တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြောင်း တစေ့တစောင်း(၁)

ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးတိုင်းလိုလိုက ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကိုတိုက်ဖျက်နိုင်ဖို့အတွက် ကာကွယ်ဆေးတွေကို အပြိုင်အဆိုင်ကြိုးပမ်း ထုတ်လုပ် လျက်ရှိပါတယ်။

အဲဒီဆေးဝါး ကုမ္ပဏီကြီးတွေထဲမှာ တရုတ်နိုင်ငံမှ ဆေးဝါးကုမ္ပဏီတွေလည်းပါဝင်ပြီး အလားအလာ ရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ရေးမှာ ရှေ့ကပြေးနေသူတွေဖြစ်ပါတယ်။ လက်ရှိ လူသားတွေမှာ နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုလုပ်နေတဲ့ ကာကွယ်ဆေးအမျိုးပေါင်း ၁၁ မျိုး ရှိပါတယ်။ အဲဒီ ၁၁ မျိုးထဲမှာ တရုတ်နိုင်ငံက လေးမျိုးပါဝင်ပါတယ်။ အဲဒါတွေကတော့  ဆီနိုဗက်ဘိုင် အိုတက်၊ ကန်ဆီနိုဘိုင်အိုလော့ဂျစ်နဲ့ တရုတ်အမျိုးသားဇီဝ နည်းပညာအဖွဲ့(CNBG)တို့က ဖော်စပ် ထုတ်လုပ်နေတဲ့ဆေးတွေ ဖြစ်ပါတယ်။ CNBG က  ဖော်စပ်ထုတ်လုပ်နေတဲ့ဆေးနှစ်မျိုးရှိပါတယ်။

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေဟာ တကယ်ပဲ အစွမ်းထက်ထိရောက်မှာ လား၊ တကယ်ပဲ ယုံကြည်စိတ်ချရမှာလား၊ အရေအတွက်ဘယ်လောက်အထိ ထုတ်လုပ်နိုင်မှာလဲဆို တာတွေကတော့ လူအများရဲ့ စိတ်ဝင်တစားအမေးမြန်းဆုံး အကြောင်းအရာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကာကွယ်ဆေးတွေနဲ့ပတ်သက်ပြီး လေ့လာသိရှိထားသမျှ အခြေအနေတွေအားလုံးကို အောက်ပါအတိုင်း ရေးသားတင်ပြလိုပါတယ်။

ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း

လက်ရှိအချိန်မှာ ဘယ်အရာကိုမှ တိတိကျကျမပြောနိုင်သေးတဲ့အပြင် မရေရာမသေချာမှုတွေရှိနေ သေးပေမယ့်လည်း ပြည်သူတွေအသုံးပြုနိုင်မယ့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအသုတ်ဟာ နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလအစောပိုင်းမှာ ထွက်လာနိုင်တယ်လို့ တရုတ်တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

တရုတ်အစိုးရဟာ ဇူလိုင်လကတည်းက နိုင်ငံအတွင်း အရေးပေါ်အသုံးပြုမှုအတွက် ကာကွယ်ဆေး သုံးမျိုးကို အသုံးပြုခွင့် ပေးထားပါတယ်။ နှစ်မျိုးက CNBG မှဖြစ်ပြီး နောက်တစ်မျိုးက ဆီနိုဗက် မှဖြစ်ပါတယ်။ အဲဒီကုမ္ပဏီနှစ်ခုစလုံးက သူတို့ရဲ့ ကာကွယ်ဆေးတွေကို အမြောက်အမြား ထုတ်လုပ် ရောင်းချနိုင်ဖို့အတွက် လက်ရှိလုပ်ဆောင်နေတဲ့ နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုရလဒ်တွေ အပေါ် မူတည်နေပါတယ်။

တကယ်လို့ အဲဒီကာကွယ်ဆေးတွေက တကယ်ကိုပဲ ထိရောက်မှုရှိတယ်ဆိုရင် သူတို့အနေနဲ့ ဒီနှစ် အကုန်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးပေါင်း သန်း ၆၁၀ အထိ ထုတ်လုပ်နိုင်မယ်လို့ အမျိုးသား ကျန်းမာရေးကော်မရှင်က ခန့်မှန်းထားပါတယ်။

