြန်မာနိုင်ငံရဲတပ်ဖွဲ့”ဟူသောအမည်ကို စတင်ပြောင်းလဲခဲ့ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်စေရန် စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး အစီအမံသစ်များ ချမှတ်ဆောင်ရွက်ခဲ့သည်။

ယနေ့မျက်မှောက်ခေတ်သည် နည်းပညာတိုးတက်မှုနှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်လျက် ရှိသည်။ ပြောင်းလဲမှုများနှင့်အတူ မှုခင်းပုံစံသစ်များကို တွေ့ရှိရသလို အကြမ်းဖက်မှုကြောင့် မတည်ငြိမ်မှုများဖြစ်ပေါ်လာရသည်ကို တွေ့မြင်နေရသည်။ ကမ္ဘာတစ်ဝန်းတွင်လည်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် နိုင်ငံဖြတ်ကျော် မှုခင်းများကလည်း အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ အတွင်း၌ ဖြေရှင်း၍ရနိုင်သည့် ပြဿနာမဟုတ်တော့ဘဲ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရမည့် မှုခင်းပြဿနာမျိုး ဖြစ်သည်။

အကြမ်းဖက်မှု အန္တရာယ်သည်လည်း နိုင်ငံဖြတ်ကျော်မှုခင်းပုံစံ အားလုံးနှင့် ချိတ်ဆက်မှု ရှိနေသည့်အတွက် သာမန်မှုခင်းပြဿနာ တစ်ရပ်ဟု ရှုထောင့်တစ်ခုတည်းမှ သုံးသပ်ဖြေရှင်း၍ မရနိုင်တော့ပေ။ မူးယစ်ဆေးဝါး ပြဿနာသည်လည်း  ပြည်သူတို့၏  ကျန်းမာရေး၊ လူမှုရေး၊ အခြေခံစီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေသည့်အပြင် နိုင်ငံအတွင်း  အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများကို ဖြစ်ပေါ်စေသည်။ မူးယစ်ဆေးဝါးမှ ရရှိလာသော ငွေကြေးများကြောင့်လည်း လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်စပ်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ထိုသို့သော အခြေအနေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မိမိအင်အားနှင့်ဖြေရှင်းရန် ခက်ခဲသော ကိစ္စရပ်များ တွင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရသည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူလူထုပူးပေါင်း ပါဝင်မှုကြောင့်လည်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုမှာ အားရဖွယ်ကောင်းလှသည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မူးယစ်ဆေးဝါးတားဆီးရေးတွင် စွမ်းစွမ်းတမံဆောင်ရွက်သူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ချီးကျူးစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်နေခြင်း ဖြစ်သည်။

လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်တက်လာသည်နှင့်အမျှ စာရိတ္တမဏ္ဍိုင်ယိမ်းယိုင်ပြီး ရာဇဝတ်မှုခင်းများလည်း များပြားလာခဲ့သည်။ ထို့အတူ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု အပါအဝင် ဘဝရပ်တည်ရန် ခက်ခဲမှုများကြောင့် ပြည်ပနိုင်ငံ အသီးသီးသို့ တရားမဝင်ပြောင်းရွှေ့သွားလာ လုပ်ကိုင်ခြင်းများ ရှိလာသည်။ ထို့ပြင် ပွဲစားတို့၏ မက်လုံးပေးစည်းရုံးသိမ်းသွင်းခြင်းကြောင့် လူကုန်ကူးခံရမှုများလည်း တိုးပွားလာသည်။ ထိုသို့သော စိန်ခေါ်မှုများကို ဖြေရှင်းရန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကျွမ်းကျင်မှုစွမ်းရည် လိုအပ်လာသည်။ မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ဖြည့်ဆည်းလျက် ရှိပါသည်။ သွက်လက်ဖျတ်လတ်တက်ကြွသော လူငယ်မောင်မယ် အပေါင်းသည် မိမိတို့နိုင်ငံအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန်ထမ်းဆောင်သင့်ပေသည်။

ယနေ့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊  စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်ဆိုသည့် မျှော်မှန်းချက် များနှင့်အညီ အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရ ဖြစ်သော စိတ်ဓာတ်ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန်၊ စည်းကမ်း စနစ်တကျရှိရန် ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်းခံယူ တည်ဆောက်လျက်ရှိသည်။

ရဲတပ်ဖွဲ့ဝင်တိုင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်သိက္ခာများကို လေးစားလိုက်နာ စောင့်ထိန်းခြင်း၊ လူမှုအဖွဲ့အစည်း တစ်ရပ်လုံးကို ဥပဒေနှင့်အညီ လုံခြုံအောင်အကာအကွယ် ပေးစောင့်ရှောက်ကြခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူအကျိုး ပိုမိုသယ်ပိုးဆောင်ရွက် အောင်မြင်ပါစေကြောင်း ရေးသား လိုက်ရပေသည်။  ။