နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၃)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

ယမန်နေ့မှအဆက်

https://www.myawady.net.mm/sites/default/files/29422w.jpg

Sky Net Media မှ ထုတ်လုပ်သူ ဦးသွင်ထူးအောင်က ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံခြားသတင်းထောက်များကို ပြောကြားထားခြင်းကြောင့် ရွေးကောက်ပွဲအတွက် စီမံဆောင်ရွက်ချက်များကို သိလိုကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် အိန္ဒိယအစိုးရက ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဟုလည်းသိရ၍ မည်သို့ကူညီသွားမည်ကိုသိလိုကြောင်း၊ ဆက်လက်၍ ရွေးကောက်ပွဲကျင်းပမည့် စနစ်ကို သိလိုကြောင်း၊ PR စနစ်ကို အတည်ပြုလိုက်ပြီလား သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကို ဝန်ကြီးဦးမောင်မောင်ဦး ပြောကြားခဲ့သလို ၂၀၂၃  ကိုမျှော်မှန်း၍ မိမိတို့ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ အရေးကြီးသည်မှာ မဲစာရင်းဖြစ်သည့်အတွက် အခြေခံလူဦးရေပြုစုခြင်းနှင့် ပတ်သက်၍ မိမိတင်ပြခဲ့သလို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေမူဘောင်ဖြစ်သည့် ဥပဒေနည်းဥပဒေများကို နောက်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မိမိတို့သည် ယခင်

အတွေ့အကြုံများအပေါ် မူတည်၍ လိုအပ်သည့်ပြင်ဆင်မှုများကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊  ထိုလုပ်ငန်းစဉ် အပါအဝင် အခြားလိုအပ်သည့် အုပ်ချုပ်မှုကိစ္စများကို မိမိတို့အနေနှင့် ယခုအချိန်တွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရနှင့် မိမိတို့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်နေမှုများရှိကြောင်း၊ ECI- Election Commission of India  နှင့်လည်း  ယခင် ကတည်းက ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း၊ အခြားနိုင်ငံများ၏ ရွေးကောက်ပွဲ ကော်မရှင်များ၊ အခြားနိုင်ငံ အစိုးရများနှင့်လည်း ဆက်သွယ်ဆောင်ရွက်မှုများရှိကြောင်း၊ အိန္ဒိယနှင့် ပတ်သက်၍ ပြီးခဲ့သည့်ကာလများမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝန်ထမ်း ၂၀၀ ကို အိန္ဒိယနိုင်ငံ၌ ၁၀၀၊ မိမိတို့နိုင်ငံ၌ ၁၀၀ လူ ၂၅ ဦးစီလေးသုတ်ခွဲ၍ သင်တန်း ပို့ချခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအပတ် အတွင်းမှာလည်း အိန္ဒိယသံအမတ်ကြီးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့  နောက်ထပ်ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန်အတွက်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ အိန္ဒိယရွေးကောက်ပွဲကော်မရှင်၊ အိန္ဒိယနိုင်ငံအစိုးရ၊ အခြားနိုင်ငံအစိုးရများနှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ PR စနစ်နှင့် ပတ်သက်၍ သက်ဆိုင်သည့်  Stakeholder များဖြစ်သည့် နိုင်ငံရေးပါတီများနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၊ မေ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့တွင် လေးကြိမ်တိုင်တိုင်ဆွေးနွေးပြီး ဖြစ်ကြောင်း၊ ပထမနှစ်ကြိမ် ဆွေးနွေးသည့်အခါတွင် PR စနစ်ကိုအသုံးပြုရန်အတွက် သဘောတူညီချက်ရကြောင်း၊ တတိယအကြိမ် နိုဝင်ဘာလတွင် PR စနစ်နှင့်ပတ်သက်သည့် စာတမ်းများကို ဖတ်ကြားဆွေးနွေးခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် ဒီဇင်ဘာလတွင် PR Design အနေနှင့်ပတ်သက်၍ မည်သည့် Design နှင့် မည်သို့လုပ်မည်ဆိုသည်ကို ပါတီများမှ အသေးစိတ် စာတမ်းများဖတ်ပြီးဆွေးနွေးသည့်အတွက် PR စနစ်ထဲကမှ မိမိတို့မြန်မာနိုင်ငံနှင့် သင့်တော်သည့် List PR ဖြစ်သည့် Close List PR စနစ်ကို အသုံးပြုရန်အတွက် ဆွေးနွေးဆုံးဖြတ်ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုစနစ်ကို အသုံးပြုရန်အတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ဆောင်ရွက်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/29422e.jpg

သူရိယနေဝန်း သတင်းဌာနမှ သတင်းထောက်  ဒေါ်သဇင်ဦးက ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မှတ်ပုံတင်နှင့် မဲပေးခြင်းမဟုတ်ဘဲ၊ မဲစလစ်များနှင့် မဲပေးခြင်း ပြုခဲ့သည့်အတွက်ကြောင့် မဲမသမာမှုများ ဖြစ်ခဲ့ကြောင်းကို သင်ခန်းစာယူခဲ့ပြီးဖြစ်ကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင်လည်း မဲစလစ်များနှင့်သာ မဲပေးခွင့်ပြုမည်လား၊ မှတ်ပုံတင်များနှင့် မဲပေးခွင့်ပြုမည်လား ရှင်းရှင်းလင်းလင်း သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက   ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မှတ်ပုံတင်ကတ်များအသုံးမပြုခြင်း၊    သက်သေခံအထောက်အထား ကတ်ပြားများကို မပြခြင်း Voter Slip လို့ခေါ်သည့် မဲစလစ်များကိုသာ အသုံးပြုသည့်အခါတွင် မဲမသမာမှုများ ဖြစ်ခဲ့ကြောင်းကို မိမိတို့ တွေ့ကြုံရကြောင်း၊ ထို့ကြောင့်    လာမည့်ရွေးကောက်ပွဲတွင် သက်သေခံအထောက်အထား ဖြစ်သည့် နိုင်ငံသားကတ်များကို ပြသပြီးမှမဲပေးရန် မိမိတို့ စီမံဆောင်ရွက်ထားကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဦးလှသိန်း တာဝန်ယူခဲ့သည့် အချိန်ကာလတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းခဲ့သည့် နိုင်ငံရေးပါတီ တချို့ရှိသည်ဟုသိရကြောင်း၊ ၎င်းပါတီများအနေနှင့် ထိုပါတီများအထဲမှ ပြန်လည်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ပြန်လျှောက်သည့်ပါတီ  မည်မျှရှိလဲ၊  ခွင့်ပြုပေးပြီးသည့် နိုင်ငံရေးပါတီမည်မျှရှိလဲ၊ နိုင်ငံရေးပါတီ ၉၃ ပါတီတွင် တစ်ပါတီပယ်ဖျက်လိုက်သည့်အတွက်   ၉၂  ပါတီသာကျန်ကြောင်း၊ နောက်ထပ်အသစ် လျှောက်ထားသည့်ပါတီ မည်မျှရှိလဲသိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီများကို မိမိတို့က တည်ထောင်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်းများကို နိုင်ငံရေးပါတီမှတ်ပုံတင် ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရကြောင်း၊ သတင်းထောက်ကြီးမေးမြန်းသည့် ပယ်ဖျက်သည့်ပါတီများရှိကြောင်း၊ ပယ်ဖျက်သည့် ပါတီဆိုသည်မှာလည်း ပယ်ဖျက်ရသည့်   အကြောင်းအမျိုးမျိုးရှိကြောင်း၊ အကြောင်းမှာ ထိုပယ်ဖျက်ခံရသည့် ပါတီများသည် မဲဆန္ဒနယ်သုံးနယ် ယှဉ်ပြိုင်ရကြောင်း၊ မယှဉ်ပြိုင်နိုင်၍ အပယ်ဖျက်ခံရသည်များလည်း ရှိကြောင်း၊ သက်ဆိုင်ရာပါတီကိုယ်တိုင်က ပယ်ဖျက်ခွင့်ပြုပါဟု ပယ်ဖျက်ခွင့်တောင်း၍ ပယ်ဖျက်ရခြင်းလည်း ရှိကြောင်း၊ တချို့ပါတီများကို မိမိတို့က ၂၄(ဂ)နှင့် ယာယီရပ်ဆိုင်းကြောင်း၊ ရပ်ဆိုင်းသည့် ကာလအတွင်းမှာ သတ်မှတ်ထားသည့် ၎င်းပျက်ကွက်သည့် လုပ်ငန်းတစ်ခုကို လုပ်ရန်ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်ကို မဆောင်ရွက်ခြင်းကြောင့် ပယ်ဖျက်ရခြင်းများလည်းရှိကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ကို ၂၀၁၀ မှာပြဋ္ဌာန်းသည့် အခါတွင် တချို့ယခင်ပါတီများသည် ပြန်လည်မှတ်ပုံတင်ရခြင်းများ ရှိကြောင်း၊ ထိုသို့မှတ်ပုံတင်သည့် အခါတွင် မှတ်ပုံမတင်သည့်အတွက် သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ ထုတ်ထားသည့်အတိုင်း မဆောင်ရွက်သည့်အတွက် ပယ်ဖျက်ခံရသည့် ပါတီများလည်း ရှိကြောင်း၊    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ-၁၂ တွင်  ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသည့် ပြဋ္ဌာန်းချက်များ ရှိကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ (၁၅)တွင်  ဖော်ပြပါကိစ္စများ ဖြစ်လျှင် နိုင်ငံရေးပါတီကို ပယ်ဖျက်ရမည်ဆိုသည့်   အကြောင်းခြင်းရာများ ရှိသည့်အတွက်  ထိုကိစ္စများနှင့် ငြိစွန်းမည်ဆိုလျှင်လည်း ပယ်ဖျက်ရသည်များ ရှိကြောင်း၊ မိမိသိရသလောက် ထိုသို့ပယ်ဖျက်ခဲ့ ရသည့်ပါတီများ၊ ဆန္ဒအလျောက် ပယ်ဖျက်ခွင့်တောင်းသည့် ပါတီများ စုစုပေါင်း ၃၆ ပါတီခန့်လောက်ရှိခဲ့ကြောင်း၊ လက်ရှိတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေအသစ်များ  မိမိတို့ရေးဆွဲပြီး ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ကော်မရှင်အနေနှင့် ရေးဆွဲ၍ ဥပဒေရေးရာ ဝန်ကြီးဌာနကလည်း စိစစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ၎င်းပြဋ္ဌာန်းချက်များကို အတည်ပြုသည့်အခါ ထိုပြဋ္ဌာန်းချက်များ ထွက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ထွက်လာသည့်အခါ ဥပဒေနှင့်အညီ ဆက်လက်၍ ယခုလက်ရှိကာလမှာ ထိုဥပဒေသစ်ပြဋ္ဌာန်းပြီးလျှင် ပါတီများသည် သတ်မှတ်သည့် ဥပဒေနှင့်အညီ တည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်များကို တောင်းခံလာသည့် အခါမှာ မိမိတို့က ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/29422r.jpg

