အိန္ဒိယ၌ လူသန်း ၆၀ ကျော် ဗိုင်းရပ်ကူးစက်ခံထားရဖွယ်ရှိ

နယူးဒေလီ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံရှိ လူဦးရေ သန်း ၆၀ ကျော်သည် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရဖွယ်ရှိကြောင်း အိန္ဒိယ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေးဌာနက စက်တင်ဘာ ၃၀ ရက်တွင် ပြောသည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၆ ဒသမ ၁ သန်း ကျော်ဖြင့် ကမ္ဘာပေါ်တွင် ထိုရောဂါဖြစ်ပွားသူ ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

သို့သော်  နိုင်ငံအတွင်းရှိ ဗိုင်းရပ်ကူးစက်ခံရသူ အရေအတွက်သည် ယခုဖော်ပြထားသည်ထက်ပိုများ နိုင်ကြောင်း နောက်ဆုံးလုပ်ဆောင်သည့် သွေးရည်ကြည်စစ်ဆေးမှု စစ်တမ်းအရသိရသည်ဟု ကပ် ရောဂါတိုက်ဖျက်ရေး ဌာနကပြောသည်။

ထိုစစ်ဆေးမှုမှာ လူ့ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်ကိုတိုက်ခိုက်နိုင်သော သွေးတွင်းရှိ ပဋိပစ္စည်းအရေ အတွက်ကို စစ်ဆေးခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါလေ့လာမှုအရ သြဂုတ်လအထိ အသက် ၁၀ နှစ်ကျော် လူ ၁၅ ဦးလျှင် တစ်ဦးမှာ ဗိုင်းရပ်ကူးစက်ခံရသည်ကိုတွေ့ရကြောင်း အိန္ဒိယဆေး သုတေ သနကောင်စီမှ ညွှန်ကြားရေးမှူးချုပ် ဘယ်ရမ်ဘာဂါဗာက  ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

မြို့ပြရှိ ဆင်းရဲသားရပ်ကွက်များတွင်နေထိုင်သူ ၁၅ ဒသမ ၆ ရာခိုင်နှုန်း၊ ဆင်းရဲသားရပ်ကွက် မဟုတ်သည့် နေရာများတွင်နေထိုင်သူ ၈ ဒသမ ၂ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသများတွင်နေထိုင်သူ ၄ ဒသမ ၄ ရာခိုင်နှုန်းတွင် ဗိုင်းရပ်ကိုတိုက်ခိုက်သည့် ပဋိပစ္စည်းများ ရှိကြောင်းသိရသည်။

ထိုစစ်ဆေးမှုကို သြဂုတ်လလယ်မှ စက်တင်ဘာလ လယ်အတွင်း ပြည်နယ် ၂၁ ခုရှိ ဒေသခံ ၂၉၀၀၀ ကျော်၏ သွေးနမူနာများကို ရယူလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Ref: Sputnik