ရုရှားရောဂါပိုးမွှားသုတေသနဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအတွက် မူပိုင်ခွင့်ရ

မော်စကို၊ ကျန်းမာရေး

ရုရှားနိုင်ငံရှိ ရောဂါပိုးမွှားသုတေသနဌာနဖြစ်သော ဗက်တာသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အတွက် မူပိုင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း ရုရှားအစိုးရ၏ မူပိုင်ခွင့်သတ်မှတ်ရေးအဖွဲ့က စက်တင်ဘာ ၃၀ ရက်တွင်ပြောသည်။

ဗက်တာကဖော်စပ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် လက်တွေ့စမ်းသပ်မှုများကို လုပ်ဆောင်ပြီးဖြစ်ကြောင်း မူပိုင်ခွင့်သတ်မှတ်ရေးအဖွဲ့က စက်တင်ဘာ ၃၀ ရက်အစောပိုင်းတွင် ကြေညာထားသည်။

အဆိုပါကာကွယ်ဆေးတွင် ဗိုင်းရပ်အစိတ်အပိုင်းများ သို့မဟုတ် လူကဖန်တီးထားသည့် အမိုင်နို အက်စစ်များချိတ်ဆက်နေသော ပဋိဇာတ်များပါဝင်ကြောင်း သိရသည်။ ထိုပဋိဇာတ်များအပေါ် အခြေခံထုတ်လုပ်ထားသည့် အဆိုပါကာကွယ်ဆေးသည် ကိုယ်ခံအားတုံ့ပြန်မှုကို စတင်ဖြစ်ပေါ်စေ ပြီး ကိုဗစ်-၁၉ ရောဂါကို တိုက်ထုတ်နိုင်သည့် ကိုယ်ခံအားကို ဖြစ်ပေါ်စေကြောင်း သိရသည်။

ထိုကာကွယ်ဆေးကို EpiVacCorona ဟုအမည်ပေးထားပြီး အောက်တိုဘာ ၁၅ ရက်တွင် မှတ်ပုံ တင်ခွင့်ရရှိနိုင်ကြောင်း အမျိုးသားကျန်းမာရေး စောင့်ကြည့်မှုအဖွဲ့က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောထားသည်။

ကမ္ဘာ့ပထမဆုံးသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရုရှားနိုင်ငံရှိ ဂါမယ်လီယာ သုတေသန အဖွဲ့က ထုတ်လုပ်ထားခြင်းဖြစ်ပြီး သြဂုတ်လတွင် မှတ်ပုံတင်ထားကြောင်းသိရသည်။

Ref: Sputnik