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ဖြေရန်ကျန်ခဲ့သည့် ဦးလှသိန်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ယူသည့် အချိန်ကာလတွင် ဖျက်သိမ်းခဲ့သည့် ပါတီများထဲမှ ပြန်ပြီးလျှောက်ထားသည့်ပါတီများရှိသည်ဟုသိရ၍   ပါတီမည်မျှရှိလဲ၊ ထိုပါတီများကိုလည်း ခွင့်ပြုရန်အတွက်   မည်သို့အခြေအနေရှိလဲသိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက နိုင်ငံရေးပါတီ များနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များသည် နိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်က ပြီးပြတ်သည့် အတည်ဖြစ်သည်ဆို၍ ရှိကြောင်း၊ ယခင်က ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်လျှင် မိမိတို့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဥပဒေပုဒ်မ (၅၃)အရ  စာရွက်စာတမ်းများကိုကြည့်၍ စိစစ်ပြီးမှလိုအပ်သလို ဆုံးဖြတ်၍ရကြောင်း၊ သို့သော် ၎င်းနှင့်ပတ်သက်၍ ဦးလှသိန်းလက်ထက်တွင် ပယ်ဖျက်သည့် နိုင်ငံရေးပါတီများက ထပ်လျှောက်သဖြင့် မိမိတို့အနေနှင့် ပြန်လည်စိစစ်ပြီး ခွင့်ပြုရန် အနေအထားမရှိကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် အသစ်ပြန်လည်ရေးဆွဲနေသည့် ဥပဒေ၊ နည်းဥပဒေများမှာ အခက်အခဲကြုံတွေ့နေရသည့်အပိုင်းတချို့ ရှိသည်ဟုကြားသိရကြောင်း၊ မည်သို့အခက်အခဲမျိုးလဲ၊ ထိုအခက်အခဲကို မည်သို့ပေါင်းစပ် ဖြေရှင်းနေသည်ကို သိလိုကြောင်းမေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သာမန်အားဖြင့် မိမိတို့ အခက်အခဲမရှိကြောင်း၊ ၎င်းင်းဥပဒေကို အသစ်ပြန်လည်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် ထားခြင်းသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ PR စနစ်ကိုလည်း ပြောင်းရမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲက အတွေ့အကြုံများကိုမူတည်၍ ဆောင်ရွက်ရမည့် သက်ဆိုင်ရာပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲဥပဒေများ၊ လွှတ်တော်ကိုယ်စားလှယ်မှပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေအရ နည်းဥပဒေ ၄ ခု၊ ၎င်းတို့နှင့်ပတ်သက်၍ မိမိတို့အသစ်ရေးဆွဲပြီးမှ ၎င်းတို့ကိုအဆင့်အလိုက်  အစီစဉ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊  ၎င်းတို့ကို အကောင်းဆုံးဖြစ်အောင် ဥပဒေနှင့်အညီ အမျှတဆုံး ဖြစ်အောင် မိမိတို့ဆောင်ရွက်လျက်ရှိကြောင်း၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းသာရှိပြီး မိမိတို့အနေနှင့် ထူးထူးခြားခြား အခက်အခဲမရှိကြောင်း၊ ဝိုင်းဝန်းပြီး အကောင်းဆုံး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/29422t.jpg

နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ သတင်းအယ်ဒီတာ ကိုခန့်က မိမိတို့နိုင်ငံမှာ ပါတီများ၊ ပါတီကိုယ်စားလှယ်လောင်း များသည် ရွေးကောက်ပွဲကျင်းပချိန်နီးမှသာလျှင် ပြည်သူ့အတွက်ဆို၍ ဆောင်ပုဒ်အမျိုးမျိုး၊ နားထောင်ကောင်းသည့် မဲဆွယ်မှုအသွယ်သွယ်နှင့် လွှတ်တော်တွင်အမတ်အဖြစ် ဝင်ရောက်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး နေခြင်းများကို တွေ့ရှိရကြောင်း၊ ကျန်သည့်အချိန်များမှာ ပြည်သူအတွက်ဆောင်ရွက်ခြင်း မရှိသလို အနစ်နာခံခြင်းများမရှိခြင်းကိုလည်း တွေ့ရကြောင်း၊ ရေဘေး၊ မီးဘေး၊ သဘာ၀ ဘေးများကျရောက်သည့်အခါ တပ်မတော်မှ တပ်မတော်သားများနှင့် မိသားစုဝင်များသာ ဆောင်ရွက်နေကြောင်းကို တွေ့ရှိရကြောင်း၊ ယခုလို နိုင်ငံရေးအကျပ်အတည်းဖြစ်ချိန်မှာ ပို၍သိသာ ထင်ရှားကြောင်း၊  ပါတီများ၊ ပါတီကိုယ်စားလှယ်လောင်းများသည် ပြည်သူလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်း၊ တပ်မတော်နှင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိသလို ရေသာခိုအချောင်သမား ပါတီနိုင်ငံရေးသမားများသာ တွေ့ရှိရကြောင်း၊ ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲနီးမှသာလျှင် ပြည်သူ့အတွက်ဆို၍ ခေါင်းစဉ်ထားခြင်းများ အသုံးပြုမည့်ပါတီများ၊ ပါတီကိုယ်စားလှယ် လောင်းများကိုလည်း  တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲအနေဖြင့် ပြည်သူအတွက် အလေးထားသော ပါတီများ၊ ပြည်သူအတွက် အကျိုးပြုမည့် ပါတီကိုယ်စားလှယ်လောင်းများ မွေးထုတ်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပါတီကိုယ်စားလှယ်ဆိုသူများသည် များသောအားဖြင့် ၎င်းကိုယ်စားလှယ်၏ အထက်တွင် နောက်ခံ Blackground မှ ပါတီများရှိကြောင်း၊ တစ်သီးပုဂ္ဂလဆိုသည်မှာနည်းကြောင်း၊ ပါတီများ၊ ရွေးချယ်ရသည့် ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူ့အကျိုးကိုသယ်ပိုး ဆောင်ရွက်နိုင်ရန်ရည်ရွယ်လျှင် ခိုင်မာအားကောင်းသည့် ပါတီများရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊  နည်းဥပဒေမှာလည်း အားကောင်း ခိုင်မာသည့် ပါတီများ ဖြစ်ပေါ်ရန်အတွက် မိမိတို့ရည်ရွယ်၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက် ထားကြောင်း၊ ထို့အတူ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင်လည်း ၎င်းကိုယ်စားလှယ်များသည် အရည်အသွေးရှိသည့်၊ အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ဖြစ်လာရန်အတွက် မိမိတို့မျှော်မှန်းပြီး ဆောင်ရွက်ထားကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် သတင်းထောက်ကြီး မေးမြန်းသကဲ့သို့ အရည်အချင်းများနှင့် ပြည့်စုံအောင် မိမိတို့တတ်နိုင်သည့်ဘက်၊ မိမိတို့    ဆောင်ရွက်နိုင်သည့်ဘက်ကနေ ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

Sky Net Media မှ ထုတ်လုပ်သူ ဦးသွင်ထူးအောင်က တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာထားသည်ကိုသိရှိရကြောင်း၊  သင်ကြားရေးအတွက် မည်သို့ပြင်ဆင်ထားသည်ကို သိလိုကြောင်း၊ အခြေခံပညာ ကျောင်းများ၏ စာသင်နှစ်တွင် သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရန်အစီအစဉ်ရှိ/မရှိ၊  မည်သို့စီစဉ် ထားသည်ကို သိလိုကြောင်းနှင့် ကိုဗစ်ဆိုင်ရာ  ထိန်းချုပ်ကန့်သတ်မှုများအား ထပ်မံပြင်ဆင် သတ်မှတ်ရန် အစီအစဉ်ရှိ/မရှိတို့နှင့် ပတ်သက်၍ သိလိုပါကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ ဖွင့်လှစ်မည့်နေ့၊ ကျောင်းလက်ခံမည့် နေ့များကို ပြောပြီးဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ ပြောင်းလဲမှုမရှိကြောင်း၊ တက္ကသိုလ်များနှင့်ပတ်သက်၍ မည်သည့်နေ့တွင် ဖွင့်လှစ်မည်၊ အဝေးသင်များကို မည်သည့်နေ့တွင် ဖွင့်လှစ်မည်ကို ကြေညာပြီးဖြစ်ကြောင်း၊ အသေးစိတ်ကို ပညာရေး ဝန်ကြီးဌာနမှ ဖြေကြားပေးစေလိုကြောင်း ပြန်လည်ဖြေကြားသည်။

ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တက္ကသိုလ်များပြန်လည်ဖွင့်လှစ် ရာတွင် သင်ကြားရေး ကိစ္စများကို ပထမတစ်ချက်အနေဖြင့် ကိုဗစ်ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ Check List ရေးဆွဲထားကြောင်း၊ Check List များနှင့်အညီ သက်ဆိုင်ရာတက္ကသိုလ်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ချက်မှာ    သင်ရိုးညွှန်းတမ်း ဖြစ်ကြောင်း၊ ယခင်ပုံမှန်သင်ရိုးညွှန်းတမ်း ဆောင်ရွက်ရာတွင် အကြမ်းဖျင်းအားဖြင့် ကျောင်းဖွင့်သည့် ရက်သည် ရက်ပေါင်း ၈၀ ဖြစ်ကြောင်း၊ ယခု ၅၃ ရက်နှင့် ဖွင့်မည်ဖြစ်ကြောင်း၊ ၅၃ ရက်ဖြင့် ဖွင့်မည်ဆိုပါက ရာခိုင်နှုန်းအားဖြင့် ၆၆ ရာခိုင်နှုန်းသာရှိခြင်းကြောင့် သုံးပုံနှစ်ပုံဖြင့်သာ သင်ကြားသွားမည် ဖြစ်ကြောင်း၊ ယင်းသို့သင်ကြားရာတွင် ကျောင်းသူ၊ ကျောင်းသားများ သိရှိတတ်မြောက်ရန်အတွက်  လိုအပ်သည့် သင်ရိုးညွှန်းတမ်းကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ်တို့တွင် သင်ကြားပေးနေသည့် ဆရာကြီး၊   ဆရာမကြီးများ ဦးဆောင်၍ ရေးဆွဲထားခြင်းရှိကြောင်း၊ Credit Unit ပြည့်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်တစ်ခုမှာ ဆရာ၊ ဆရာမ များဖြည့်ဆည်းရန်အတွက် သင်ကြားရေးနှင့် စီမံဝန်ထမ်းများ ဖြည့်ဆည်းထားကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် နည်းပြ/သရုပ်ပြအသစ် ၃၅၅၈ ဦး ခန့်ထားပါကြောင်း၊ ၎င်းတို့ကိုလည်း မွမ်းမံသင်တန်းများ သင်ကြားပေးပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နည်းပြသရုပ်ပြများ ခန့်အပ်နိုင်ရန်အတွက်    သက်ဆိုင်ရာ စာမေးပွဲများလည်း    စစ်ဆေးထားပြီးဖြစ်ကြောင်း၊ ဧပြီလကုန်ပိုင်းတွင် ဆက်လက်ခန့်အပ်ရန်စီစဉ်လျက်ရှိကြောင်း ဖြေကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးက ဖြေကြားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါဝင်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ပြီးစီးပါက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု   ပါရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို  ခိုင်ခိုင်မာမာ အာမခံပြီး ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးကျင့်သုံးရမည့်စနစ်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဟုပါရှိပြီး ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူတစ်ရပ်လုံး၏ သဘောထားဆန္ဒခံယူပြီးမှ ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈    ဖွဲ့စည်းပုံအခြေခံဥပဒေများ ရှိကြောင်း၊ ၁၉၄၇ အခြေခံဥပဒေသည် ပြည်သူ တစ်ရပ်လုံး၏ ဆန္ဒခံယူပွဲနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေမဟုတ်ကြောင်း၊ ၁၉၄၇ အခြေခံ ဥပဒေသည် တိုင်းပြု၊ ပြည်ပြုလွှတ်တော်တွင်တင်ပြီး အတည်ပြုထားသည့် ဥပဒေမဟုတ်ကြောင်း၊ ၁၉၇၄ အခြေခံဥပဒေ သည်လည်း တိုင်းပြည်တစ်ပြည်လုံးတွင် ဆန္ဒခံယူမဲပေးပြီး ကျင်းပသည့် ဥပဒေဖြစ်ကြောင်း၊ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း အလားတူဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲဟု သုံးနှုန်းခြင်း ဖြစ်ကြောင်း၊ General Election ဟု သုံးနှုန်းခြင်းဖြစ်ကြောင်း၊ ယင်းစကားရပ်နှင့်အညီ တစ်နိုင်ငံလုံးတွင် အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မိမိတို့ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့်  ပြည်သူလူထုအားလုံး မည်သည့် ခြိမ်းခြောက်မှု၊ မတရားလွှမ်းမိုးမှုမှ မရှိဘဲ မဲပေးရာတွင် မိမိဆန္ဒဖော်ပြနိုင်ရေးအတွက် မိမိတို့အစိုးရအနေဖြင့်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် နှစ်ကာလရှည်ကြာနေပြီ ဖြစ်သော လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများနှင့် လက်နက်ကိုင်လွှမ်းမိုးမှုနှင့် ခြိမ်းခြောက်မှု၊ မတရားလွှမ်းမိုးမှုများ ကင်းဝေးမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ရှိနေသေးပါက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲပါကြောင်း၊ ရွေးကောက်ပွဲမလုပ်ပါက မိမိတို့တိုင်းပြည်သာ နစ်နာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ် အေးချမ်းရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်  ပြည်သူအားလုံးဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ  သတင်းထောက် ဒေါ်သဇင်ဦးက မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့အချိန်အထိ အကြမ်းဖက် PDF များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ပြည်သူများခံစားရလျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ  အဆိုးရွားဆုံးဖြစ်မည်ဟု ပြောလိုကြောင်း၊ မိမိ၏ဇာတိမြို့ဖြစ်သော မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့တွင်လည်း ယခုရက်ပိုင်းတွင် အကြမ်းဖက် PDF များ၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် နေ့စဉ်နှင့်အမျှသေဆုံးမှုများရှိနေကြောင်း၊ အကြမ်းဖက် PDF များကြောင့် မခံနိုင်သည့် ပြည်သူများက အုပ်စုများဖွဲ့၍   တန်ပြန်ခုခံလုပ်ဆောင်မှုများ ရှိလာကြောင်း၊ တချို့ဒေသ များတွင် ပြည်သူ့စစ်များ ဖွဲ့စည်းထားကြောင်း၊ ပြည်သူ့စစ်များတွင် လူအင်အား၊ စိတ်ဓာတ် အင်အားခိုင်မာစွာ ရှိနေသော်လည်း လက်နက်အင်အား မလုံလောက်သည့်အတွက် အကြမ်းဖက်များအား ရင်ဆိုင်တွန်းလှန်ရန် အခက်အခဲရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းထားသည့်  ပြည်သူ့စစ်များနှင့် တစ်နိုင်ငံလုံးတွင် ရှိသော ပြည်သူ့စစ်မဟာဗျူဟာများ လွှမ်းမိုးရန် မည်သို့ လုပ်ဆောင်ရန်နှင့် လက်နက်တပ်ဆင်ပေးရန်အစီအစဉ်ရှိ^မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည့် ပြည်သူ ပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ကိုပြောပြီး ဖြစ်ကြောင်း၊ ပြည်သူပါဝင်သည့် ပြည်သူ့ လုံခြုံရေးစနစ်ကို     ပြည်သူပါဝင်သည့် အင်အား၊   လိုအပ်သည့် အထောက်အပံ့ပစ္စည်းအပြည့်အစုံတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အပြိုင်အဆိုင် အဖွဲ့အစည်းဆိုရာတွင်လည်း    ဂရုစိုက်ရန်လိုကြောင်း၊ တချို့အရာများသည် လူမှုကွန်ရက်စာမျက်နှာများနှင့် အခြားမီဒီယာများ လှုံ့ဆော်နေသည်ကိုလည်း တွေ့ကြမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့်   ယခုခေတ်စားနေသည့် သွေးသောက်အဖွဲ့ကဲ့သို့   အဖွဲ့အစည်းများကို တွေ့ကြရမည်ဖြစ်ကြောင်း၊ NLD လက်ထက်တွင် နေပြည်တော်၌ မည်သည့်အဖွဲ့အစည်း ပေါ်ပေါက်ခဲ့တယ်ဆိုသည်ကို ပြန်လည်ပြောလိုကြောင်း၊ အမည်အတိအကျ မမှတ်မိ သော်လည်း မျိုးချစ်ရဲဘော်များအဖွဲ့၊ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ဆို၍ ပေါ်ပေါက်ခဲ့ဖူးကြောင်း၊ ဇာစ်မြစ်ကိုလိုက်ရာတွင် ၎င်းတို့သည် NLD အစိုးရကို ဆန့်ကျင်ရန်အတွက် တပ်မတော်မှ စစ်သားဟောင်းများ၊ စစ်မှုထမ်းဟောင်းများနှင့် ဖွဲ့စည်းထားသလိုလို ပြောကြကြောင်း၊ တကယ်တော့ အခြေအမြစ်မရှိသည့် အဖွဲ့ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အခြေအမြစ်မရှိဘူးဟုဆိုရာတွင် မိမိတို့ဘက်တွင် အခြေအမြစ် မရှိသော်လည်း ယင်းတို့ဘက်တွင် အခြေအမြစ်ရှိကြောင်း၊ ဇာစ်မြစ်ကိုလိုက်ရာတွင်    တစ်ဖက်အဖွဲ့အစည်းမှ လုပ်ကြံပြီးဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်နေသည်ကိုတွေ့ရကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့ ဂရုစိုက်ရမည်မှာ မြန်မာနိုင်ငံအထဲ၌ ယင်းတို့ အဖွဲ့အစည်းများက သံဃာတော်များအား သတ်ဖြတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်း၊   ရွာများမီးရှို့ခြင်းများကို အကြမ်းဖက် PDF များက လုပ်ဆောင်နေသည်ကို  အားလုံး အသိပင်ဖြစ်ကြောင်း၊ NUG အဖွဲ့အစည်းမှ ဝန်ကြီးအချို့ကိုယ်တိုင် လှုံ့ဆော်နေကြောင်း၊ စာသင်ကျောင်းများကို ဗုံးခွဲရန်နှင့် အကြမ်းဖက်သတ်ဖြတ်ခြင်း လုပ်ငန်းများလုပ်ဆောင်ရန် လှုံ့ဆော်မှုများနှင့် ပတ်သက်ပြီး တုံ့ပြန်မှုများကို ၎င်းတို့ ခံစားနေရခြင်းဖြစ်ကြောင်း၊ တုံ့ပြန်မှုများ ခံစားရသည့်အချိန်တိုင်းတွင်   အထက်မှာ ပြောခဲ့သည့်အတိုင်း တပ်မတော်က အဖွဲ့ဖွဲ့စည်းပြီး သတ်နေသယောင်ယောင်ဖြင့် ပြောကြားနေကြောင်း၊ မိမိပြောလိုသည်မှာ နီနီမနီနီ သဘောမတူလျှင် အကျိုးစီးပွား ထိခိုက်လာရင်   တစ်နိုင်ငံလုံးပတ်ရမ်း ပြီးသတ်နေသည်မှာ ၎င်းတို့အဖွဲ့အစည်းတစ်ခုသာ ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်နှင့်    ပြည်သူလူထုအကျိုးကို ကာကွယ်စောင့်ရှောက်နေသည့် မီဒီယာများ အနေဖြင့် အချို့သတင်းများသည် ဂရုစိုက်ရန်လိုကြောင်း၊ ကိုယ့်အကျိုးကိုလိုလားနေသယောင်နှင့် အတွင်းထဲကိုဝင်ပြီး လှိုက်စားသည့် အပြုအမူများကို ဂရုစိုက်ရန်လိုအပ်သည်ဟု တိုက်တွန်းလိုကြောင်း၊ မိမိအနေဖြင့် တရားဝင် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့အစည်းရှိကြောင်း၊ ပြည်သူ့စစ်သည် နိုင်ငံတော်တွင် ကျင့်သုံးနေသည့် အခြေခံဥပဒေတွင် အတိအလင်းပါရှိပြီး ဖြစ်ကြောင်း၊  ပြည်သူ့စစ်မဟာဗျူဟာနဲ့ပတ်သက်ပြီး တပ်မတော်အနေဖြင့် ၁၉၅၉ ခုနှစ် တပ်မှူးကြီးများ ညီလာခံအပြီး နောက်ပိုင်းကတည်းက စတင်ခဲ့ကြောင်း၊ နိုင်ငံတော်၏   လက်ရှိကာကွယ်ရေး မဟာဗျူဟာတွင်လည်း ပြည်သူ့စစ်မဟာဗျူဟာဆို၍ရှိကြောင်း၊   မိမိတို့ ဥပဒေစည်းမျဉ်းစည်းကမ်းများ အရလည်း နယ်မြေတစ်နေရာ၊ ဒေသတစ်ခုခု၌ဖြစ်စေ လုံခြုံရေးအရလိုအပ်ပါက ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်ရှိကြောင်း၊ အစိုးရအနေဖြင့် ပြည်သူလူထု၊ နယ်မြေခံဒေသလူထု၏ တောင်းဆိုချက်နှင့်အညီ တရားဝင်ဖွဲ့စည်းခွင့်ရှိသည့် ပြည်သူ့စစ်များဖွဲ့စည်းဆောင်ရွက် လျက်ရှိကြောင်း၊ ကျန်အဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက်ထားခြင်း မရှိကြောင်းကို တိတိလင်းလင်း ပြောလိုကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ဆောင်နေခြင်းသည် အတွင်းဝင်ပြီး မီးရှို့ခြင်း၊  အတွင်းဝင်ပြီးလှိုက်စားခြင်း လုပ်နေသည်များရှိနေသည့် တချို့လုပ်ငန်းများ ရှိသည်ကို သတိချပ်စေလိုကြောင်း ပြန်လည် ဖြေကြားသည်။

