မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသထွက် စိုက်ပျိုးရေး ကောက်ရိုးမှိုများ ဝယ်လိုအားများပြီး ဈေးကောင်းရရှိနေ

မော်လမြိုင်ကျွန်းမြို့နယ်၌ ဒေသထွက် စိုက်ပျိုးရေး ကောက်ရိုးမှိုများ ဝယ်လိုအားများပြီး ဈေးကောင်းရရှိနေ

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌  ဒေသထွက် စိုက်ပျိုးရေး ကောက်ရိုးမှိုများ ဝယ်လိုအားများပြီး တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိ ဈေးကောင်း ရရှိနေကြောင်း အဆိုပါမြို့နယ်မှ  မှိုရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်လှမြင့်၏ ပြောပြချက်အရ သိရသည်။

အဆိုပါဒေသထွက် စိုက်ပျိုးရေးကောက်ရိုးမှိုများသည် ဖေဖော်ဝါရီလနှင့် မတ်လက တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ မှ ၄၅၀၀ အထိသာ ရရှိခဲ့သော်လည်း ဧပြီပထမပတ်မှစ၍ ဈေးနှုန်းမြင့်တက်လာပြီး လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ မှ ၇၅၀၀ အထိ ဈေးကောင်း ရရှိနေကြောင်း သိရသည်။

ဒေသထွက်စိုက်ပျိုးရေး ကောက်ရိုးမှိုများကို ရန်ကုန်ဈေးကွက်မှ ပြန်လည်မှာယူမှု များလာခြင်းကြောင့်  ဈေးကောင်း ရရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

“လက်ရှိ  ရန်ကုန်ဘက်ကနေ  မှာယူမှုများလာတော့  အရောင်းသွက်ပြီး  ဈေးကောင်းလည်း   ရနေပါတယ်။ လက်ရှိ ကောက်ရိုးမှိုတစ်ပိဿာကို ငွေကျပ် ၇၅၀၀  အထိ ဈေးကောင်း ရနေပါတယ်။ ဒါကြောင့် စိုက်ပျိုးသူတချို့ဆို အဆင်ပြေပြီး ထပ်တိုးစိုက်ဖို့အထိ  ပြင်ဆင်လာကြတာ တွေ့ရတယ်။    မှိုဈေးကွက်မှာ   အဖူးကိုပိုကြိုက်ကြတယ်။  အပွင့်ကို  သိပ်မကြိုက်ကြဘူး။

ဒါကြောင့် များသောအားဖြင့် အဖူးအနေအထားကို ရအောင်ယူပြီး အရောင်းအဝယ် လုပ်နေရတယ်”ဟု  ဒေါ်လှမြင့်က ပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ထွက်ရှိသည့် စိုက်ပျိုးရေး ကောက်ရိုးမှိုများကို ရက်ရှည်အထားခံစေရန် စနစ်တကျ ထုပ်ပိုး၍ ပုသိမ်ဈေးကွက်နှင့် ရန်ကုန် ဈေးကွက်တို့သို့ တင်ပို့ရောင်းချပြီး လက်ရှိတွင် နေ့စဉ် မှိုပိဿာချိန် ၃၀၀ ခန့်အထိ  အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။