(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး၊ ပုလဲအတွဲ ၃၃၀၊ ကျောက်မျက်အတွဲ ၅၄ တွဲနှင့် ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာ ကျင်းပပြီးစီး၊ ပုလဲအတွဲ ၃၃၀၊ ကျောက်မျက်အတွဲ ၅၄ တွဲနှင့် ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော်  ဧပြီ  ၂၈

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ရာ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြီးစီးခဲ့ပြီး ပြပွဲကာလအတွင်း   ပုလဲအတွဲ ၃၃၀၊ ကျောက်မျက်အတွဲ ၅၄ တွဲနှင့် ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီထံမှ သိရသည်။

ပြပွဲများအဖြစ် ဧပြီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပုလဲအတွဲ ၃၃၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ တင်ပြသည့်ပုလဲအတွဲအားလုံး ရောင်းချရသဖြင့် ရာနှုန်းပြည့် ရောင်းချခဲ့ရသည်။ အလားတူ ဧပြီ ၂၅ ရက်တွင် ကျောက်မျက်အတွဲ  ၁၂၀ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်မျက်အတွဲ ၅၄ တွဲရောင်းချရသဖြင့် ရောင်းချရမှုအနေဖြင့် ၄၈ ရာခိုင်နှုန်း ရောင်းချရကြောင်းသိရသည်။ ထို့အတူ ကျောက်စိမ်းအတွဲ ၂၀၀၀ အား ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၁၃၃၅ တွဲရောင်းချရသဖြင့် ရောင်းချမှုအနေဖြင့် ၆၆ ဒသမ ၇၅ ရာခိုင်နှုန်း ရောင်းချရကြောင်း သိရသည်။

ပြပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရတနာကုန်သည် ၁၁၈ ဦး၊ အိန္ဒိယနိုင်ငံမှ ရတနာ ကုန်သည်နှစ်ဦး၊ ကိုရီးယားနိုင်ငံမှ ရတနာကုန်သည်တစ်ဦးနှင့် သြစတြေးလျ နိုင်ငံမှ ရတနာကုန်သည်တစ်ဦး အပါအဝင် ပြည်ပရတနာ ကုန်သည် ၁၂၂ ဦးနှင့် ပြည်တွင်းရတနာ ကုန်သည်  ၁၄၂၄ ဦး စုစုပေါင်း ရတနာကုန်သည် ၁၅၄၆ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယခုပြပွဲတွင် ကျောက်မျက်၊ ကျောက်စိမ်းအတွဲများ ဝယ်ယူခဲ့သည့် ပြည်တွင်းပြည်ပ ရတနာကုန်သည်များ အနေဖြင့်  မိမိတို့ ဝယ်ယူခွင့်ရရှိသော ကျောက်အတွဲများ အတွက် တန်ဖိုးငွေများကို အရောင်းအဝယ် စာချုပ်တွင် သတ်မှတ်ထားသည့် ရက်ပေါင်း၆၀ အတွင်း ပေးသွင်းရမည်ဖြစ်သောကြောင့် ဧပြီ ၂၉ ရက်မှ ဇွန် ၂၇ ရက်အတွင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြပွဲများ ကျင်းပကာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲများကို ရောင်းချ ခြင်းဖြင့် ကျောက်မျက်ရတနာ ရောင်းဝယ်သူများ အတွက် ငွေကြေးလည်ပတ်ခြင်း၊ ကျောက်မျက်ရတနာ အချောလုပ်ကိုင်သူများအတွက် ကုန်ကြမ်းရရှိခြင်းနှင့် ကျောက် မျက်ကဏ္ဍမှ လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိခြင်း၊ အခြားအခွန်အခများလည်း ရရှိမည်ဖြစ်သောကြောင့် နိုင်ငံတော် ဖွံ့ဖြိုးရေး အတွက် အထောက်အကူဖြစ်မည့် ပြပွဲဖြစ်ကြောင်း သိရသည်။