ရုရှားက အရေးပေါ်အသုံးစရိတ်ကို ရူဘယ် ၂၇၃ ဘီလီယံကျော်အထိတိုးမြှင့်

ရုရှားအစိုးရက  ၎င်းတို့၏အရေးပေါ်အသုံးစရိတ်ကို  ရူဘယ် ၂၇၃ ဘီလီယံကျော်အထိ တိုးမြှင့်ကြောင်း ဧပြီ ၁၀ ရက် တွင်ကြေညာသည်။

ထိုသို့အရေးပေါ် အသုံးစရိတ်တိုးမြှင့်ရခြင်းသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ အနောက်နိုင်ငံများက  အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးတည်ငြိမ်မှု ယိုယွင်းစေခြင်း မရှိစေရန်ဖြစ်သည်။

ထို့ပြင်  ပဋိပက္ခကြောင့်  ပြည်သူများ အခက်အခဲမဖြစ်စေရန် ရည်ရွယ်၍ ထောက်ပံ့မှုများကို   တိုးမြှင့်ပေးသွားမည် ဖြစ်ကာ ရူဘယ် ၁ ထရီလီယံကျော်အထိ အသုံးပြုသွားမည်ဟု ကတိပေးထားသည်။

အဆိုပါ ထောက်ပံ့ငွေများကို စီးပွားရေးလုပ်ငန်းများ၊   လူမှုရေးကိစ္စရပ်များနှင့် ကလေးငယ်ရှိသော မိသားစုများအတွက် အဓိက အသုံးပြုသွားမည်ဖြစ်သည်။

ယခုနှစ်အတွက်  ရရှိမည့်အခွန်များမှ ယင်းထောက်ပံ့ငွေကို  သတ်မှတ်ပေးအပ်သွားမည် ဖြစ်သောကြောင့် အသုံးစရိတ် ပိုငွေပြမည်မဟုတ်ကြောင်း    အစိုးရတာဝန်ရှိသူများက ပြောသည်။

အစိုးရတစ်ရပ်၏ အရေးပေါ် ရန်ပုံငွေဆိုသည်မှာ    မူလသတ်မှတ်ထားသည့် နိုင်ငံတော်အသုံးစရိတ်တွင် မပါဝင်သော မမျှော်မှန်းနိုင်သည့် အခြေအနေများအတွက် အသုံးပြုရန်ထားရှိသည့်ငွေကြေး ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင်    ရုရှားအစိုးရက ၎င်းတို့၏ အရေးပေါ်ရန်ပုံငွေကို   လူမှုရေးကိစ္စရပ်များအတွက်နှင့် ကပ်ရောဂါတိုက် ဖျက်ရေးတို့အတွက် အသုံးပြုခဲ့သည်ကို တွေ့ရသည်။

ယခုကဲ့သို့  အရေးပေါ်အသုံးစရိတ်ကို တိုးမြှင့်သတ်မှတ်မှုသည်  ယခုနှစ်ပထမသုံးလပတ်အတွင်း စွမ်းအင်ကဏ္ဍမှ ရရှိသည့် အမြတ်ငွေများကြောင့် သတ်မှတ်နိုင်ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်ဟု သိရသည်။                  

Ref: TST