သဒ္ဓါတရား ရင်မှာထား၍ ရုပ်ပွားတော်မြတ်တည်ထားကိုးကွယ်

သက်ဝင်ယုံကြည်တတ်သောကြောင့် သဒ္ဓါဟု ခေါ်ပါသည်။ သဒ္ဓါတရားသည် ဗုဒ္ဓသာသနာတော်၌ ကုသိုလ်တရားတို့၏ အုတ်မြစ်ချ၊ မူလတရားကြီး ဖြစ်လေသည်။ အလုံးစုံသော ကုသိုလ်တရားတို့၏ အရင်းအမြစ်ဖြစ်သည်။ ရေသောက်မြစ်ရှိမှ သစ်ပင်တို့သည်ထက်သန်စွာ ကြီးထွားနိုင်သကဲ့သို့ ထိုနည်းတူစွာ သဒ္ဓါတရားတည်းဟူသော ရေသောက်မြစ်ကြီးကျယ် ခိုင်ခံ့ပါမှ သာသနာတော်၌ ကုသိုလ်တရားတိုးပွားကြီးကျယ်နိုင်သည်။

ထို့ကြောင့် သာသနာတော်တွင် သဒ္ဓါတရားသည် လိုရင်းအကျဆုံးဖြစ်သည်ဟူ၍ ဆိုထိုက်ပေသည်။

သဒ္ဓါတရား၏ သဘောလေးချက်ရှိသည်။ ယင်းတို့မှာ သဒ္ဓါသည် ကြည်လင်ခြင်း၊ ယုံကြည်ခြင်းသဘောရှိသည်။ ကြည်ညိုရာသို့ ပြေးဝင်စူးစိုက်ခြင်း ကိစ္စရှိသည်။ မညစ်နွမ်းခြင်းအကျိုး ပစ္စုပဋ္ဌာန်ရှိသည်။ အမှန်ကြည်ညို ယုံကြည်ထိုက်သော တရားလျှင် အကြောင်းပဒဋ္ဌာန်ရှိသည်။ ဗုဒ္ဓသာသနာတော်ကြီးကို ကြည်ညိုခိုလှုံကြခြင်း အကြောင်းရင်းရှာသော် သဒ္ဓါတရားသာလျှင်ဖြစ်ကြောင်း ကောင်းစွာသိနိုင်ပေသည်။ ကြည်ညိုခြင်း၊ ယုံကြည်ခြင်း သဒ္ဓါတရား မရှိခဲ့ပါလျှင် ဗုဒ္ဓသာသနာတော် အတွင်းသို့ ဝင်ရောက်၍ ခိုလှုံနိုင်ကြမည် မဟုတ်ပေ။

သဒ္ဓါတရား အစစ်အမှန်ရှိပါမှလည်း ဗုဒ္ဓဘာသာအစစ်အမှန်ဖြစ်နိုင်သည်။ အများတကာတို့ကြည်ညိုခြင်းကြောင့် မိမိလည်းပါ ဝင်ကြည်ညိုသည်ဟု ဆိုလျှင် အလွန်ခိုင်မြဲတည်တံ့သော ဗုဒ္ဓဘာသာအစစ်ဟူ၍ မရှိနိုင်။

ဗုဒ္ဓဘာသာစာရင်းတွင် အသွင်းခံရရုံမျှသာဖြစ်ပေလိမ့်မည်။ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးသည် တကယ့်ယုံကြည်ဖွယ်၊ တကယ့်ကြည်ညိုဖွယ်ဂုဏ် အပေါင်းတို့နှင့် ပြည့်စုံသည်။ ယုံကြည်အားထား ကြည်ညိုမြတ်နိုးမှုကို ပြုကြရမည်။ ယုံကြည်အားထားရာ၊ မှီခိုကိုးကွယ်ရာကိုသရဏံဟူ၍ ဆိုပါသည်။ ထိုသရဏသို့ ဆည်းကပ်ခြင်းကိုသရဏဂမနသရဏဂုံခေါ်ကြောင်း လယ်တီပဏ္ဍိတဦးမောင်ကြီး၏ စာပေါင်းချုပ်တွင်ဖော်ပြပါရှိသည်။

