သြစတြေးလျက လူလုပ်သန္တာကျောက်တန်းများတည်ဆောက်မည်

ဆစ်ဒနီ၊ ပြည်တွင်းရေး

သြစတြေးလျနိုင်ငံက ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်၌ လူလုပ်သန္တာကျောက်တန်းများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သန္တာကျောက်တန်းများ တည်ဆောက်မှုသည် ရေအောက်ဂေဟစနစ်များကို ပုံမှန်အတိုင်း ပြန်ဖြစ်စေမည့်အပြင် အလုပ်အကိုင်ရာပေါင်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောသည်။

နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက် ကွင်းစလန်းပြည်နယ်မှ နိုင်ငံအနောက်ပိုင်း ပါ့ဒေသအထိ အခွံမာရေနေ သတ္တဝါသန္တာကျောက်တန်း ၁၁ ခုကိုဖန်တီးမည်ဖြစ်ပြီး သန္တာကျောက်တန်းတစ်ခုစီ သည် အကြမ်းဖျင်းအားဖြင့် ဘောလုံးကွင်းတစ်ကွင်းစာ ခန့်ရှိကြောင်း သိရသည်။

ပင်လယ်သက်ရှိများ နေထိုင်ရာနေရာများကို ပုံမှန်အတိုင်းပြန်ဖြစ်စေရေး ရည်ရွယ်သည့်  သြစတြေး လျဒေါ်လာ  သန်း ၂၀ တန်ဖိုးရှိသောထိုအစီအစဉ်ကို သြစတြေးလျအစိုးရနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

တစ်ချိန်က သြစတြေးလျ ပင်လယ်အော်များ၌ အခွံမာရေနေသတ္တဝါသန္တာ ကျောက်တန်းများ ရှင်သန်သော်လည်း ၁၈၅၀ မှ ၁၉၆၀ ပြည့်နှစ်အလွန်ကာလများတွင် ရေနေသတ္တဝါများ အလွန်အကျွံ ဖမ်းဆီးခံရမှု၊  သောင်တူးမှုနှင့် ရေညစ်ညမ်းမှုတို့ကြောင့် ထိုသတ္တဝါများ၏ အရေအတွက် ကျဆင်း ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ သမုဒ္ဒရာအစီအစဉ် ညွှန်ကြားရေးမှူး ခရစ် ဂေးလီကပြောသည်။

လက်ရှိတွင် သြစတြေးလျ၌ အခွံမာသန္တာကျောက်တန်းများသည် ၁၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့ သည့်အတွက် နိုင်ငံ၏ အန္တရာယ်အများဆုံး အဏ္ဏဝါဂေဟစနစ်တစ်ခုဖြစ်လာကြောင်း သိရသည်။

Ref: Xinhua