လက်ရိုက်အုတ်များ ဈေးကောင်းရရှိကာ လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

လက်ရိုက်အုတ်များ ဈေးကောင်းရရှိကာ လုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စုတွင် အများဆုံးလုပ်ကိုင်လျက်ရှိသော လက်ရိုက်အုတ်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မိုးရာသီ နီးကပ်လာပြီဖြစ်သောကြောင့်  အဆောက်အအုံ ဆောက်လုပ်သူများ  ဝယ်ယူမှုမြင့်တက်လာပြီး ဈေးကောင်း ရရှိသဖြင့် လုပ်ငန်းလုပ်ကိုင်သူ မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လက်ရိုက်အုတ်ပြုလုပ်ရာတွင်  ဦးစွာ မြေပေါက်တင်၍ ရွှံ့စေးဖြစ်စေရန် နင်းကာ တစ်ညနှပ်ထားရကြောင်း၊  ထိုသို့နင်းထားပြီး ဒုတိယအကြိမ် ထပ်နင်း၍ ရရှိလာသော ရွှံ့စေးမြေကို ပုံစံခွက်ဖြင့် အုတ်ရိုက်ဆရာက အုတ်ရိုက်ကာ အဆိုပါအုတ်များအား ဆယ်တိုင်တင်ကာ သုံးရက်နေလှန်းရကြောင်း သိရသည်။

ထိုသို့ နေလှန်းထားသော အုတ်များအား ဆိုင်ပုံထိုးကာ   မီးစတင်ထိုးရကြောင်း လောင်စာအဖြစ် စပါးခွံသာ အများဆုံး အသုံးပြုကြကြောင်း၊   မီးထိုးပြီး ငါးရက်ကြာပါက အုတ်များကျက်သဖြင့်  တစ်ရက်၊ နှစ်ရက်ခန့် အအေးခံပြီး အုတ်များ ဖော်ယူရကြောင်းနှင့် မိုးရာသီ နီးကပ်လာပြီဖြစ်သဖြင့် အုတ်များအမြန်ပြီးစီးနိုင်ရေး ကြိုးစား ဆောင်ရွက်နေရကြောင်း အုတ်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေပုထံမှ သိရသည်။