သီရိလင်္ကာ၌ စက်သုံးဆီကုမ္ပဏီတစ်ခုက ဈေးကို ၃၅ ရာခိုင်နှုန်းအထိမြှင့်တင်

သီရိလင်္ကာနိုင်ငံရှိ အထင်ကရစက်သုံးဆီ ကုမ္ပဏီတစ်ခုက ဧပြီ ၁၈ ရက်မှာ သူတို့ရဲ့ စက်သုံးဆီဈေးနှုန်းများကို ၃၅ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်တာတွေ့ရပါတယ်။

အကြွေးလည်ပင်းနစ်နေတဲ့  သီရိလင်္ကာအစိုးရက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့   အလွန်အရေးကြီးတဲ့ ဘဏ္ဍာရေး ဆွေးနွေးမှုတွေမလုပ်ခင်မှာ   စက်သုံးဆီကုမ္ပဏီက သူတို့ရဲ့ဈေးနှုန်းများကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ   ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း   အဆိုးဝါးဆုံးသော စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အခုဆိုရင် စက်သုံးဆီ၊ စားနပ်ရိက္ခာနဲ့  အရေးကြီးဆေးဝါးတွေ ပြတ်လပ် လာတာကို မြင်တွေ့နေရပါတယ်။

ဒီအချိန်မှာ    ပြည်တွင်းစက်သုံးဆီဈေးကွက်ရဲ့ သုံးပုံတစ်ပုံကို ထိန်းချုပ်ထားတဲ့ Lanka IOC က ဧပြီ ၁၈ ရက်မှာ ဒီဇယ် တစ်လီတာကို ၇၅ ရူပီးတိုးမြှင့်ကာ ၃၂၇ ရူပီးနဲ့ရောင်းချလိုက်တာပါ။ အလားတူပဲ ဓာတ်ဆီဈေးနှုန်းကိုလည်း တစ်လီတာကို ၃၅ ရူပီးတိုးမြှင့်ပြီး ၃၆၇ ရူပီး သတ်မှတ်လိုက်ပါတယ်။

နိုင်ငံပိုင်စက်သုံးဆီကုမ္ပဏီဖြစ်တဲ့ Petroleum Corporation ကတော့ ပြည်တွင်းစက်သုံးဆီဈေးကွက်ရဲ့ သုံးပုံနှစ်ပုံကို ထိန်းချုပ်ထားပါတယ်။

သူကတော့    ပြီးခဲ့တဲ့သီတင်းပတ်မှာ စက်သုံးဆီတွေကိုခွဲတမ်းနဲ့ရောင်းချပေးခဲ့ပြီး လက်ရှိအချိန်မှာ   စက်သုံးဆီဈေးနှုန်း တွေကို တိုးမြှင့်ခြင်း မရှိပါဘူး။    ဒါပေမဲ့သူပိုင်တဲ့ ဆီဆိုင်တော်တော်များများမှာလည်း ရောင်းစရာ စက်သုံးဆီမရှိပါဘူး။

အိန္ဒိယရေနံကော်ပိုရေးရှင်းရဲ့ သီရိလင်္ကာနိုင်ငံလက်ခွဲဖြစ်တဲ့ Lanka IOC က ပြီးခဲ့တဲ့သီတင်းပတ်သုံးပတ်မှာ စက်သုံးဆီဈေးတွေကို ၂၀ ရာခိုင်နှုန်းတိုးမြှင့်ပြီးနောက် အခုနောက်ဆုံး ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တာပါ။

ဒီလိုစက်သုံးဆီ ဈေးနှုန်းတိုးမြှင့်ရတဲ့ အဓိကအကြောင်းရင်းကတော့ ပြည်တွင်းငွေကြေး တန်ဖိုးက သိသိသာသာကျဆင်းလာခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တစ်လတည်းမှာပဲ ငွေတန်ဖိုးက ၆၀ ရာခိုင်နှုန်းကျော်အထိ ဆိုးဆိုးဝါးဝါးကျဆင်းသွားတဲ့အတွက်  မိမိတို့အနေနဲ့ အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ရတာပါလို့ Lanka IOC ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ဒီနှစ်အစောပိုင်းကစလို့ ဓာတ်ဆီဈေးနှုန်းတွေက ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်ထားပြီး ဖြစ်သလို အများသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ   အသုံးအများဆုံးဖြစ်တဲ့ ဒီဇယ်ဈေးနှုန်းကတော့ ၁၃၈ ရာခိုင်နှုန်းအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။

အခုလိုမျိုး    သီရိလင်္ကာနိုင်ငံအနေနဲ့ စီးပွားရေး ချွတ်ခြုံကျရခြင်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဓိက ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေဆီကနေ   ငွေပြန်ပို့မှုကျဆင်းခြင်းနဲ့ ပြည်တွင်းရှိ ခရီးသွားလုပ်ငန်းမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း တို့ကြောင့်ပါပဲ။

ဘာကြောင့်လဲဆိုတော့   ပြည်ပပို့ကုန်အင်မတန်နည်းပါးတဲ့   သီရိလင်္ကာနိုင်ငံအတွက် ဒီကဏ္ဍနှစ်ခုကနေသာ ပြည်ပဝင်ငွေကို ရရှိစေလို့ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် သီရိလင်္ကာအစိုးရက ၂၀၂၀ ပြည့်နှစ်  မတ်လကတည်းကစလို့ ပြည်ပငွေကြေးကို ချွေတာတဲ့ အနေနဲ့ အရေးမကြီးတဲ့ကုန်ပစ္စည်းများ   တင်သွင်းမှုကို တားမြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုအချိန်မှာတော့ သီရိလင်္ကာနိုင်ငံက စံချိန်တင်လောက်တဲ့ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။

Ref: CNA