သူရိယနေဝန်းသတင်းဌာနမှ သတင်းထောက် ဒေါ်သဇင်ဦးက အကြမ်းဖက်များ၏ ဘေးရန်ကို ကာကွယ် ရှောင်ရှားလိုသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူလူထု၏ တောင်းဆိုချက်များရှိကြောင်း၊  ယင်းမှာ စစ်ဘေးရှောင်စခန်းကဲ့သို့ Safe Zone တစ်ခု ဖွင့်လှစ်ပြီး ဒုက္ခသည်များကို လက်ခံထားရှိရန် အကြံပြုခဲ့ကြောင်း၊ ဏီၤ အကြမ်းဖက် သမားများအား အကြမ်းဖက်ဟု သတ်မှတ်ထားပြီး အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူ လူထုနှင့်  တပ်မတော်ကို ထောက်ခံသည့် ပြည်သူများကသာ ၎င်းတို့၏ လုပ်ရပ်များကို အကြမ်းဖက်ဟု သတ်မှတ် ထားသော်လည်း တချို့မီဒီယာများနှင့် နိုင်ငံတကာများက အကြမ်းဖက်ဟု မမြင်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်ဟု သက်သေပြရန်အတွက် အကြမ်းဖက် PDF များကြောင့် ဒုက္ခရောက်လာသည့် ပြည်သူများကို ဒုက္ခသည်စခန်း တစ်ခုအနေဖြင့်တည်ရှိပါက လာရောက်ခိုလှုံသည့် ပြည်သူများက PDF အကြမ်းဖက်များကို    အကြမ်းဖက်ဟုသတ်မှတ်ရန် လုံလောက်သည့်သက်သေတစ်ခုဖြစ်မည်ဟု မိမိအနေဖြင့်ယူဆမိကြောင်း၊ ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှအစပြု၍ Safe Zone များ တည်ဆောက်ပြီး  လာရောက်ခိုလှုံလိုသည့် ပြည်သူများကို လက်ခံထားရှိရန်     အစီအစဉ်ရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး      လောလောဆယ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည်များရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာကို ပြသနိုင်သည်အထိ၊ နိုင်ငံတကာက   အာရုံစိုက်လာနိုင်သည်အထိ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ အချို့သော  လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ အချို့သံဃာတော်များက ၎င်းတို့ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ပြီး PDF အကြမ်းဖက်သမားများ  မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းတို့ကိုကြောက်ရွံ့၍ ခိုလှုံနေရသည့်သူများကို     လက်ခံထားခြင်းများ ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ နတလကဲ့သို့အဖွဲ့များက ဝိုင်းဝန်းကူညီနေသည်များ ရှိကြောင်း၊ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ထောက်ပြပြောဆိုခြင်းများကိုလည်း   ကျေးဇူးတင်ကြောင်းနှင့် မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်သွား နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာက အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့်   NUG မှ ၎င်းတို့ အစီအစဉ်ဖြင့် စာသင်ကျောင်း ၂၀ ကျော် ဖွင့်လှစ်ပြီးသည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ ဧပြီ ၂၃ ရက်နေ့အထိ ထွက်ပေါ်လာသည့် သတင်းများအရ ၂၃ ကျောင်းရှိသည်ဟု သိရကြောင်း၊ အံ့သြစရာ ကောင်းသည်မှာ လက်ရှိအသုံးပြုနေသည့် သင်ရိုးညွှန်းတမ်းများဖြင့် ပြဋ္ဌာန်းထားသည့် စာအုပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဆောင်ရွက်သည့်အခါ ကျွန်ပညာရေးဟု ပြောဆိုပြီး ၎င်းတို့က အဆိုပါ စာအုပ်များဖြင့် ပြဋ္ဌာန်းသည့်အခါတွင် သခင်ပညာရေးစနစ်ဟု ခေါင်းစဉ်တပ်ထားသည်ကို တွေ့ရကြောင်း၊ အဓိကသိလိုသည်မှာ   ယခုလို ၎င်းတို့အနေဖြင့်  ကျောင်းများဖွင့်နေပြီး ဆောင်ရွက်နေသည်ကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်  မည်သို့ သဘောထားရှိပြီး မည်သို့ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   ယခုကဲ့သို့ သတင်းစာ ရှင်းလင်းပွဲများတွင် ပြောကြားရာတွင် မှတ်မိလွယ်စေရန် ပြောဆိုရခြင်းများ ရှိခြင်းကြောင့်  အချို့စကားလုံးများသည် ကြမ်းတမ်းမှုများလည်း ရှိနိုင်ကြောင်း၊ ယခုပြောမည့် စကားအသုံးအနှုန်းတွင် ကျောင်းသားများကို မျောက်ဟုပြောဆိုခြင်း မဟုတ်ကြောင်း၊ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ    မျောက်ပြဆန်တောင်းလုပ်ခြင်း ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး နိုင်ငံ တကာတွင် နံပါတ်(၁)ပညာရေး၊ နံပါတ်(၂)ကျန်းမာရေးဟု သတ်မှတ်ထားကြောင်း၊ စစ်ပွဲဖြစ်နေလျှင်ပင် ကျောင်းနှင့်ဆေးရုံတို့ကို အထူးရှောင်ရှားရကြောင်း၊ ပြည်တွင်း၌ ဖြစ်နေသည့်ပဋိပက္ခမဆိုထားနှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖြစ်နေသည့် စစ်ပွဲပင်လျှင် ထိုသို့ရှောင်ရှားကြရကြောင်း၊   လက်ရှိ၎င်းတို့လုပ်ရပ်သည် မည်သည့်နေရာကိုမှ ရှောင်ရှားခြင်း မရှိသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ကိုဗစ်ဖြစ်ပွားနေသည့် ကာလတွင် အောက်ဆီဂျင် အသည်းအသန် လိုအပ်နေသည့် အချိန်တွင် အောက်ဆီဂျင်ကားကို ဗုံးခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အလားတူ ဆေးရုံကိုပို့ဆောင်မည့် လူနာတင်ယာဉ်ကို  ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ဆရာ၊ ဆရာမများကို စာမသင်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းများကို  ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆရာ၊  ဆရာမများက ကျောင်းဖွင့်ရန်   အစည်းအဝေး ပြုလုပ်နေသည့် နေရာရှိ ဆိုင်ကယ်များကို   မီးရှို့ခဲ့ကြောင်း၊  ထိုလုပ်ရပ်များကို မြန်မာပြည်သူပြည်သားအားလုံးသိထားပြီး ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ကာလကတည်းက တပ်မတော်နှင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် မည်သည့် EAOs မှ ထိုသို့ လုပ်ရပ်များကို လုပ်ဆောင်ခြင်း မရှိကြောင်း၊  ထိုသို့သောလုပ်ရပ်များ လုပ်ဆောင်နေခြင်းကို မိမိပြောခဲ့သည့် ဖုံး၊

ဖိ၊ ဖာ၊ ဖောက်ဆိုသည့်  မီဒီယာများက ဖာပေးနေကြောင်း၊ အဆိုပါလုပ်ရပ်များကို တပ်ကလုပ်သယောင်ယောင်၊ ဒီဘက်အဖွဲ့ အစည်းက လုပ်သယောင်ယောင်နှင့်  ထိုလုပ်ရပ်များကိုမဖုံးနိုင်သဖြင့် နိုင်ငံတကာမှလည်း သိသွားသည့်အတွက် အချို့နေရာများတွင် အရိပ်အမြွက်ထည့်ရေးရသည်များ ရှိကြောင်း၊ ထို့ကြောင့် မျောက်ပြ ဆန်တောင်း လုပ်ကြကြောင်း၊ ပြည်သူများအနေဖြင့်စဉ်းစားစေလိုကြောင်း၊  စနစ်တကျ သင်ရိုးညွှန်းတမ်း၊  စနစ်တကျ သင်တန်းတက်ထားသည့် ဆရာ၊ ဆရာမများ၊ စနစ်တကျ အေးချမ်းသည့်နေရာတွင်   သင်နေသည့် စာသင်ကျောင်းများ၌ပင်   စာတတ်မြောက်မှု မည်မျှရှိသည်ကို လက်တွေ့စမ်းသပ်ကြည့်၍ရကြောင်း၊  ၎င်းတို့ ပြောသည့်  ကျောင်းများသည် မည်သည့်နေရာတွင် ဖွင့်လှစ်ထားသည်၊   မည်သူများက သင်ကြားသည် ဆိုတာသည် မျောက်ပြဆန် တောင်းလုပ်ခြင်းသာ ဖြစ်ကြောင်း၊   နိုင်ငံတကာဖြစ်စေ၊ အလှူရှင်များဖြစ်စေ၊ ပြစားလို့ရအောင်လုပ်ခြင်းသာ ဖြစ်ကြောင်း၊  မိမိစောစောကပြောသကဲ့သို့ အကြွေးတောင်းသကဲ့သို့ တကျည်ကျည်တောင်း နေသည်ဆိုခြင်းမျိုး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ လုပ်ပြပါ ဆိုသည့်အတိုင်း   လုပ်ပြသည့် ပြယုဂ်များသာ ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး မိမိပြောလိုသည်မှာ မူမမှန်သည့်  အကြမ်းဖက် အဖွဲ့အစည်းများ၏  ပြည်သူများအပေါ်ထားရှိသည့်  ၎င်းတို့၏ စိတ်ဓာတ်အရင်းအမှန်သာ ဖြစ်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/29422y.jpg

Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏   ငြိမ်းချမ်းရေးခရီးစဉ်နှင့် ဆက်စပ်မှုရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက    အဆိုပါကိစ္စနှင့် ဆက်စပ်မှုမရှိကြောင်း၊ သို့သော် မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်   ထဲထဲဝင်ဝင်  ပါဝင်ကူညီဆောင်ရွက်နေသူဖြစ်ကြောင်း၊ AA နှင့်ဖြစ်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ပြီး ထပ်မံမဖြစ်ပွားအောင်  အဓိကအကျိုးဆောင် နေသည့်သူ ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့်  မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  အာဆီယံအထူး ကိုယ်စားလှယ်အနေဖြင့် ဆောင်ရွက်ရန် မစ္စတာဆာဆာကာဝါပါဝင်ဖို့     ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်  သတင်းထောက်ကြီးမေးသလို ဖိတ်ခေါ်ခဲ့ခြင်းသည် မစ္စတာ ဆာဆာကာဝါနှင့် ဆက်စပ်ခြင်း မရှိကြောင်း   ပြောလိုကြောင်း၊    မိမိတို့ ဖိတ်ခေါ်ခဲ့ခြင်းသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏  ယခင်ကတည်းကတိုင် ပြောခဲ့ပြီးဖြစ်ကြောင်း၊ လွတ်လပ်ရေး ရရှိသည်မှာ ၇၅ နှစ်ရှိပြီ ဖြစ်သော်လည်း ပြည်သူများအနေဖြင့်  လွတ်လပ်ရေး၏ အရသာ၊ ဒီမိုကရေစီ၏အရသာ၊ ငြိမ်းချမ်းရေး အရသာကို အပြည့်အဝ မခံစားရသေးကြောင်း၊ ထို့ကြောင့် ပြည်သူများ အပြည့်အဝ ခံစားနိုင်ရန် မိမိတို့အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းမှ ရမည်ဆိုသည့်   ခံယူချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင်လည်း  သက်ဆိုင်ရာ ခေါင်းဆောင်များကို   တိုက်ရိုက်တွေ့ဆုံမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ EAOs အဖွဲ့ခေါင်းဆောင်များကို   မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ   ယခင်က ခေါင်းဆောင်များက ပြောလေ့ရှိသည်မှာ ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် အစိုးရကတစ်မျိုး၊ တပ်မတော်ကတစ်မျိုး၊ လွှတ်တော်ကတစ်မျိုးဟု ပြောလေ့ရှိကြောင်း၊ လက်ရှိ လုပ်ဆောင်မည်မှာ   တစ်ဦးတည်း ဖြစ်ကြောင်း၊ ထို့ကြောင့်  လက်ရှိအခြေအနေ၊ အချိန်အခါမျိုးသည် မရှိနိုင်ကြောင်း၊ သဘောထားရိုးသားစွာဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေး နိုင်သည်ဟု ပြောခဲ့ပြီး ဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုတွင် တချို့ EAO အဖွဲ့သည် EAOs အဖွဲ့ချင်းတူသော်လည်း သမိုင်းကြောင်းများမတူညီသလို  နယ်မြေလည်း မတူညီခြင်းကြောင့်   တောင်းဆိုမှုများလည်း ကွဲပြားမှုရှိနိုင်ကြောင်း၊  သို့သော် တူညီသည့် အချက်များလည်း  ရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တွေ့ဆုံဆွေးနွေးရာတွင် အားလုံးကို   တွေ့ဆုံမည်လော၊ တစ်ဖွဲ့ချင်း တွေ့ဆုံမည်လောဆိုသည်မှာ နှစ်မျိုးလုံးဖြစ်နိုင်ကြောင်း၊  အခြေခံအချက်အလက်များ မတူညီသည့်အတွက် နှစ်မျိုးစလုံး ဖြစ်နိုင်သည်ဟု    ပြောလိုကြောင်း၊ ထို့ကြောင့်  လက်ရှိအချိန်အခါမျိုးသည် မရှိသလောက်ရှားသည်ဟု  မိမိအနေဖြင့် ပြောလိုကြောင်း၊ သမိုင်းကိုပြန်လှည့်ကြည့်မည် ဆိုပါက ဆွေးနွေးမှုများ    များစွာ ပြုလုပ်ခဲ့ကြောင်း၊ ၁၉၆၂ တော်လှန်ရေးကောင်စီတက်လာသည့်အချိန်တွင် KNC အဖွဲ့ (ကရင်တော်လှန်ရေးကောင်စီ)ဘွဲ့ထူးဂုဏ်ထူးပေးလိုက်သည့် စောဟန်တာသာမွေး ဦးဆောင်သည့်အဖွဲ့နှင့်  မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပထမဆုံးတရားဝင်လက်မှတ် ရေးထိုးသည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင်လည်း တစ်ယောက် တည်းဖြစ်ကြောင်း၊  အဆိုပါကာလတွင် အဖွဲ့ကြီး၊ အဖွဲ့ငယ်(၁၇)ဖွဲ့လည်း ငြိမ်းချမ်းရေးစာချုပ်   လက်မှတ်ရေးထိုးနိုင်သည့်အဆင့်တော့    မရောက်ရှိခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို နှစ်ပေါင်းဆယ်စုနှစ်ချီ၍ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အချို့ဒေသများတွင်  ဖွံ့ဖြိုးတိုးတက်မှုများရှိလာခဲ့ကြောင်း၊ ထိုအခြေအနေများကို EAOs အဖွဲ့ခေါင်းဆောင်များအနေဖြင့် မိမိတို့ နေထိုင်သည့် တိုင်းရင်းသား ပြည်သူလူထု၊ မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် တိုင်းရင်းသား ပြည်သူလူထုတို့၏ အကျိုးကို ငဲ့ကွက်သောအားဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောလိုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည် ဆိုသည့် စကားသံများဖြင့်  အဖွဲ့လိုက်ရှင်းပြပြီး ရရှိပြီးဖြစ်ကြောင်း၊ EAO  အဖွဲ့ခေါင်းဆောင်တစ်ဦး ပြောခဲ့သည့် စကားကို ရည်ညွှန်းပြီး ပြောလိုကြောင်း၊ သတ္တိရှိလို့ စစ်တိုက်ရင် ဒါ့ထက်ပိုပြီး  သတ္တိရှိရင် ငြိမ်းချမ်းရေးစကားလည်း  ပြောရဲရမှာပေါ့ ဆိုသည့်အတိုင်း မိမိအနေဖြင့် အထူးအလေးအနက်ထားပြီး   တိုက်တွန်းလိုကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက NLD အစွန်းရောက်ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၏ လှုံ့ဆော်မှုကြောင့် PDF ထဲကိုရောက်ရှိနေသည့်  လူငယ်တချို့က ၎င်းတို့၏မိဘ၊ နေရပ်ထံကို ပြန်လိုကြသည့် သတင်းများကြား သိရကြောင်း၊  မိဘများအနေဖြင့်လည်း ပြန်လည်ခေါ်ဆောင် လိုကြလိုသည်များလည်း ကြားသိရကြောင်း၊ ထိုသို့ အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိနေသည့် လူငယ်များအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်သို့ပြန်လည် ဆောင်ရွက်ပေးနိုင်သည်ကို သိလိုကြောင်း၊ PDF အတွင်းရောက်ရှိပြီးမှ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပြီး  ဝင်ရောက်လာသည့် လူငယ်များကိုရော ပြန်လက်ခံပြီး စောင့်ရှောက်ပေးခြင်းမျိုး  ရှိ/မရှိ  သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး သတင်းစာ ထဲတွင်လည်း  အသေးစိတ် ကြေညာထားပြီး ဖြစ်ကြောင်း၊ လူငယ်များသည် တက်ကြွသူများဖြစ်ကြောင်း၊ စူးစမ်းလေ့လာလိုစိတ်ရှိသူများ ဖြစ်ကြောင်း၊ ယင်းသို့ စိတ်ဓာတ်တက်ကြွသည့် လူငယ်များကို  လမ်းမှားရောက်အောင်  တွန်းပို့ခဲ့သည့် လူများလည်းရှိကြောင်း၊ ထို့ကြောင့်  အကြမ်းဖက်အဖွဲ့ PDF အတွင်းသို့ ရောက်ရှိသူများ၊ အကြမ်းဖက် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် သူများလည်း ရှိကြောင်း၊   ယင်းကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များ ထုတ်ပြန်ထားကြောင်း၊ ရာဇဝတ်မှုတစ်ခုခုကို ကျူးလွန်ခြင်းမရှိပါက တရားဥပဒေအရ ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ပြန်လည်လက်ခံကြိုဆိုခြင်း ခံရမည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် နှစ်ပေါင်းများစွာ  တိုက်ခိုက်လာကြသည့် အဖွဲ့များပင် အလင်းဝင်လာပါက လက်ခံရသည် ဖြစ်ကြောင်း၊  လူငယ်များသည် ပြည်သူလူထု၏ သား၊  သမီးများပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူလူထုများ၊ မြန်မာနိုင်ငံသားများပင် ဖြစ်ကြောင်း၊ မည်သူသေသေ  မြန်မာနိုင်ငံသားများ သေခြင်းဖြစ်သောကြောင့်  ယင်းကိစ္စကိုလေလုံးထွားပြီး ဂုဏ်ယူနေစရာအကြောင်း မရှိဘူးဟု ပြောလိုကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်  ပြန်လည်လက်ခံသွားရန်၊ ပြန်လည်စောင့်ရှောက်သွားရန် အသင့်ရှိသည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/29422u.jpg

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ် နောင်တော်လေးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်၏   ငြိမ်းချမ်းရေးမိန့်ခွန်းသည် ကြိုဆိုရမည့် ကိစ္စတစ်ခုဖြစ်သည်ကို အများစုက လက်ခံထားရှိကြောင်း၊ သို့သော်  ယနေ့ဒီအချိန်အထိ  NLD အစွန်းရောက်များက အကြမ်းဖက်လုပ်ရပ်များကို နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိပြီး သတ်ဖြတ်မှုများလည်း  လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြမ်းဖက်များက မည်သို့နှောင့်ယှက် လာနိုင်ချေရှိသလဲ။ နှောင့်ယှက်လာပါက မည်သို့ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊  ဆက်စပ်မေးခွန်းအဖြစ် လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်များတွင် ဒုတိယနှစ်မှစတင်ပြီး သင်ရိုးညွှန်းတမ်း များပြည့်စုံမှုမရှိသေးသည်ဟု  ကြားသိရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အပိုင်းက  ဆောင်ရွက်နေသည်များကို   သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဖိတ်ခေါ်သည့် အကြောင်းနှင့် ပတ်သက်ပြီး  EAOs များ၏   သဘောထားကို မိမိအနေဖြင့် အဖွဲ့လိုက်ပြောခဲ့ကြောင်း၊ NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့များ၊ မရေးထိုးရသေးသည့် အဖွဲ့များနှင့် ပတ်သက်ပြီး သဘောထားများနှင့် ပတ်သက်ပြီး သဘောထားများမှာ  မိမိပြောခဲ့သည့်အတိုင်းပင် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ နေ့စဉ်အကြမ်းဖက်မှု ကျူးလွန်ခြင်းများ ရှိကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူပါဝင်သည့် အင်အား၊ လိုအပ်သည့် အထောက်အပံ့ပစ္စည်း အပြည့်အစုံ ဆောင်ရွက်ပေးသွားရန်  အစီအစဉ်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင်  မိမိအနေဖြင့် မေတ္တာရပ်ခံလိုသည်မှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး   ဖြစ်ပေါ်တိုးတက်အောင်   မီဒီယာများအနေဖြင့် တတ်နိုင်သည့်ဘက်မှ စတုတ္ထမဏ္ဍိုင်ပီသစွာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း ပြန်လည် ဖြေကြားသည်။

ပညာရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးက  ပညာရေးဒီဂရီကောလိပ်များတွင် လေးနှစ်သင် သင်တန်းများနှင့် ပတ်သက်၍ လောလောဆယ် ပညာရေးဒီဂရီကောလိပ် များတွင် လက်ရှိဖွင့်လှစ်ထားရှိသည့်  ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းများအတွက် သင်ရိုးညွှန်းတမ်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်သင်တန်းများမှာ ဖွင့်လှစ်ခြင်း မရှိသေးသဖြင့်  ဆောင်ရွက်ဆဲသာရှိကြောင်း၊  ပညာရေးဒီဂရီကောလိပ်နှင့် ပတ်သက်သည့်  ဆရာအတတ်သင်ပညာဦးစီးဌာနအတွက်  ညွှန်ကြားရေးမှူးချုပ်လည်း ရောက်ရှိနေပြီဖြစ်ကြောင်း၊   ယင်းဦးစီးဌာနသည် အသစ်ဖြစ်သည့်အတွက် ၎င်းဦးစီးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ဖြည့်စွက် ပြောကြားသည်။