လာမယ့်နှစ်ကုန်အထိဆိုရင် ကာကွယ်ဆေးအလုံးပေါင်း ၁ ဘီလီယံအထိတိုးမြှင့် ထုတ်လုပ်သွားနိုင် ဖွယ်ရှိတယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့လူဦးရေ စုစုပေါင်းကတော့ ၁ ဒသမ ၄ ဘီလီယံရှိပါတယ်။ ကာကွယ်ဆေးအများစုဟာ ဆေးနှစ်ကြိမ်ထိုးမှသာ  အာနိသင်ရှိမှာဖြစ်တဲ့အတွက် တရုတ်တစ်နိုင်ငံ လုံးအတွက်ဆိုလျှင် ကာကွယ်ဆေးအလုံးပေါင်း ၂ ဒသမ ၈ ဘီလီယံ လိုအပ်မှာဖြစ်ပါတယ်။

ကာကွယ်ဆေးများရဲ့စိတ်ချရမှုနဲ့အစွမ်းထက်မှု

ကာကွယ်ဆေးဖော်စပ်ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး အများသိရှိအောင် ပွင့်လင်းမြင် သာစွာထုတ်ပြန်ပေးဖို့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင်တွေက တောင်းဆိုထားပေမယ့်လည်း ဘယ် ကုမ္ပဏီကမှတော့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်ထားပါဘူး။

ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေ တောင်းဆိုထားတဲ့အထဲမှာ လက်တွေ့စမ်းသပ်မှု လုပ်ငန်းစဉ် တွေကို ဘယ်လိုလုပ် ဆောင်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ တရုတ်အစိုးရကတော့ သူတို့ရဲ့ ပြည်တွင်းဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို လက်တွေ့စမ်းသပ်စေဖို့အတွက် ဘယ်လို လူတွေမှာစမ်းသပ်ရမယ်ဆိုတာကို ရွေးချယ်ပေးပါတယ်။

သူတို့ရွေးချယ်ပေးတဲ့အထဲမှာ အဓိကအားဖြင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ နယ်စပ်ဂိတ်တွေမှာရှိတဲ့ စစ်ဆေးရေးတာဝန်ရှိသူတွေ ပါဝင်ပါတယ်။ အဲဒီလက်တွေ့စမ်းသပ်မှုမှာ ပါဝင်သူတွေအနေနဲ့   ဇူလိုင် လမှစပြီး စမ်းသပ်ဆဲကာကွယ်ဆေးတွေကို ထိုးရပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာပါတဲ့သူ ဘယ်သူမျှ ဆေးထိုးပြီးနောက် ဖျားနာတာမျိုး သို့မဟုတ် ဆိုးဝါးလှတဲ့ ပြောင်းပြန်ဓာတ်ပြုမှုဖြစ်ပေါ်တာမျိုး မရှိတဲ့အတွက် ပဏာမစမ်းသပ်မှုဟာ ထိရောက်မှုရှိတယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ကျသင့်မယ့်ငွေပမာဏ

အကယ်၍ သူတို့ရဲ့ကာကွယ်ဆေးကို ထုတ်လုပ်ဖို့ တာဝန်ရှိသူတွေကသာ အတည်ပြုလိုက်ပြီဆိုရင် ကာကွယ်ဆေးတစ်လုံးကို အများဆုံး ယွမ် ၆၀၀ (မြန်မာငွေကျပ် ၁၁၀၀၀၀ ကျော်) လောက် ကျသင့်မယ်လို့ CNBG ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ကျန်းယွင်ထောင်က ပြောထားပါတယ်။

ဒါဟာဈေးကျသွားတာပါ။ သြဂုတ်လတုန်းက သူတို့ခန့်မှန်းထားတာက ဆေးတစ်လုံးကို ယွမ် ၁၀၀၀ အထိရှိနိုင်မယ်ဆိုပြီး ခန့်မှန်းထားတာဖြစ်ပါတယ်။ ဒီဈေးနှုန်းဟာ လက်လီဈေးလား၊ လက်ကားဈေး လားဆိုတာကိုတော့ CNBG ကမပြောပေမယ့် ပြိုင်ဘက်တခြား ကာကွယ်ဆေးတွေထက်တော့ အနည်းငယ်ဈေးများ နေပါတယ်။

