ဂရပ်ဖိုက်ပြတ်လပ်မှုကြောင့် လျှပ်စစ်ကားများ ထုတ်လုပ်မှုနောက်ကျနိုင်

ကမ္ဘာတစ်ဝန်းမှာ လျှပ်စစ်ကားများ ဝယ်လိုအား မြင့်တက်နေပေမယ့်လည်း ထိုလျှပ်စစ်ကားများအတွက်မရှိမဖြစ် ဘက်ထရီထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ကုန်ကြမ်း ဂရပ်ဖိုက်ပြတ်လပ်မှုကြောင့် လျှပ်စစ်ကားများ ထုတ်လုပ်မှုက မျှော်မှန်းထားတာထက် နောက်ကျနိုင်ပါတယ်။

ဂရပ်ဖိုက်ဒြပ်စင်ကို လီသီယံ-အိုင်းယွန်းဘက်ထရီများရဲ့ အဖိုတိုင်အနေနဲ့ အသုံးပြုရတာ ဖြစ်ပါတယ်။ လီသီယံ-အိုင်းယွန်းဘက်ထရီဆိုတာကတော့ လျှပ်စစ်ကားများရဲ့ စွမ်းအင်အတွက်   မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပြီး ကမ္ဘာတစ်ဝန်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာပါ။

ဒီနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ လျှပ်စစ်ကားရောင်းချရမှုက အစီးရေ ၁၁ သန်း အထိရှိမယ်လို့ မျှော်မှန်းရပါတယ်။ ဒီအတွက်ကြောင့် လျှပ်စစ်ကားများ ထုတ်လုပ်နိုင်ဖို့အတွက် ဂရပ်ဖိုက်တန်ချိန် ၄၀၀၀၀ ဝန်းကျင်လိုအပ် ပါလိမ့်မယ်။

အခုလို ဂရပ်ဖိုက်လိုအပ်မှုဟာ ဈေးကွက်အတွင်းရှိ လျှပ်စစ်ကားဝယ်လိုအားကို ကျဆင်းစေခြင်း မရှိပေမယ့်လည်း ဈေးကွက်ထဲကို လျှပ်စစ်ကားတွေ ဝင်ရောက်မှုနှောင့်နှေး သွားစေမယ်လို့ လန်ဒန်မြို့အခြေစိုက် လေ့လာသူတစ်ဦးဖြစ်တဲ့ ဂျော့မေလာက ပြောပါတယ်။

လက်ရှိအချိန်မှာ  ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်နိုင်ရေးအတွက် အစိုးရများက လျှပ်စစ်ကားများ ထုတ်လုပ် ရောင်းချရေးကို မတည်ရင်းနှီးငွေများ စိုက်ထုတ်ပေးပြီး တွန်းအားပေးလျက် ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ လျှပ်စစ်ကားတွေကလည်း ဝယ်ယူသူတွေစိတ်ကြိုက်လက်ခံနိုင်တဲ့ အနေအထားအထိ  ရောက်လာ တာကိုတွေ့ရပါတယ်။

လျှပ်စစ်ကား တစ်စီးမှာဆိုရင် သဘာဝ ဂရပ်ဖိုက်ပမာဏကီလိုဂရမ် ၅၀ မှ ၁၀၀ အထိလိုအပ်လေ့ရှိပါတယ်လို့ ဂျော့မေ လာကဆိုပါတယ်။

ဒါ့အပြင် ၂၀၃၅ ခုနှစ်အရောက်မှာ ဂရပ်ဖိုက်လိုအပ်ချက်က နှစ်ဆမြင့်တက် လာနိုင်တယ်လို့လည်း စွမ်းအင်နဲ့လူသုံး ကုန်ပစ္စည်းများဆိုင်ရာ အကြံပေးအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့်တော့ ဘက်ထရီလိုအပ်ချက် မြင့်မားလာတဲ့ အတွက်ကြောင့်ပါပဲ။

တကယ်တမ်းမှာ ဂရပ်ဖိုက်သတ္တုသိုက်တွေက ရှားပါးခြင်းမရှိဘဲ ထောက်ပံ့ပေးနိုင်တဲ့ စုစုပေါင်းပမာဏက လိုအပ်ချက်ကို ကာမိစေပါတယ်။

ဒါပေမဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးမှာ လိုအပ်တဲ့ ဘက်ထရီများအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ ဂရပ်ဖိုက်သတ္တုတွေ ကတော့ ရှားပါးလာနေတယ်လို့  လေ့လာသူတစ်ဦးဖြစ်တဲ့ ဆူဇန်နီရှောက ပြောပါတယ်။

ဒီလိုအရေးပါတဲ့  ဂရပ်ဖိုက်ကုန်ကြမ်းတွေကို  အများဆုံးထုတ်လုပ်ပေးတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပြီး သဘာဝဂရပ် ဖိုက်ပမာဏစုစုပေါင်း ၇၆ ရာခိုင်နှုန်းနဲ့ ဂရပ်ဖိုက်အစစ်ပမာဏ  စုစုပေါင်း ၅၆ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတာပါ။

တရုတ်နိုင်ငံထုတ်ဂရပ်ဖိုက်တွေက တခြားဒေသထွက်  ဂရပ်ဖိုက်တွေနဲ့ နှိုင်းယှဉ်ရင် ဈေးနှုန်းအားဖြင့်  နည်းပါးတာကိုတွေ့ရပါတယ်။ အကြောင်းရင်းကတော့ လုပ်သား၊ စွမ်းအင် စတဲ့ကုန်ကျစရိတ်တွေ နည်းပါးလို့ပါ။

၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံက သဘာဝဂရပ်ဖိုက်တန်ချိန်ပေါင်း ၈၂၀၀၀၀ ဒါမှမဟုတ် တစ်ကမ္ဘာလုံး ထုတ်လုပ်မှုရဲ့ ၇၉ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။

အခုလိုဂရပ်ဖိုက် လိုအပ်ချက်မြင့်တက်ပြီး ပေးနိုင်တဲ့ပမာဏပြတ်လပ်နေချိန်မှာ သူ့ရဲ့ဈေးနှုန်းကတော့  တည်ငြိမ်နေဆဲ ဖြစ်ပါတယ်။

သူ့ရဲ့ဈေးနှုန်းတွေကတော့  အရည်အသွေးနိမ့် ဂရပ်ဖိုက်ဆိုရင် ၁ တန်ကို ယွမ် ၃၅၀၀၀နဲ့ အရည်အသွေးမြင့် ဂရပ်ဖိုက် ဆိုရင်တော့  ၁ တန်ကို  ယွမ်  ၆၀၀၀၀ ရှိပါတယ်။

လျှပ်စစ်ကားတစ်စီးရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိက ဂရပ်ဖိုက် အတွက်သာ ဖြစ်ပါတယ်။

Ref:SCMP