https://www.myawady.net.mm/sites/default/files/29422k.jpg

People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက PDF များကို လက်နက် များတပ်ဆင်ပေးခြင်း၊ စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးနေသည့်   KNU၊ KIA အဖွဲ့များနှင့်ပတ်သက်ပြီး အစိုးရနှင့် ၎င်းအဖွဲ့များနှင့် ဆက်ဆံရေး အခြေအနေကို သိလိုကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို မွေးထုတ်ပေးသည့် လက်နက်ကိုင်အဖွဲ့များကို မည်သို့ပြောလိုပါသလဲ  သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  PDF အဖွဲ့များကို   အဓိကအားဖြင့်    လက်နက်နှင့် သင်တန်းပေးနေသည့် အဖွဲ့အစည်းများ ရှိကြောင်း၊   သတင်းထောက်ကြီးပြောသည့် အဖွဲ့အစည်းများပါသလို   အခြားအဖွဲ့အစည်း များလည်း ပါဝင်ပတ်သက်နေကြောင်း၊ လက်တွေ့ဖြစ်ပျက်နေသည့် အခြေအနေကို သုံးသပ်ရန်လိုကြောင်း၊   ယခင်တုန်းက နဗဥ အဖွဲ့များရှိနေသည့်နယ်မြေများသာ နစ်နာမည်ဖြစ်ကြောင်း၊   ယခင်ငြိမ်းချမ်းခဲ့စဉ်က     ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ကြောင်း၊ ယခုအချိန်တွင်  သေနတ်သံ၊  ဗုံးသံများ ပြန်လည်ကြားနေရကြောင်း၊ ၎င်းတို့အကြားတွင်လည်း  သဘောထားကွဲလွဲမှုများရှိသည်ဟု ကြားသိခဲ့ရကြောင်း၊ KNPP ကကန့်ကွက် ထားသည့် NUG က  ၎င်းတို့နယ်မြေအထဲတွင်   ယင်းတို့အုပ်ချုပ်ရေး စနစ်များ၊ ကြေညာခြင်းများ ရှိခြင်းကြောင့် သဘောထား   ကွဲလွဲမှုများရှိနေကြောင်း၊ ထို့ပြင်   အခြားသဘောထားကွဲလွဲမှုများလည်း ရှိသေးကြောင်း၊ မိမိပြောလိုသည်မှာ EAO အဖွဲ့များအနေဖြင့်  မိမိတောင်းဆိုချက်၊ မိမိတို့၏ ရပ်တည်ချက်များကို ပြန်လည်ဆန်းစစ်ရန် လိုကြောင်း၊ ခြုံငုံပြောရလျှင်   တကယ်တောင်းဆိုနေသည်မှာ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် တိုင်းရင်းသားနယ်မြေများ၏   အခွင့်အရေးဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်  တိုင်းရင်းသားနယ်မြေများ၏ အခွင့်အရေးကို ရရှိရန်အတွက် မဲလိမ်၊ မဲခိုးမှုကို ရှင်းလင်းခြင်းမပြုဘဲ၊   မဲလိမ်မဲခိုးမှုကိုရှင်းနိုင်သည့် အခွင့်အရေးများ၊  ညှိနှိုင်းနိုင်သည့် အခွင့်အရေးများ ပေးထားလျက် မရှင်းဘဲ အကြမ်းဖက်လုပ်ရပ်ကို ရွေးချယ်ပြီး ထွက်ပြေးသွားသည့် လူများကို ထောက်ခံမှ၊  ပံ့ပိုးမှ EAO များတောင်းဆိုနေသည့် တိုင်းရင်းသားများ၏အခွင့်အရေး၊ တိုင်းရင်းသားနယ်မြေများ၏ အခွင့်အရေးက ရမည်လော၊ နံပါတ်(၁)ယင်းအချက်ကိုစဉ်းစားရန်လိုကြောင်း၊ နံပါတ်(၂)မှာဖြစ်တည်မှုသမိုင်းကြောင်း၊ ရပ်တည် ချက်များမတူညီသည်ကို  သတိပြုရန်လို ကြောင်း၊ ဖြစ်တည်မှုသမိုင်းကြောင်းရပ်တည် ချက်များမတူညီပါက မည်သည့်အကြောင်း များဖြစ်လာနိုင်မည်ကိုလည်း သိနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့်ပြောကြား ခြင်းဖြစ်ကြောင်း၊ အကြောင်းမဲ့ပြောခြင်း မဟုတ်ကြောင်း၊ ပဲခူးရိုးမမှ ဗကပ(ဗဟို)အရှေ့မြောက်ဒေသကို  ရောက်သွားသည့် အချိန်တွင် အရှေ့မြောက်ဒေသဘာဖြစ်သွားသည်ကို မိမိပြောခြင်းဖြစ်ကြောင်း၊  အရှေ့ မြောက်ဒေသ၌ ဗကပချုပ်ငြိမ်းသွားသည့် အချိန်တွင် ယင်းဒေသဘာတွေဖြစ်သွားသလဲ ဆိုသည်ကို မိမိပြောခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ မိမိပြောလိုသည် မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နိုင်ရေးအတွက် တံခါးဖွင့် နိုင်သမျှဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် EAO များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားဒေသများ၏အကျိုး၊ မိမိတို့၏နယ်မြေဒေသအကျိုး၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးအကျိုး၊ တိုးတက်ဖွံ့ဖြိုးလိုသည့် အကျိုးများကိုရှေးရှုပြီး   ပူးပေါင်းပါဝင် လက်တွဲပြီး ဆောင်ရွက်နိုင်ပါက  မိမိတို့ အာမခံထားသည့် တပ်မတော်နှင့် နိုင်ငံတော် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် ကိုအခြေခံသည့်  ပြည်ထောင်စုစနစ်ကို အာမခံပြီး ဖြစ်ကြောင်း၊ အာမခံသည်ကို ပြန်လည်ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုပါက နံပါတ်(၁) ဒီမိုကရေစီစနစ်ကို အာမခံကြောင်း၊ မည်သို့သော ဒီမိုကရေစီစနစ်လဲဆိုလျှင် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံကြောင်း၊ နံပါတ်(၂) ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို အာမခံကြောင်း၊ EAOs များအနေဖြင့် ဘာကို တောင်းဆိုနေတာလဲ ဟုမေးလိုကြောင်း၊ တောင်းဆိုသည့်အထဲတွင် ဖက်ဒရယ်ဆိုသည့် စကားရပ်အမြဲပါ လေ့ရှိကြောင်း၊ ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကိုအာမခံပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်ဆိုသည့် နေရာတွင် လုပ်ပိုင်ခွင့်အာဏာနှင့် ခွဲဝေရယူခြင်းဆိုသည့်ကိစ္စ နှင့် မိမိတို့ပြောပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများ၊ EAOs ခေါင်းဆောင်များ သတိချပ်စေလိုသည်မှာ NLD လက်ထက်တွင် ၎င်းင်းတို့တောင်းဆိုခဲ့သည့် ပုဒ်မ-၂၆၁ ဝန်ကြီးချုပ်ခန့်ထားရေးနှင့် ပတ်သက်၍ တောင်းဆိုခဲ့သည့်နေရာတွင် ပြည်နယ်က တိုင်းရင်းသားများတင်လိုသည့် တိုင်းရင်း သားပါတီများတင်လိုသည့် ဝန်ကြီးချုပ်တင်လျှင် ကောင်းမည်ဟု ဆိုသည့်အဆိုကို ပထမဆုံးထောက်ခံခဲ့သည်မှာ တပ်မတော်သာဖြစ်သည်ကို မမေ့ရန်လိုသည်ဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက မိမိအနေဖြင့် မေးခွန်းမမေးမီ ဗိုလ်ချုပ်  မီဒီယာများကို ဖြေကြားပေးရန် မေးခွန်းထုတ်သွားတာရှိပါကြောင်း၊ ထိုထဲမှ မေးခွန်းတစ်ခုကို ဖြေကြားလိုပါကြောင်း၊ UEC အနေနှင့်  မဲစာရင်းမှားယွင်းမှုကိစ္စ နှင့်ပတ်သက်ပြီး  မီဒီယာများအနေနှင့် မေးမြန်းမှုများရှိပါသလား၊  ၎င်းတို့က ဖြေကြားမှုရှိခဲ့လား ဆိုသည်ကို မိမိပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မိမိကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်မှာ မိမိမဲရုံ တစ်ရုံကိုသွားကြောင်း၊ မဲရုံမှူးနှင့်အဆင်ပြေ ကြောင်း၊ မဲရုံထဲတွင် ရိုက်ကူးရေးလုပ်၍ရကြောင်း၊ ထိုအချိန်တွင် မဲရုံ၏အပြင်၌ရှိနေသည့် အဖွဲ့တစ်ဖွဲ့က ကန့်ကွက်မှုများလုပ်ပြီး ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌကိုလှမ်းပြီး အကြောင်းကြားကြောင်း၊ ရပ်/ကျေးဥက္ကဋ္ဌ နှင့် မိမိက ကြိုတင်မဲပေးသည့်အချိန်တွင် ရင်းနှီးပြီးသားဖြစ်ကြောင်း၊ သို့သော်  ၎င်းဥက္ကဋ္ဌရောက်လာပြီး မိမိရိုက်ပြီးသားဓာတ်ပုံများကို ပြခိုင်းခဲ့ပြီး တရားဥပဒေအရ တရားစွဲခံရမည်ဟု ပြောသည်အထိရှိခဲ့ကြောင်း၊ ထိုနေ့ကဖြစ်စဉ်ကို စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးဖြစ်သည့် ဦးမြင့်ကျော်ထံ သတင်းပို့ခဲ့ကြောင်း၊  အဘယ်ကြောင့်ဆိုသော် ထိုသို့သတင်းပို့ရသည် ဆိုပါက အကယ်၍ မိမိအဖမ်းဆီးခံရမည်ဆိုပါက  စာနယ်ဇင်းကောင်စီအနေဖြင့် ရှင်းလင်း၍ ရနိုင်ရန်ဖြစ် ကြောင်း၊ ထိုကဲ့သို့ပင် ရွေးကောက်ပွဲပြီးသည့် အချိန်တွင် UEC ကပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက် ညီမငယ်တစ်ဦးက နေပြည်တော်မဲရုံတွင် ဖြစ်ပေါ်ခဲ့သည့် ၎င်း၏ကိုယ်တွေ့မှားယွင်း နေသည့်ကိစ္စများ  ပြောပြသည့်အချိန်၌ တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့် တရားစွဲခံရ မည်ဟုပြောသွားသည့် ကိစ္စမှာ ရုပ်သံဗီဒီယို ဖိုင်များလည်း ရှိကြောင်း၊ ထိုသို့ပြောဆိုခဲ့ သည့်အပြင် အချက်အလက်ခိုင်ခိုင်မာမာနှင့် ပြောသွားသည်ကို စိတ်ကူးယဉ်ဆန်နေတာလား ဆိုသည့် ပြောကြားမှုမျိုး ရှိခဲ့ကြောင်း၊ ထိုကိစ္စများ ဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင်  မီဒီယာများအနေနှင့့် UEC နှင့် မဲကိစ္စများနှင့် ပတ်သက်၍ ထိုအချိန်က ရှေ့ဆက်ပြောဆိုရန် မဖြစ်နိုင်တော့သည်ကို သဘောပေါက်သွားကြောင်း၊ ထိုကိစ္စက ဗိုလ်ချုပ်မေးသည့် မေးခွန်းကို ဖြေပြီးသား ဖြစ်လိမ့်မည် ဖြစ်ကြောင်း၊ အကြံပေးသည့်ကိစ္စနှင့်ပတ်သက်၍ အကြံပြု လိုသည်မှာ လာမည့်ရွေးကောက်ပွဲတွင် လက်ရှိ UEC အနေနှင့် အလားတူဖြစ်စဉ်မျိုးအား စံနမူနာထား၍  မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း၊ မိမိအနေဖြင့် အကြံပြုတိုက်တွန်းလိုသည့် အကြောင်းအရာ တစ်ခုရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး အရှေ့ပိုင်းတွင်  ဗိုလ်ချုပ်ပြောခဲ့ကြောင်း၊ သတင်းသမားတစ်ယောက်၏ မေးမြန်းမှုကို ဖြေကြားသည့်အချိန်တွင်  မီဒီယာများသည် စတုတ္ထမဏ္ဍိုင်တစ်ခု အနေနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆွေးနွေးပွဲများလုပ်ဆောင်နေ သည့်အချိန်တွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ရန်ပြောခဲ့ကြောင်း၊  NLD အစိုးရလက်ထက်က ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအကျဉ်းထောင်ထဲတွင် ရှိနေဆဲဖြစ်သည့် ပုဂ္ဂိုလ်များအထဲတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် အကျိုးဆောင်ပေးနိုင်သည့် ပုဂ္ဂိုလ်များ ရှိနေကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီ လ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီးအနေဖြင့် သာသနာရေး ဝန်ကြီးဟောင်းဖြစ်သည့် ဦးအောင်ကိုကို ပြစ်ဒဏ်ထက်ဝက် လျှော့ချပေးလိုက်သည် ဆိုသည့်ကိစ္စကို နိုင်ငံတော်အမိန့်ပြန်တမ်းနှင့် ထုတ်ပြန်ခဲ့ကြောင်း၊ မိမိပြောသွားသည့် ငြိမ်းချမ်းရေး အကျိုးဆောင်ပုဂ္ဂိုလ်များအနက် လက်ရှိကာလတွင် ပြစ်ဒဏ်အနည်းငယ်သာ ကျန်တော့သည့် ပုဂ္ဂိုလ်များလည်းရှိကြောင်း၊ NLD ပါတီ၏ နိုင်ငံရေးအကောက် ကြံမှုကြောင့် လက်ရှိအကျဉ်းကျခံနေရသည့့် UDP ပါတီဥက္ကဋ္ဌ  နှင်းဆီ  ဦးကျော်မြင့်ဆိုလျှင်  လက်ရှိပြစ်ဒဏ်ကာလမှာ တစ်နှစ်ကျော်သာ ကျန်တော့ကြောင်း၊ အရှေ့ပိုင်းတွင် လွှတ်ပေးခဲ့သည့် အချို့ပုဂ္ဂိုလ်များဆိုလျှင် ပြစ်ဒဏ် ၁၂ နှစ်ကို ခြောက်နှစ်အထိလျှော့ချ ပေးခဲ့ကြောင်း၊ ဦးကျော်မြင့်ကဲ့သို့ ပုဂ္ဂိုလ်မျိုးဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိထိရောက်ရောက် ထဲထဲဝင်ဝင်ရှိသည်ကို အကြံပြုလိုကြောင်း၊ ဦးကျော်မြင့်၏ယောက္ခမဆိုလျှင် ဗကပကာလက စစ်ဦးစီးချုပ်ဖြစ်ခဲ့ကြောင်း၊ ဝ ဒေသတွင်လည်း ဗဟိုကော်မတီဝင်ဖြစ်ခဲ့ကြောင်း၊ ဦးကျော်မြင့် ကိုယ်တိုင်မှာလည်း ထိုအချိန်က ဗျူဟာမှူးတစ်ဦးအဆင့် ရှိခဲ့သကဲ့သို့ လက်ရှိ မြောက်ပိုင်းရှစ်ဖွဲ့၏ခေါင်းဆောင်ဖြစ်သည် UWSA    ဦးပေါက်ယူချန်းနှင့်လည်း သွေးသောက်ညီအစ်ကို ဖြစ်ခဲ့ကြောင်း၊ ယခုငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ၎င်းအပါအဝင် ကျန်သည့်ပုဂ္ဂိုလ်များလည်းရှိကြောင်း၊ မိမိအနေဖြင့် နာမည်မမှတ်မိကြောင်း၊ ၎င်းပုဂ္ဂိုလ်များကို   ပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်တို့အနေဖြင့်ဖိတ်ခေါ်ပြီး ၎င်းတို့၏ ပြစ်ဒဏ်များကို ပြန်လည်လွတ်ငြိမ်းခွင့်ပေး၍ 

ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်  ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုလိုကြောင်း၊ ယခုလက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆင်ပြေအောင်မြင်၍ တိုင်းပြည် ငြိမ်းချမ်းသွားပြီဆိုပါက    အနာဂတ်ကာလတွင် မြေပေါ်မြေအောက်ပေါင်းစပ်မှုဖြစ်သွားပြီး ဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်တော့မည် ဖြစ်ကြောင်း၊   အောင်မြင်ရန် အလားအလာမှာ ဗိုလ်ချုပ်ပြောသွားသည့် အချက်အလက်များနှင့် မြေပြင်အခြေအနေ အရ လက်ရှိတွင် ၅၀ ရာခိုင်နှုန်းအထက်၌ ရှိနေကြောင်း၊ ကျန်သည့်ကိစ္စ အနည်းငယ်ကိုသာ အားစိုက်ထုတ်ရန်လိုသည်ကိုတွေ့ရ  ကြောင်း၊ ထို့ကြောင့် နစကအနေဖြင့် လက်ရှိတွင်  လုပ်ငန်းအစီအစဉ်၊  စီမံချက်များ ရေးဆွဲထားပြီး ဖြစ်သည်ဟုလည်း ကြားရကြောင်း၊ ၎င်းကိစ္စများကို ပြည်သူများ သိရှိနိုင်ရန် မည်သည့်အချိန်ချပြမည်ကို သိလို ကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့လုပ်ဆောင်ထားသည့် ကိစ္စများရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကလည်း မကြာခဏ ပြောကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့အနေနှင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ်တွင် လုပ်ဆောင်သွားမည့်  မဟာနည်းဗျူဟာများ၊ နည်းဗျူဟာများရှိပြီး ဖြစ်ကြောင်း၊  မိမိတို့အစိုးရသည် (Interim)အစိုးရဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း၌ အကြားအလပ်မရှိ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲကို  General Election ဆိုသည့် နာမည်နှင့်အညီ တစ်နိုင်ငံလုံး ပျံ့ပျံ့နှံ့နှံ့ မျှမျှတတ ကျင်းပနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုကိစ္စများပြီးပါက မိမိတို့အနေဖြင့် မိမိတို့၏ တာဝန်များကိုသာ ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း၊ မိမိတို့လက်ရှိ တာဝန်ယူဆဲကာလ၌ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် အမျိုးသားရေး ရည်မှန်းချက်   ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကိစ္စကိုလည်း ပြည်သူလူထုအား ပြောပြီးဖြစ်ကြောင်း၊ မိမိတို့ ယခုဆောင်ရွက်နေသည့် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်၊ နိုင်ငံတော် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ကိစ္စများကိုလည်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်အနေနှင့် အသေးစိတ်အစီအစဉ်များကို Cabinet အစည်းအဝေးများ၊ မိန့်ခွန်းများနှင့် ကောင်စီအစည်းအဝေးများတွင် မကြာခဏပြောပြီး ဖြစ်ကြောင်း၊ ထိုသို့ပြောကြားချက်များရှိသည်ဟု ရိုးရိုးသားသားဝန်ခံကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ဆက်လက်မေးမြန်းရာတွင် မူဝါဒပိုင်းဆိုင်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဦးတည်ချက်ငါးချက်တွင် ပါဝင်သည့် ကိုဗစ်ကိစ္စနှင့် ပတ်သက်၍ပြော ရလျှင် မည်သို့ပင်ဆိုစေကာမူ အောင်မြင်သွားပြီဟုပြောလိုကြောင်း၊ ယမန်နေ့အထိဆိုလျှင်  ကူးစက်မှုနှုန်း  ဝ.၁၉ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်ကို တွေ့ရကြောင်း၊ ကျန်သည့်လေးချက်ကိုလည်း  ဆက်လက်လုပ်ဆောင် နေသည်ကို တွေ့ရကြောင်း၊ လတ်တလောတွင်   မြေပြင်၊ လူမှုကွန်ရက်များနှင့် နိုင်ငံရေး အသိုင်းအဝိုင်း များအကြားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူဝါဒများ ပြောင်းလဲနိုင်သည်ဆိုသည့် ပြောဆိုမှုများကို ကြားရကြောင်း၊ ထိုသတင်းအချက်အလက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် မူဝါဒများ ပြောင်းလဲရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်ကဲ့သို့သော အစီအစဉ် မျိုးဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  ယခုလတ် တလောတွင် အစီအစဉ်မရှိသေးကြောင်း၊ မိမိတို့ထုတ်ပြန်ထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ပြောကြားခဲ့သည့် နှစ်ပတ်လည်မိန့်ခွန်းတွင် ပါပြီးဖြစ်သည့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍  ငြိမ်းချမ်း ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အခြားအစီအစဉ်များ မရှိကြောင်း ပြန်လည်ဖြေကြားသည်။

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ဆက်လက်မေးမြန်းရာတွင် မိမိမေးမြန်းသည့်ပထမမေးခွန်းတွင် အချက် တစ်ချက်ကျန်ခဲ့ကြောင်း၊ အနာဂတ်ငြိမ်းချမ်းရေးဖြစ်စဉ် ဖော်ဆောင်မှုနှင့် ပတ်သက်၍ မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စကို မိမိဖြေခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့သည် interim အစိုးရဖြစ်ကြောင်း၊ မိမိတို့၏ရည်မှန်းချက် များတွင် ငြိမ်းချမ်းရေးအောင်မြင်အောင် လုပ်ဆောင်ရန် လုပ်ငန်းစဉ်များရှိသည်ကို ရိုးရိုးသားသားဝန်ခံကြောင်း၊  အနာဂတ် တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးတိုးတက်ရန် နောင်တက်လာမည့်အစိုးရက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တွင် လတ်တလော အစီအစဉ်မရှိသည်ကိုလည်း ရိုးရိုးသားသား ဝန်ခံသည်ဟုပြောပြီးဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

General Life သတင်းဌာနမှ သတင်းထောက် ဦးအောင်ထူးထက်က မိမိအနေဖြင့် လက်ရှိမြေယာကိစ္စကို  မေးမြန်းလိုကြောင်း၊  ယခင်က   တပ်မတော်မှ လိုအပ်ချက်အရ သိမ်းယူခဲ့သည့်မြေများကို ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြန်လည် စွန့်လွှတ်ခြင်းများရှိကြောင်း၊  စွန့်လွှတ်မြေများသည် မူလသိမ်းဆည်းခံ တောင်သူများထံ တပ်မတော်မှ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ပြန်လည်စွန့်လွှတ်ခြင်းဖြစ်ကြောင်း၊ သို့သော် မြေပြင်ပကတိ အခြေအနေတွင် တောင်သူများ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိသည် များလည်း ရှိကြောင်း၊ အခြားသောမြေနှင့် မသက်ဆိုင်သောသူများထံသို့လည်း ရောက် ရှိသွားသည်များလည်း တွေ့ရကြောင်း၊ တောင် သူများအနေဖြင့် ပထမတစ်ချက် တပ်မတော်က လိုအပ်ချက်အရသိမ်းခဲ့သဖြင့် တစ်ကြိမ် နစ်နာကြောင်း၊ ပြန်လည်စွန့်လွှတ်သည့်အချိန်တွင် အခြားသောသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ ရယူသွားသူများရှိသဖြင့် မရရှိတော့သည့် နစ်နာမှုများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် တပ်မတော်မှ  လိုအပ်ချက်အရ သိမ်းဆည်းခဲ့သည့် အခြေအနေနှင့်  ဖြစ်ခဲ့သည့်ကိစ္စဖြစ်၍ ယခုလက်ရှိ အစိုးရလက်ထက်တွင် အကောင်းဆုံး မည်ကဲ့သို့   ကိုင်တွယ်ဖြေရှင်းပေးရန် ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မြေယာကိစ္စနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အကြိမ်ကြိမ် ဖြေရှင်းပေးပြီး ဖြစ်ကြောင်း၊  ယင်းကိစ္စနှင့်ပတ်သက်၍   တပ်မတော်မှ   ပြန်လည် စွန့်လွှတ်သည့်မြေယာများကို    ပိုင်ရှင်လက်ဝယ်သို့ ထည့်ပေးလိုက်ခြင်းမဟုတ်ဘဲ မြေယာစီမံခန့်ခွဲ ပိုင်ခွင့်ရှိသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြေစာရင်းအရ စာရင်းများသာ ဖြစ်ကြောင်း၊   ထို့ကြောင့် သက်ဆိုင်ရာကိုသာ အပ်နှံခြင်းဖြစ်ကြောင်း၊ အစိုးရကို ပြန်လည်အပ်နှံကြောင်း၊ အစိုးရမှ သက်ဆိုင်ရာကို ပြန်လည်အပ်နှံကြောင်း၊ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် လုပ်ရကြောင်း၊ တပ်မတော်မှ မူလပိုင်ရှင်ဖြစ်ခဲ့ခြင်း မဖြစ်ခဲ့ခြင်း ဆိုတာကတော့ ၎င်းတို့၏ စာရင်းပေါက်သော စိစစ်သည့်အပေါ်သာ မူတည်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ လတ်တလောပြင်ဆင်ရန်မရှိကြောင်း မြေယာနှင့်ပတ်သက်၍   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြေစာရင်းတို့ကို ၎င်းတို့၏ လုပ်ထုံးလုပ်နည်း နှင့်အညီ ရှင်းပြပေးနိုင်ရန် သတင်းစာရှင်းလင်းပွဲသို့ခေါ်ထားကြောင်း၊ ယခုမေးခွန်းများပြီးပါက  တာဝန်ရှိသူများက   ရှင်းလင်းပြမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/29422b.jpg