လတ်တလောမှာ ဈေးအနည်းဆုံးဖြစ်နိုင်တဲ့ ကာကွယ်ဆေးကတော့ အမေရိကန်အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှုရရှိထားတဲ့ အက်စထရာဇီနီကာ ကုမ္ပဏီထုတ်ကာကွယ်ဆေးဖြစ်ပြီး သူတို့ရဲ့ ကာကွယ် ဆေးတစ်လုံးကို ၄ ဒေါ်လာ (မြန်မာငွေကျပ် ၅၀၀၀ ကျော်)လောက်နဲ့ အမေရိကန်အစိုးရကိုရောင်းချ ပေးမယ်လို့ အဲဒီကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် တရုတ်အစိုးရဟာ ကာကွယ်ဆေး တွေကို ပြည်သူတွေ ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်စေဖို့အတွက် ဈေးနှုန်းသတ်မှတ်မှု လမ်းညွှန်ချက်ကို ထုတ်ပြန်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင် တရုတ်နိုင်ငံမှာ မြို့ပြနဲ့ ကျေးလက်နေပြည်သူများကြား ဝင်ငွေကွာခြားမှုက  အလွန်ကိုကြီးမားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာဆိုရင် မြို့ပြနေပြည်သူတွေမှာ သုံးစွဲနိုင်တဲ့ဝင်ငွေက ယွမ် ၄၂၀၀၀ ရှိပေမယ့် ကျေးလက်နေပြည်သူတွေမှာတော့ ယွမ် ၁၆၀၀၀ သာရှိပါတယ်။

ဒါပေမဲ့လည်း တရုတ်အစိုးရဟာ သူ့နိုင်ငံထဲက ပြည်သူတွေအားလုံး ကာကွယ်ဆေးရရှိရေးအတွက် ကာကွယ်ဆေးအားလုံးရဲ့တန်ဖိုးကိုပေးချေမှာလား၊ ဒါမှမဟုတ် တစ်စိတ်တစ်ဒေသကို ပေးချေပေးမှာ လားဆိုတာကတော့ မသိရသေးပါဘူး။ သေချာတာကတော့ တရုတ်နိုင်ငံမှာရှိတဲ့ နယ်စပ်ရေးရာ ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်၊ ကလေးငယ်တွေ ပါဝင်တဲ့ ရောဂါကူးစက်လွယ်အုပ်စုကိုသာ ကာကွယ်ဆေး အရင်ဆုံးထိုးပေးသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေးကို ရရှိမယ့်နိုင်ငံတွေ ကမ္ဘာ့နိုင်ငံတွေအားလုံး ကာကွယ်ဆေးကို မျှမျှတ တရရှိစေဖို့အတွက် ကုလသမဂ္ဂက ဦးစီးလုပ်ဆောင်နေတဲ့ အစီအစဉ်တစ်ခုရှိပါတယ်။

အဲဒီအစီအစဉ်ကိုတော့ ကိုဗက်လို့နာမည်ပေးထားပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်က ဒီအစီအစဉ်မှာ ပါဝင်ဖို့စာရင်းပေးထားပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်၊ ရုရှားတို့နဲ့အတူ အဲဒီအစီအစဉ်မှာ မပါဝင်ထားပါဘူး။

လက်ရှိမှာ တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်သူတွေက သူတို့ရဲ့ကာကွယ် ဆေးတွေအတွက် နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုတွေကို အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်း၊ ပီရူး၊ မော်ရိုကို၊ တူရကီ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ  လုပ်ဆောင် နေပါတယ်။

ဒါကြောင့် အဲဒီနိုင်ငံတွေက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို ဦးစွာရရှိမယ့် နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ တရုတ်အစိုးရဟာ သူတို့ရဲ့ကာကွယ်ဆေးတွေကို အသုံးပြုပြီး    ယိုယွင်းနေတဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေကိုပြုပြင်ဖို့၊ တည်ရှိပြီးသား ဆက်ဆံရေးတွေကို ခိုင်မြဲစေဖို့  ဦးစားပေးလုပ်နေပါတယ်။

ဒီအတွက်ကြောင့် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေက ကမ္ဘာသူကမ္ဘာသား အားလုံးအတွက်ဖြစ်တယ်ဆိုပြီး တရုတ်သမ္မတရှီကျင့်ဖျင်က ပြောထားပါတယ်။ ဒါ့အပြင် အာဖရိက နိုင်ငံတွေကလည်း ပထမဆုံးဦးစားပေးအနေနဲ့ ကာကွယ်ဆေးရရှိမယ့် နိုင်ငံတွေထဲမှာ ပါဝင်ပါတယ် လို့ ရှီကျင့်ဖျင်က ကတိပြုထားပါသေးတယ်။

Ref: SCMP

ဆက်လက်ဖော်ပြပါမည်။