Elite Tour ပြိုင်ပွဲ စတုတ္ထဇုန်ပွဲစဉ်တွင် ဘုန်းမြင့်ကျော် ဒုတိယဆုရရှိ

ရန်ကုန်၊ ဏသသူ

တရုတ်နိုင်ငံ ချောင်ရန်မြို့၌ စက်တင်ဘာ ၃၀ ရက်က ကျင်းပသည့် Elite Tour 2020 (8 Ball)  ရှုံးထွက်ပြိုင်ပွဲ စတုတ္ထဇုန်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော် ဒုတိယ ဆု ရရှိခဲ့သည်။

ယင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘုန်းမြင့်ကျော်သည် တရုတ်ကစားသမား ဇန်ယူဘိုနှင့်ယှဉ်ပြိုင်ရာ ရှုံးနိမ့် ပြီး ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရသည်။ ဘုန်းမြင့်ကျော်သည် တရုတ်ကစားသမား ဇန်ယူဘိုနှင့် ပြီးခဲ့သည့် မေလအတွင်းကျင်းပခဲ့သည့် Chinese 8 Ball ပြိုင်ပွဲ အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့ဖူးပြီး ယင်းပွဲစဉ်၌ ဘုန်းမြင့်ကျော်က အနိုင်ရခဲ့ဖူးသော်လည်း Elite Tour ပြိုင်ပွဲ၌ ဇန်ယူဘိုက ပြန်လည် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ၏ စတုတ္ထဇုန်ပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး ဘုန်းမြင့်ကျော် သည် အဆင့်သတ်မှတ်ချက်အရ ၃၂ ဦး ရှုံးထွက်အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။ ဗိုလ်လုပွဲ အဆင့် တွင် ဒုတိယဆုဖြင့်သာကျေနပ်ခဲ့ရ၍ ဘိလိယက်ဘောလုံးကို အချိန်ကိုက်ထိုးနိုင်ရန်အတွက် ပိုပြီးလေ့ ကျင့်ရန် လိုအပ်နေသေးကြောင်း ဘုန်းမြင့်ကျော်က လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြခဲ့ သည်။                

ကိုရဲ