တပ်မတော်သားများသည် သရဏဂုံသုံးပါးကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် စေတနာသဒ္ဓါတရား ထက်သန်စွာ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများလှူဒါန်းမှုသည် စဉ်ဆက်မပြတ်ရှိနေသည်။ လှူဒါန်းမှု အစုစုအတွက် သာဓုခေါ်မဆုံးအောင်ပင်ဖြစ်သည်။ ထိုသို့လှူဒါန်းနိုင်ခြင်းမှာ မြတ်စွာဘုရား၌ သဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ခြင်း၊ တရားတော်မြတ်၌ သဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ခြင်း၊ သံဃာတော်၌ သဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ခြင်းတို့ကြောင့် ဖြစ်သည်။ သဒ္ဓါတရားဖြစ်ပွားမှ ရတနာသုံးပါးကို ဆည်းကပ်နိုင်သည်မှာ အမှန်တရား ဖြစ်ပေသည်။

ဗုဒ္ဓဘာသာ အမွေအနှစ်များနှင့် ပတ်သက်၍ ရှေးဟောင်းဘုရားပုထိုးစေတီများကို ထိန်းသိမ်းစောင့်ရှောက်ကြသကဲ့သို့ နှောင်းလူများသဒ္ဓါတရား တိုးပွားစေရန် ဘုရားပုထိုးစေတီ အသစ်တည်ခြင်း၊ ကျောင်း၊ သိမ်၊ ဇရပ်များဆောက်လုပ်လှူဒါန်းခြင်း များကိုလည်း ပြုလျက်ရှိသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ဗုဒ္ဓဘာသာသည် ကမ္ဘာတည်သရွေ့ တည်ရှိပေလိမ့်မည်။ ဘုရားရုပ်ပွားတော်ကိုမှန်းလျက် ဂုဏ်တော်များဖြင့် ထုံမွမ်းနေပေလိမ့်မည်။

ကြည်နူးချမ်းမြေ့ခြင်းကို ဖြစ်စေလိမ့်မည်။

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်မြန်မာနိုင်ငံတွင်  ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးပွားစေရန်စသည့် ရည်ရွယ်ချက်လေးချက်ဖြင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်မှာ နိုင်ငံတော်နှင့်ပြည်သူအတွက် ဝမ်းသာစရာ ဖြစ်ပေသည်။

ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းဆိုင်ရာ ကျောက်တုံးတော် အစိတ်အပိုင်း အားလုံးကို စကျင်ကျောက်တောင်မှ ဆီမီးခုံဆိပ်ကမ်းအထိ အားလုံးသယ်ဆောင်ပြီး ဖြစ်သည်။

နေပြည်တော်သို့ ဆက်လက်သယ်ဆောင်နိုင်ရန်မှာ စကျင်ကျောက်တော်ကြီး၏ အကြီးဆုံးအစိတ်အပိုင်းမှာ တန်ချိန် ၁၀၀၀ ခန့်ရှိသည့်အတွက် အမြန်လမ်းပေါ်ရှိ တံတားများတွင် ရှောင်ကွင်းလမ်းများ ဖောက်လုပ်ပြီးမှသာ ဆက်လက် သယ်ဆောင်နိုင်မည် ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင်မှထွက်ရှိသည့် စကျင်ကျောက်တော်ကြီးအား ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ်နိုင်ရေးကို တပ်မတော်က   ဦးဆောင်ကြိုးပမ်းလျက်ရှိပေရာ အမျိုးဘာသာ သာသနာတော်အတွက် ကောင်းမွန်မြင့်မြတ်သော လုပ်ငန်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။