ရုရှားနှင့်ယူကရိန်းကြား အပစ်အခတ်ရပ်စဲမည်ကို အမေရိကန်က ဘာကြောင့်မလိုလားသလဲ

တူရကီနိုင်ငံ၌  ရုရှားနှင့် ယူကရိန်းတို့ကြား နောက်ဆုံးကျင်းပခဲ့သည့် တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ပြီးနောက်ပိုင်း   စေ့စပ် ဆွေးနွေးရာတွင် တိုးတက်မှုများရှိခဲ့ကြောင်း ရုရှားနှင့်ယူကရိန်း နှစ်ဖက်စလုံးက ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင်   ရုရှားနိုင်ငံဘက်မှ ကိဗ်ယက်နှင့် ချာနီဟစ်မြို့အနီး၌  လုပ်ဆောင်နေသည့်    စစ်ဆင်ရေးများကို လျှော့ချပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော် အဆိုပါ တိုးတက်မှုများသည် အမေရိကန်က လိုလားတောင့်တ နေသည့်အခြေအနေများ မဟုတ်ပေ။    အကြောင်းမှာ ယူကရိန်းက တောင်းဆိုထားသည့် အာမခံချက်မျိုးကို ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်ပြီး ယူကရိန်းကို လက်နက်ခဲယမ်းများနှင့် ငွေကြေး အမြောက်အမြား   ပံ့ပိုးနေသည့် အမေရိကန်အစိုးရက  ပေးအပ်ရန်  တွန့်ဆုတ်နေသောကြောင့်ပင် ဖြစ်သည်။

အမေရိကန် အနေဖြင့်  ယူကရိန်းနိုင်ငံကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် အကူအညီ ပေးနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ယူကရိန်းအစိုးရနှင့် ဆွေးနွေးနေကြောင်း အမေရိကန် အိမ်ဖြူတော်မှ ဆက်သွယ်ရေး ဆိုင်ရာညွှန်ကြားရေးမှူး ကိတ်ဘက်ဒင်းဖီး က ပြောကြားခဲ့သည်။

စင်စစ်တွင် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံ၏ လုံခြုံရေးနှင့် စပ်လျဉ်း၍ လက်ရှိတွင် အတိအကျ သတ်မှတ်ထားခြင်း မရှိသေးပေ။ ဘက်ဒင်းဖီး၏ အဆိုပါပြောဆိုချက်သည်    အွန်လိုင်းပေါ်တွင် အမေရိကန်အစိုးရအား ပြက်ရယ်ပြုလှောင်ပြောင်မှုများ   ထွက်ပေါ်လာစေခဲ့သည်။  ယူကရိန်းနိုင်ငံ၏ လုံခြုံရေးကို အာမခံချက်ပေးရန် အမေရိကန်က တွန့်ဆုတ်နေခြင်းသည်   ရုရှားနှင့်ယူကရိန်းနှစ်နိုင်ငံကြား  စစ်ရေးတင်းမာမှု လျော့ကျလာပြီး နှစ်နိုင်ငံ ဆက်ဆံရေးအဆင်ပြေလာမည်ကို ဂျိုးဘိုင်ဒင်ဦးဆောင်သည့်  အမေရိကန် အစိုးရက လိုလားခြင်း မရှိကြောင်း  ဖော်ပြနေသည် ဟု     တရုတ်နိုင်ငံခြားရေးရာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး သိပ္ပံမှ   ပါမောက္ခ လီဟိုင်တုန်းကယူဆနေသည်။    ထို့ပြင်အမေရိကန်အစိုးရသည် ရုရှားနိုင်ငံအား ထိုးနှက်တိုက်ခိုက်နိုင်ရေးအတွက် ယူကရိန်း ကို အသုံးချနေသည်ဟု ၎င်းကဆိုသည်။

ရုရှားနှင့်ယူကရိန်းတို့ကြား ပြန်ပေါင်းထုပ်မည်ဆိုပါက   အမေရိကန်အနေဖြင့် ရုရှားကို နောက်ဆုံးအထိ တိုက်ခိုက်နိုင်မည့် အခွင့်အလမ်းရှိမည် မဟုတ်ပေ။ ထို့ကြောင့် ယူကရိန်းက လုံခြုံရေးအရ  အာမခံချက် ပေးရန်  တောင်းဆိုထားခြင်းကို   အမေ ရိကန်က   တွန့်ဆုတ်နေခြင်း ဖြစ်သည်ဟု လီဟိုင်တုန်းက ဆိုထားခြင်းဖြစ်သည်။

အကယ်၍ ယူကရိန်းကတောင်းဆိုထား သည့်အတိုင်း  အမေရိကန်က  လုံခြုံရေး အရ အာမခံချက်ပေးမည် ဆိုပါက ရုရှားနှင့် ယူကရိန်းတို့ကြား လက်ရှိဖြစ်ပွားနေသည့်  စစ်ရေးတင်းမာမှုများ   လျော့ကျ လာမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်စစ်ဆင်ရေးများကို လျှော့ချမည်ဟူသော ရုရှား၏ ကတိကဝတ် ပြုမှုကိုလည်း  အမေရိကန်အစိုးရက သံသယရှိနေသည်။

