အာဆင်နယ်အသင်းက မန်စီးတီးအသင်းမှ တိုက်စစ်မှူး ဂျီးဆပ်ကိုခေါ်ယူရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားကြောင်း သတင်းထွက်ပေါ်

အာဆင်နယ်အသင်းက လာမည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းမှ တိုက်စစ်မှူး  ဂျီးဆပ်ကိုခေါ်ယူရန်  ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိထားကြောင်း  သတင်းထွက်ပေါ်ခဲ့သည်။

မန်စီးတီးအသင်းက လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဒေါ့မွန်အသင်းမှ ဟာလန်းကို ခေါ်ယူရန် သဘောတူညီမှုရရှိပြီးနောက် ဂျီးဆပ်ကို ရောင်းချရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

ဂျီးဆပ်ကိုယ်တိုင်ကလည်း  ယခုဘောလုံးရာသီ  နည်းပြ ဂွါဒီယိုလာလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့် မရရှိဘဲ စတာလင်း၏နောက် လူစားဝင်ကစားသမား အဖြစ်သာပါဝင်နေရပြီး အသင်းသို့ ဟာလန်းရောက်ရှိ လာမည်ဆိုပါက    ပွဲထွက်ခွင့်ရရှိရန် မသေချာသည့် အနေအထားများကြောင့်  အသင်းမှ  ထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

အာဆင်နယ်အသင်း အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလက အူဘာမီယန်းကို လက်လွှတ်ခဲ့ရသကဲ့သို့  ရာသီအကုန်တွင် လာကာဇက်ကို လက်လွှတ်ရမည့်အပြင် ပီပီကိုလည်း ရောင်းချ ရန်ပြင်ဆင်ထားသဖြင့် တိုက်စစ်ပိုင်းအတွက် မဖြစ်မနေအင်အားဖြည့်တင်းလိုခြင်း ဖြစ်သည်။ မန်စီးတီး အသင်းကလည်း    ဂျီးဆပ်နှင့်  စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သောကြောင့် အလွတ်ပြောင်း ရွှေ့ကြေးဖြင့် လက်မလွှတ်လိုသည့်အတွက် ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Ref;Sky Sports