နွေရာသီ ရက်တို လူငယ်တရားပွဲ ပိတ်ပွဲ ပြုလုပ်

နွေရာသီ ရက်တို လူငယ်တရားပွဲ ပိတ်ပွဲ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၁

ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ဧပြီ ၁၉ ရက်မှ စတင်ပြုလုပ်ခဲ့ သည့် နွေရာသီရက်တို လူငယ်တရားပွဲ ပိတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်( မြောက်ပိုင်း)မြို့နယ်၊ မိုးညှင်းသိင်္ဂီကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဇေယျပဏ္ဍိတ (ပိုင်းလော့ဆရာတော်) ကြွရောက် တော်မူပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူ များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊  ကျောင်းသူများ တက်ရောက်ကြ သည်။

ဦးစွာ နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ ကိုယ်၊ စိတ်၊ နှလုံး ယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏ အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဆရာတော်က ဗုဒ္ဓဘာသာသာသနာအား အစဉ် ထိန်းသိမ်းစောင့်ရှောက်လိုသည့်စိတ်များ ရင့်သန်ခိုင်မာလာစေရေးဆောင်ရွက်ရမည့် အချက်များနှင့် (၃၈)ဖြာ မင်္ဂလာတရားတော်များ၊ ယဉ်ကျေးလိမ္မာစေရေး လိုက်နာစောင့် ထိန်းရမည့် ကျင့်ဝတ်များကို ဟောကြားတော်မူသည်။

ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက မိုးညှင်းသိင်္ဂီကျောင်းတိုက်၏ ပဓာန နာယကဆရာတော်ထံ နဝကမ္မအလှူငွေများ၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို  ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြ ကြောင်း သတင်းရရှိသည်။