ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမရမချင်း ထိုင်းနိုင်ငံရှိကမ်းခြေများ အပြည့်အဝပြန်ဖွင့်မည်မဟုတ်

ဘန်ကောက်၊ ခရီးသွားလုပ်ငန်း

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့်မရမချင်း ထိုင်းနိုင်ငံရှိ နာမည်ကျော် ကမ်းခြေများနှင့် အမျိုးသားဥယျာဉ်များကို ပြည်ပခရီးသွားများအတွက် အပြည့်အဝပြန်ဖွင့်ပေးမည် မဟုတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် လာမည့်လ အနည်းငယ်အတွင်း ပြည်ပခရီးသွားများကို ပြန်ဝင်ခွင့်ပြုနိုင်ဖွယ်ရှိသော် လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမရသေးသည့် ကာလပတ်လုံး နယ်စပ်များကိုလည်း အပြည့် အဝပြန်ဖွင့်နိုင်ဖွယ်မရှိကြောင်း ခရီးသွားလုပ်ငန်း ကောင်စီဥက္ကဋ္ဌ ချိုင်ရတ်ထရိုင်ရတ်တနာဂျာရက် စပွန်းက စက်တင်ဘာ ၃၀ ရက်တွင် ပြောသည်။

ထိုင်းအစိုးရအနေဖြင့် လာမည့် အောက်တိုဘာ ၈ ရက်တွင် တရုတ်နိုင်ငံသား အယောက် ၁၅၀ ကို ဖူးခက်ကမ်းခြေသို့ လာခွင့်ပြုထားသည်။ ထိုအစီအစဉ်သည် ပြည်ပခရီးသွားများကိုသာ အဓိက အားထားနေရသော ထိုင်းနိုင်ငံအတွက် ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ခရီးသွားလုပ်ငန်း ကို မည်ကဲ့သို့ လုပ်ကိုင်နိုင်မည်ကို စမ်းသပ်ဆောင်ရွက်သည့် အစီအစဉ်ဖြစ်သည်။

ယခုအစီအစဉ်က စမ်းသပ်အစီအစဉ် ဖြစ်သော်လည်း တစ်လအတွင်းစမ်းသပ်မှုမှ ရရှိသည့်အခြေ အနေများကို  အခြေခံ၍ နောင်တွင် ပိုမိုစိတ်ချရသည့် ခရီးသွားလာရေး အစီအစဉ်များ ကိုဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း ကောင်စီဥက္ကဋ္ဌက သတင်းထောက်များကို ပြောသည်။

ထိုအစီအစဉ်အရ နိုင်ငံအတွင်းသို့ ဝင်လာသည့်ပြည်ပခရီးသွားများအနေဖြင့် ဆိုက်ရောက်ရာနေရာ တွင် ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမည်ဖြစ်ပြီး နိုင်ငံအတွင်း အနည်းဆုံးရက်ပေါင်း ၉၀ ကြာနေထိုင် ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် နိုင်ငံစီးပွားရေး၏ ငါးပုံတစ်ပုံကို ခရီးသွားလုပ်ငန်းမှ ရရှိနေခြင်းဖြစ်ပြီး ကမ္ဘာ့ကပ် ရောဂါကြောင့် ထိုလုပ်ငန်းရပ်တန့်သွားသည့်အတွက် ကျဆင်းသွားသည့် နိုင်ငံ၏ စီးပွားရေးကို   ကုစားရန် ဝန်ကြီးချုပ် ပရာယုချန်အိုချာက ယခုကဲ့သို့ စမ်းသပ်လုပ်ဆောင်ခြင်းဖြစ်သည်။

၂၀၁၉  ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွား သန်း ၄၀ ခန့်ရှိပြီး ဝင်ငွေ အဖြစ် အမေရိကန်ဒေါ်လာ  ဘီလီယံ  ၆၀ ရရှိကြောင်းသိရသည်။           

Ref: Bloomberg