General Life သတင်းဌာနမှ သတင်းထောက်  ဦးအောင်ထူးထက်က ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်ကြား၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကြားတွင် စွန့်လွှတ်မြေကို ပြန်လည်ပေးအပ်နိုင်ခဲ့ခြင်း အခြေအနေ၏ ဧကကိန်းဂဏန်းကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိတွင် ကိန်းဂဏန်းများကို မိမိအနေဖြင့် ဖြေရှင်း ပေးနိုင်ခြင်းမရှိကြောင်း   သက်ဆိုင်ရာမှ တောင်းခံပြီးမှသာ ဖြေနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် မူဝါဒကိုသာဖြေနိုင်မည် ဖြစ်ကြောင်း၊  တပ်မတော်မှ လိုအပ်ချက်အရ သိမ်းဆည်းထားသည့်မြေများမှ မူဝါဒများချပြီး ပြန်လည်ပေးအပ်လျက် ရှိကြောင်း၊ လက်တွေ့တွင်   ယခင်ကစီမံချက်များရှိကြောင်း၊ ယင်းစီမံချက်များကို လက်တွေ့မှာ အကောင်အထည်မဖော်ဘဲ နောင်တွင်လည်း အကောင်အထည်မဖော်ဖြစ်သည့် မြေများနှင့် ပတ်သက်၍   ပြန်လည်စွန့်ခြင်းများရှိကြောင်း၊ တပ်များတွင် လုံခြုံရေးအရ လိုအပ်သည့်မြေများ ရှိကြောင်း၊ လုံခြုံရေးအရ လိုအပ်သည့်မြေမှအပ  ကျန်မြေများကို ပြန်လည်စွန့်လွှတ်ပါဟု ခိုင်းထားကြောင်း၊ တပ်မတော်အနေဖြင့် စွန့်လွှတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းသို့ စွန့်လွှတ်ခဲ့သည့် မြေများကိုလည်း သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းဖြင့် အညီသာ လုပ်ရကြောင်း၊ မိမိတို့ကိုယ်တိုင်ပေး၍လည်း မရကြောင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းများကိုသာ အပ်နှံပြီး ဖြစ်သည်ဟု ပြောလိုပါကြောင်း၊    ယင်းနှင့်ပတ်သက်၍ ပြည်ထဲရေးနှင့်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများကလည်း ဖြေကြား နိုင်သည်များ ဖြေကြားပေးရန် ပြောကြားသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၆ ခုနှစ်မတိုင်ခင်မှာ တပ်မတော်အပါအဝင် ဌာနဆိုင်ရာများမှ သိမ်းဆည်းထားခဲ့သည့်မြေများမှ   စွန့်လွှတ်မြေပေါင်း ၄၂၅၄၀၆ ဒသမ ၈၆ ဧကစွန့်လွှတ်ခဲ့ကြောင်း၊ ထိုအထဲမှ ဧကပေါင်း ၄၀၆၇၁၉ ဒသမ ၂၈၃ ဧကကို မူလပိုင်ရှင်လက်ရောက် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊  ၂၀၁၆ ခုနှစ်နောက်ပိုင်း ယခုကာလတွင် စွန့်လွှတ်မြေပေါင်း ၂၂၂၄၉၈ ဒသမ ၂၃ ဧကရှိပြီး  မူလပိုင်ရှင်များလက်ထဲသို့ ပြန်လည်ပေးအပ်ခဲ့သည့်မြေပေါင်း ၂၁၂၇၂၂ ဒသမ ၃၆၂ ဧကရှိကြောင်း၊ ယင်းနေရာမှာ မေးခွန်းရှင်မေးမြန်းသည့်မေးခွန်းနှင့်ပတ်သက်၍   ဖြေကြားရမည်ဆိုလျှင် ယင်းမြေများသည် သိမ်းခဲ့သည့်နှစ်ကာလမှာမနည်းတော့ကြောင်း၊ နှစ်ကာလ နှစ် ၂၀/၂၅ နှစ်ရှိကြောင်း၊ ယင်းကာလမှာ သတင်းထောက်ကြီးဆိုသည့် ပုဂ္ဂိုလ်က သက်ရှိထင်ရှားရှိနေသည့်သူများ ရှိသော်လည်း မရှိသူများလည်း ရှိကြောင်း၊ သက်ရှိထင်ရှားရှိသူများအတွက် ဖြေရှင်းရလွယ်ကူသော်လည်း သက်ရှိထင်ရှားမရှိဘဲနှင့် အမွေအကြောင်းအရ တောင်းခံသည့်သူများအတွက် ၎င်းတို့၏ အမွေဆိုင်ပြဿနာ ဆိုသည့်ကိစ္စပေါ်ပေါက် လာကြောင်း၊ ထို့ကြောင့် ယင်းကိစ္စကို တရားဥပဒေနှင့်အညီဖြေရှင်း ဆောင်ရွက်ပြီးမှသာ မူလပိုင်ရှင်ဆိုသည့် သူကို သတ်မှတ်ပြီးမှ မိမိတို့က ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံမြေများ ဗဟိုကော်မတီက မူဝါဒ ၅၂ ချက်ကိုချမှတ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထိုမူဝါဒ  ၅၂ ချက်ကိုလည်း နိုင်ငံတော်သမ္မတရုံးမှ ယင်းခေတ်ကာလက အမိန့်များထုတ်ပြီး စနစ်တကျ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/29422n.jpg

Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက  လတ်တလောတွင်    အဖွဲ့စုံ နာမည်ခံ၍ စိတ်ထင်တိုင်းလူများကို သတ်ဖြတ်ခြင်း၊ ရဟန်းသံဃာများကို သတ်ဖြတ်ခြင်း၊ အိုးအိမ်စည်းစိမ်များ စွန့်လွှတ်ပြီး    ထွက်ပြေးပုန်းရှောင်ခြင်း  စသည့်သတင်းများကြား သိနေရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်     နိုင်ငံတော်တည်ငြိမ်အေးချမ်းရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးသွားမည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး မိမိအနေဖြင့်ဖြေကြားပြီး ဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ခြင်း ကြောင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်ကို ပြည်သူ့အင်အား၊ လိုအပ်သည့် ထောက်ပံ့ပစ္စည်း အပြည့်အစုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအခါ ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်လာလျှင် အကြမ်းဖက်လုပ်ရပ်များ လျင်မြန်စွာချုပ်ငြိမ်း သွားနိုင်ကြောင်း၊ ပြည်သူလူထုကို ပူးပေါင်းပါဝင်ရန်အတွက် တိုက်တွန်းပါကြောင်း ပြန်လည်ဖြေကြားသည်။

Voice of Myanmar သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို တွေ့ဆုံရန်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဖိတ်ခေါ်ထားကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ မည်သည့်အဖွဲ့များနှင့် တွေ့ဆုံမည်၊ မည်သည့်အချိန်တွင် တွေ့ဆုံမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

 ဗိုလ်ချုပ်ဇော်မင်းထွန်းက တွေ့ဆုံလိုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို မေလ ၉ ရက်အထိသတ်မှတ်ထားကြောင်း၊  စဉ်းစားရန်အတွက် အချိန်ကာလအားဖြင့် ၂ ပတ်ပေးထားကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသား ၁၀ ဖွဲ့ရှိပြီး KNU ၊ RCSS/SSA ၊ PNLO ၊ CNF ၊ KNLA ၊ DKBA ၊ ABSDF ၊ ALP ၊ NMSP ၊ LDU စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွင်းက အဖွဲ့ ၉ ဖွဲ့နှင့် ဆက်သွယ်ရရှိပြီးဖြစ်ကြောင်း၊    အဆိုပါအဖွဲ့များ အနေဖြင့် တက်ရောက်လိုသည့် ဆန္ဒရှိသည့် အဖွဲ့များလည်း ရှိကြောင်း၊ တွေ့ဆုံပွဲကို တက်ရောက်မည့်လက်နက်ကိုင်အဖွဲ့များအား  ကျန်အဖွဲ့များက ဖယ်ကြဉ်နိုင်ကြောင်း၊ ယခုအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိနေပြီး ဗိုလ်ချုပ်အောင်ဆန်းက PDF အဖွဲ့များ၏ လုပ်ဆောင်ချက်များကို တားမြစ်မည်ဆိုလျှင်ပင် ဗိုလ်ချုပ်ကိုရစရာမရှိအောင် ပြောကြလိမ့်မည်ဖြစ်ကြောင်း၊   ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့်    လွတ်လပ်ရေးကို ရယူပေးခဲ့သည့်သူဖြစ်သော်လည်း မရနိုင်ကြောင်း၊ NCA  လက်မှတ်ရေးထိုး မထားသည့်အဖွဲ့ ၁၁ ဖွဲ့ရှိကြောင်း၊ UWSA ၊ NDAA ၊ NSCN-K ၊ KIO ၊ KIA ၊ KNPP ၊ ANC ၊ SSPP/SSA ၊ TNLA ၊ MNDAA ၊ WNO ၊ AA စသည့်အဖွဲ့များထဲမှာ အဖွဲ့  ၈ ဖွဲ့ဖြင့်   အဆက်အသွယ်ရပြီးဖြစ်ကြောင်း၊ တက်ရောက်လိုသည့်ဆန္ဒရှိသည့်အဖွဲ့များလည်း ရှိကြောင်း ပြန်လည်ဖြေကြားသည်။

https://www.myawady.net.mm/sites/default/files/29422l.jpg

97 Media မှ သတင်းထောက်ချုပ် နန္ဒာလင်း(ထားဝယ်)က နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရေအားလျှပ်စစ်နှင့်  နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စီမံကိန်းများကို လုပ်ဆောင်နေသည်ကို သိရှိရကြောင်း၊ အဆိုပါ စီမံကိန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ သိလိုကြောင်း မေးမြန်းသည်။  

ဗိုလ်ချုပ်ဇော်မင်းထွန်းက စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍတွင် မူဝါဒပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအကြောင်းကိုပဲ ပြောမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တာဝန်ရှိသူများလည်း တက်ရောက်လျက်ရှိကြောင်း၊

၎င်းတို့က အပြည့်အစုံ ဖြေကြားပေးလိမ့်မည် ဖြစ်ကြောင်း၊   စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အနေဖြင့်  ရေနံနှင့်သဘာဝဓာတ်ငွေ့တွင် လက်ရှိလုပ်ငန်းပေါင်း ၇၄ ခု၊   ရင်းနှီးမြှုပ်နှံမှု ပမာဏ ၁၆.၆ ဘီလီယံကျော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု  ၂ ခု အပါအဝင် ကျပ် ၁၃.၇ ဘီလီယံကျော်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊  လျှပ်စစ်ကဏ္ဍတွင် လက်ရှိလုပ်ငန်းပေါင်း ၃၄ ခုရှိပြီး၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉.၃ ဘီလီယံကျော်ရှိကြောင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၂၆ ခု၊ ပမာဏအနေဖြင့် ကျပ် ၈၁၇.၆ ဘီလီယံကျော် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်ကစပြီး အစိုးရအနေနှင့် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ရေအားလျှပ်စစ်အပြင် တခြားအလားအလာရှိသည့် စီမံကိန်းများ ဆောင်ရွက်ရန် ကြိုးပမ်းသည့် အတွက်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရန် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချနိုင်ရေး ရင်းနှီးမြှုပ်နှံရန်အတွက် ပေးခဲ့ကြောင်း၊ မိမိပြောခဲ့သလို ၎င်းထက် ကောင်းမွန်သည့် အစီအမံများကိုလည်း    ဆက်လက်လုပ်ဆောင်ရန် ရှိကြောင်း၊ ကျန်သည့်အသေးစိတ်ကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆက်လက်ဖြေကြားလိမ့်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မူဝါဒအပိုင်းအနေနှင့် ဗိုလ်ချုပ်ဖြေကြားခဲ့သည်မှာ ပြည့်စုံပါကြောင်း၊ မေးမြန်းသည့် နေရောင်ခြည်စွမ်းအင်သုံးနှင့် ရေအားလျှပ်စစ်စွမ်းအင်သုံး အစီအစဉ်သည် ဗိုလ်ချုပ်ဖြေကြားခဲ့သကဲ့သို့ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။ 

ဆက်လက်ဖော်ပြပါမည်။