ပင်လည်ဘူးမြို့နယ်အတွင်း၌ KIA အဖွဲ့နှင့်PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့ အများပြည်သူပိုင် အဆောက်အဦနှင့် လူနေအိမ်များအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့များအား ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်း

ပင်လည်ဘူးမြို့နယ်အတွင်း၌ KIA အဖွဲ့နှင့်PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့ အများပြည်သူပိုင် အဆောက်အဦနှင့် လူနေအိမ်များအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့များအား ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်း

မုံရွာ ဧပြီ ၁၁ ရက်

KIAအဖွဲ့နှင့် NLDပါတီထောက်ခံသူ အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် ပတ်ဝန်းကျင်တွင် စခန်းများ ဆောက်လုပ်ခိုအောင်းပြီး အပြစ်မဲ့ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းများအပြင် မြို့တွင်းသို့ဝင်ရောက်၍ နိုင်ငံပိုင်အဆောက်အဉီများ၊ အများ ပြည်သူနှင့် သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ လူနေအိမ်များ၊ ကျေးရွာများ၊ စျေးများ၊  နိုင်ငံပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများအား အကာအကွယ်ရယူကာ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက စနစ်တကျစုဖွဲ့၍ တိုက်ခိုက်ချေမှုန်းခဲ့သည်။

ဖြစ်စဉ်မှာ KIAအဖွဲ့နှင့် NLD ပါတီထောက်ခံသူအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့ ပတ်ဝန်းကျင်တွင် ယာယီစခန်းများ ဆောက်လုပ်နေထိုင်လျက်ရှိပြီး လမ်းများပိတ်ဆို့ခြင်း၊ဒေသခံပြည်သူ လူထုနှင့် ခရီးသွားများအား အဓမ္မဆက်ကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  ပင်လည်ဘူးမြို့နယ်၊ ကပန္တာကျေးရွာအနီး၌ အကြမ်းဖက်အဖွဲ့များနှင့်  မတ် ၂၉ နှင့် အေပြီ ၁ ရက်နေ့တို့တွင်တွေ့ဆုံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

အလားတူ ဧပြီလ ၃ ရက် ည ၇ နာရီခန့်တွင် ပင်လည်ဘူးမြို့၏ အရှေ့မြောက်ဘက် ၈ မိုင်ကျော်ခန့်၊ နွယ်လိန်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင် ကျော်ခန့်တွင် သွပ်ဆူးကြိုးကာရန်ထားသော စခန်းတစ်ခုအား ရှာဖွေဖော်ထုတ်၍ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်များတွင် အကြမ်းဖက်သမား များထံမှ  ပြောက်ကျား ယူနီဖောင်းဝတ်အလောင်း ၂ လောင်း၊ M-22  ၂ လက်၊ KIA ထုတ် ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ M-၇၉ ဗုံးပစ်လောင်ချာ ၁ လက်၊   လက်လုပ် တစ်ထောင့်ထိုး သေနတ် ၁ လက်၊ M-22 ကျည် ၅၉ တောင့်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ M-22 ကျည်အိမ် ၅ ခု၊  ၇.၆၂ ကျည် ၁၃၁ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက်စကားပြော စက် ၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၁ စုံနှင့် အသုံးအဆောင် ပစ္စည်းများသိမ်းပိုက် ရရှိခဲ့သည်။

ဆက်လက်၍ ဒေသခံပြည်သူတို့၏ သတင်းပေးပို့မှုအရ ပင်လည်ဘူးမြို့၏ အရှေ့မြောက်ဘက် ၉ မိုင်ခန့်၊ နွယ်လိန်းရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်ရှိ အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေသည့်စခန်းအား အေပြီလ ၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူ အင်အား ၁၅၀ ဦးခန့်နှင့် ထပ်မံထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ခြံစည်းရိုးကျားလန် ၁ ထပ် ကာရံထားသော  စခန်း ၁ ခုနှင့်   ပြောက်ကျား ယူနီဖောင်းဝတ်ဆင်ထားသော  အလောင်း ၂ လောင်း၊ တစ်တောင့်ထိုး သေနတ် ၈ လက်၊ M-22 ကျည်အိမ် ၁၈ ခု၊ M-22 ကျည် ၁၃၅ တောင့်၊ လက်လုပ် သေနတ် ၂ လက်၊ စနိုက်ပါ မှန်ပြောင်း ၁ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သောင်းကျန်းသူစခန်းများအား သွားရောက် တိုက်ခိုက်ချေမှုန်းစဉ် အကြမ်းဖက်အဖွဲ့များအနေဖြင့် ပင်လည်ဘူးမြို့အတွင်းသို့ ဝင်ရောက်၍ ဆေးရုံ၊ စာသင်ကျောင်း၊ မီးသတ်အဆောက်အဦ၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘုရားကုန်းနှင့် လူနေအဆောက်အဦများကို အကာအကွယ်ယူကာ နယ်မြေခံရဲစခန်းနှင့် မြို့တွင်းတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့သဖြင့် အေပြီ ၉ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပင်လည်ဘူးမြို့နှင့် ပတ်ဝန်းကျင် နေရာများအား ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့ရာ အေပြီ ၁၀ ရက် ရက်နေ့တွင် အကြမ်းဖက်အဖွဲ့များသည် သေကြေထိခိုက်ဒဏ်ရာရရှိမှုများစွာဖြင့် ပင်လည်ဘူးမြို့၏ မြောက်ဘက်သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။          ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ကျဆုံး/ဒဏ်ရာရှိမှုရှိခဲ့ပြီး အကြမ်းဖက်သူ များထံမှ KIA/PDF လက်မောင်းတံဆိပ်ပါ ပြောက်ကျားဝတ်အလောင်း ၄ လောင်း၊ အားကစားဝတ်စုံဝတ်ဆင်ထားသော  အလောင်း ၄ လောင်း စုစုပေါင်း အလောင်း ၈ လောင်း၊  M-22 သေနတ် ၅ လက်၊ AK-47 သေနတ် ၂ လက်၊ KIA ထုတ် ၄ဝ မမဆုံလည် ၁ လက်၊ ၇.၆၂ မမ စနိုက်ပါ ၁ လက်၊ M-22 ကျည်အိမ် ၂၂ ခု၊ M-22 ကျည် ၁၃၄၅ တောင့်၊ ၇.၆၂ မမ စနိုက်ပါကျည် ၁၁၅ တောင့်၊ ၄ဝ မမ ဗုံးသီး ၉ လုံး၊ KIA ကြိုးဆွဲလက်ပစ်ဗုံး ၁၉ လုံး၊  ၆၀ မမဗုံးသီး ၁၇ လုံး၊ လက်ပစ်ဗုံး ၁  လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။ 

သိမ်းဆည်းရမိသည့် အကြမ်းဖက်သမားများ၏ အလောင်းအချိူ့တွင် စိတ်ကြွ ရူးသွပ်ဆေးသုံးစွဲထားသည့် လက္ခဏာများတွေ့ရှိရပြီး သိမ်းပိုက်ရရှိခဲ့သော စခန်းများ အတွင်း၌လည်း မူးယစ်ဆေးဝါးအချို့နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ အုပ်ချုပ်ရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် မြို့/ရွာ များအတွင်း လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ရေး ရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် ဌာနဆိုင်ရာ များအားရည်ရွယ်ချက်ရှိစွာဖြင့် စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာ ရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေး လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။