သီရိလင်္ကာက ကာလရှည်ဗီဇာများ ထုတ်ရောင်းမည်

အစားအစာနှင့်စက်သုံးဆီ   ဝယ်ယူရေးအတွက် ပြည်ပငွေကြေးရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံက  ကာလရှည်ဗီဇာများကို ထုတ်ရောင်းမည် ဖြစ်ကြောင်း ဧပြီ ၂၆ ရက်တွင်ထုတ်ပြန် ကြေညာသည်။

အစိုးရက  ထိုအစီအစဉ်ကို  ရွှေရောင်သုခဘုံဗီဇာအစီအစဉ် ဟု အမည်ပေးထားပြီး ယင်းအစီအစဉ်အရ သီရိလင်္ကာနိုင်ငံအတွင်း ၁၀ နှစ်ကြာနေထိုင် အလုပ်လုပ်လိုသည့် နိုင်ငံခြားသားများ အနေဖြင့် စပေါ်ငွေ အနည်းဆုံး အမေရိကန် ဒေါ်လာတစ်သိန်းကို   အပ်နှံရမည်ဟု တာဝန်ရှိသူများက ပြောသည်။

ထိုအစီအစဉ်ဖြင့် လာရောက်လိုသူများသည် ၎င်းတို့နေထိုင်နေသည့် ကာလတစ်လျှောက် အဆိုပါ ဒေါ်လာတစ်သိန်းကို ပြည်တွင်းရှိ ဘဏ်တစ်ခု၏အကောင့်တွင် အသေထားထားရမည် ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအစီအစဉ်သည် လွတ်လပ်ရေးရပြီးနောက် အဆိုးဆုံးအနေအထားဖြင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းကို  ကူညီထောက်ပံ့ရာ ရောက်မည်ဖြစ်ကြောင်း     သတင်းမီဒီယာဝန်ကြီး နာလာကာဂိုဒါဟီဝါက သတင်းထောက်များကို ပြောသည်။

ထို့ပြင်  သီရိလင်္ကာအစိုးရသည်   အခြားဗီဇာ အစီအစဉ်တစ်ခုကိုလည်း အတည်ပြုလိုက်သည်။ ထိုအစီအစဉ်မှာ နိုင်ငံအတွင်းရှိ တိုက်ခန်းတစ်ခန်းကို  အမေရိကန်ဒေါ်လာ ၇၅၀၀၀ ဖြင့်ဝယ်ယူသော မည်သည့်နိုင်ငံခြားသားမဆို   ငါးနှစ်ကြာနေထိုင်ခွင့်ပေးသည့် အစီအစဉ်ဖြစ်သည်။

လက်ရှိအချိန်တွင်  ကုမ္ပဏီများက လောင်စာဆီများ  မတင်သွင်းနိုင်သည့်အတွက် နိုင်ငံအတွင်း လျှပ်စစ်မီးမရသည်က များနေကာ  စက်သုံးဆီရရှိရေးအတွက် လူတန်းရှည်ဖြင့် တန်းစီနေရသည်။

အလားတူ  ဆေးရုံများတွင်လည်း  ဆေးဝါးများ ပြတ်လပ်နေသောကြောင့်   ပြည်ပရှိနိုင်ငံသားများ အနေဖြင့် ဆေးဝါးများလှူဒါန်းရန် အစိုးရက မေတ္တာရပ်ခံထားကြောင်း  သိရသည်။             

Ref:CNA