မြန်မာအမျိုးသမီး အသင်း၏ ဒုတိယမြောက်ခြေစမ်းပွဲတွင် Seoul City အသင်းနှင့် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်

နေပြည်တော်  မေ  ၁

 (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်း) အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် တောင်ကိုရီးယားနိုင်ငံ Paju  မြို့တွင် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီး လိဂ်အသင်းတစ်သင်း ဖြစ်သည့်  Seoul City အသင်းနှင့် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် Paju National Football Center ကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

မြန်မာအသင်း၏ပွဲထွက်လူစာရင်းအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှဇူးလတ်နဒီ (ဂိုး)၊ ခင်သန်းဝေ၊ ဇွန်ယုယဦး၊ အေးအေးမိုး၊ ခိုင်သဇင်၊ ခင်မိုမိုထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ စန်းသော်သော်၊ လင်းမြင့်မိုရ်၊   ဂျူလိုင်ကျော်တို့ကို အသုံးပြု၍ ကစားခဲ့ခြင်းဖြစ်သည်။

   ပထမပိုင်း ၁၅ မိနစ်တွင် ခင်မိုမိုထွန်း၏ ပေးပို့မှုမှတစ်ဆင့်  စန်းသော်သော်က  Seoul City အသင်းနောက်ခံလူများကို ကျော်ဖြတ်ပြီး    မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။ ပထမပိုင်း ပြီးဆုံးခါနီး  ၄၂ မိနစ်တွင် ပယ်နယ်တီဧရိယာအတွင်း နောက်ခံလူ အေးအေးမိုး လက်နှင့်ဘောလုံး ထိသည်ဟု သတ်မှတ်ပြီး Seoul City အသင်းမှ ပယ်နယ်တီကန်ခွင့်ရရှိခဲ့ရာ  Seoul City အသင်း ကွင်းလယ်လူ ChoHa neul က အမှားအယွင်းမရှိ  ကန်သွင်းခဲ့ပြီး ၁ ဂိုးစီဖြင့် ပထမပိုင်းပြီးဆုံးခဲ့သည်။

 ဒုတိယပိုင်းတွင်  လင်းမြင့်မိုရ်အစား မြတ်နိုးခင်၊ ခင်သန်းဝေအစား ခင်မျိုးဝင်း ၊ အေးအေးမိုးအစား     နန့်ဇူဇူးထက်၊ စန်းသော်သော်အစား ခင်မိုးဝေ၊ ခိုင်သဇင်အစား ဖြူဖြူဝင်း၊ ခင်မာလာထွန်းအစား သင်းသင်းယုတို့ကို လဲလှယ်အသုံးပြုကစားခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏   တောင်ကိုရီးယား ခြေစမ်းခရီးစဉ် နောက်ဆုံးခြေစမ်းပွဲအဖြစ် မေလ ၃ ရက်တွင် တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီးအသင်းဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်