ယူကရိန်းလက်နက်ကိုင် ပဋိပက္ခသည် ယူကရိန်းနှင့် အမေရိကန်တို့၏ ဆက်ဆံရေးကို  ပိုမိုနီးစပ်သွား စေခဲ့သည်ဟု  ဆိုနိုင်သည်။ ထို့ကြောင့် ယူကရိန်းအစိုးရအနေဖြင့် အနာဂတ်ကာလတွင် အမေရိကန် အစိုးရကစေခိုင်းသမျှ လုပ်ဆောင်မည်ဖြစ် သည်။  ယင်းအချက်ကို ယူကရိန်းသမ္မတဗိုလိုဒီမာဇီလင်စကီး၏  ဗီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည့်မိန့်ခွန်းက သက်သေပြနေ သည်။ အဆိုပါ မိန့်ခွန်းကို လေ့လာမည်ဆိုပါက  ယူကရိန်းနိုင်ငံကို  အကူအညီများ    ထပ်မံပေးအပ်နိုင်ရေးအတွက်  ရုရှားနှင့်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကို လက်ရှိအတိုင်း  ရှေ့မတိုးနောက်မဆုတ်သာ     အခြေအနေအတိုင်းထားရှိရန်    အမေရိကန်အစိုးရက ညွှန်ကြားနေသကဲ့သို့  တွေ့ရမည်ဖြစ်ပြီး  အဆိုပါ ညွှန်ကြားချက်ကို ယူကရိန်းက သဘောတူခဲ့သည်။

ရုရှား-ယူကရိန်း  စစ်ရေးတင်းမာမှုနှင့် စပ်လျဉ်း၍ အမေရိကန်က စောစီးစွာဝင် ရောက်ဖြေရှင်းလိုခြင်းမရှိသည့် အကြောင်းရင်းတစ်ချက်မှာ    ယူကရိန်းအရေးကို အသုံးချ၍    ဥရောပကိုထိန်းချုပ်ရန်နှင့်ရုရှားကို ဘေးသို့ရောက်အောင်တွန်းပို့ပစ် ရန်ဖြစ်သည်။   မကြာသေးမီကဖြစ်ပွားခဲ့ သည့်ဖြစ်စဉ်များကို  လေ့လာမည် ဆိုပါက အမေရိကန်အစိုးရအနေဖြင့်  ၎င်းတို့၏ ရည်မှန်းချက်များအား  အနည်းနှင့်အများ အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

ဥပမာအားဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကြား သမိုင်းဝင်ဓာတ်ငွေ့သဘော တူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ ၎င်းတို့ကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကို အပေါ်ယံ အားဖြင့်ကြည့်မည်ဆိုပါက  ဥရောပမဟာ မိတ်များက စွမ်းအင်အတွက် ရုရှားအပေါ် အမှီပြုနေရခြင်းကို  လျှော့ချရန်ဖြစ်သည် ဟုဆိုနိုင်သည်။ စင်စစ်တွင်  အမေရိကန်က    ရည်မှန်းချက်ကြီးမားလွန်းလှသည်။ ၎င်းတို့ အလိုရှိသည့်အရာမှာ   ဥရောပက အမေရိကန်အပေါ် ပိုမိုအမှီပြုလာစေရန် ပင်ဖြစ်သည်။

ထို့ကြောင့် ရုရှားနှင့် ယူကရိန်းတို့ကြား ကျင်းပသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို  အမေရိကန်က  အဖျက်အမှောင့် လုပ်ဆောင်၍ ယူကရိန်းအရေးတွင်  အသုံးချရန် ပိုမိုကြိုးပမ်းလုပ်ဆောင်လာခြင်းဖြစ်သည်။

အကယ်၍ ယူကရိန်းအစိုးရက အဆိုပြု ထားသည့်အတိုင်း လုံခြုံရေးအရ အာမခံ ချက်ပေးရန် တောင်းဆို ထားခြင်းကို နိုင်ငံ တကာအဖွဲ့အစည်းတစ်ရပ်   သို့မဟုတ်နိုင်ငံတစ်နိုင်ငံက ဖြည့်ဆည်းပေးနိုင်ပါက အမေရိကန်နှင့်  ၎င်းဦးဆောင်နေသည့် နေတိုးတပ်ဖွဲ့၏ အခန်းကဏ္ဍမှာ  မှေးမှိန်သွားမည်ဖြစ်သည်။ ထိုသို့သောရလဒ်မျိုးကို အမေရိကန်က မလိုလားပေ။ ယင်းသို့သော အကြောင်းရင်းများကြောင့် အမေရိကန်သည်  ရုရှားနှင့် ယူကရိန်းတို့ကြား  အပစ် အခတ်ရပ်စဲမည်ကို   မလိုလားဆုံးသော နိုင်ငံအဖြစ်သာမက ဥရောပတစ်တိုက်လုံးရှိ  လုံခြုံရေးတွင်  အဖျက်အမှောင့်လုပ်ဆောင်နေသည့် နိုင်ငံဖြစ်သည်ဟု  ဆိုနိုင်ကြောင်း      ရေးသားတင်ပြလိုက်ရပါသည်။                     

Ref: GT