ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆိုသည်မှာ လက်ရှိကာလတွင်သာ မဟုတ်ဘဲ အနာဂတ် သားစဉ်မြေးဆက်များကို ကောင်းမွန် သန့်ရှင်းသည့် ပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန် ဆောင်ရွက်နေရသည့် လုပ်ငန်းဖြစ်

နေပြည်တော် အောက်တိုဘာ ၂

အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး(Virtual Meeting)ကို ယနေ့နံနက် ၉ နာရီခွဲတွင်    နေပြည်တော်ရှိ သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီနာယက    ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။    

အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး  ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟိုကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ  ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊   အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်   ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ  ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးများ၊  လုပ်ငန်းကော်မတီ ခြောက်ခုမှ  တာဝန်ရှိသူများ၊  အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ   ကိုယ်စားလှယ်၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊  ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်   တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်    တက်ရောက် ဆွေးနွေးကြသည်။           

ရှေးဦးစွာ     ဗဟိုကော်မတီနာယက ဒုတိယသမ္မတက အမျိုးသားအဆင့် ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ၏  လေးနှစ်ကျော် ကာလအတွင်း   အစည်းအဝေး ကိုးကြိမ် ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် စုစုပေါင်း ၁၂၁ ချက်အနက်ဆောင်ရွက်ပြီး ၇၂ ချက်၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အပါအဝင် ဆောင်ရွက်ဆဲ ၄၉ ချက်ရှိသည်ကို တွေ့ရကြောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းများသည် မြန်မြန်ပြီးလေ    အကျိုးရှိလေဖြစ်သည့်အတွက် အမြန်ပြီးစီးရေး အချိန်ကာလ သတ်မှတ်ကာ ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ စနစ်တကျ စီမံမှုမရှိသည့်မြို့ပြများ၊ စက်မှုဇုန်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အလွန်အကျွံ တိုးချဲ့မှုများကြောင့် ကာဗွန်ထုတ်လွှတ်မှု များပြားစေသည့်အပြင်  ဂေဟစနစ်များ ပျက်စီးခြင်း၊   သစ်တောပြုန်းတီးစေခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ ပျောက်ဆုံးခြင်း၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို    လျင်မြန်စေခြင်းတို့ အပအဝင် လူသားများ၏ လုပ်ဆောင်မှု များသည် သဘာဝတရား၏ ဟန်ချက်ညီမျှမှုကို ပြိုကွဲပျက်စီးစေသည့်အပြင် သက်ရှိများ၏ ရှင်သန်ရပ်တည်မှုနှင့် နိုင်ငံ၏  ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း။

ထို့ကြောင့်   နိုင်ငံအတွင်း  ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါမှာ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းပျက်စီးမှုများကို ရှောင်ရှားနိုင်ရန်နှင့် ပတ်ဝန်းကျင်နှင့်   သဘာဝ ဂေဟစနစ် ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ထိရောက်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို  အဓိကဦးစားပေး တစ်ရပ်အနေဖြင့်    အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆိုသည်မှာ လက်ရှိကာလတွင်သာမဟုတ်ဘဲ မိမိတို့၏ အနာဂတ် သားစဉ်မြေးဆက်များကို ကောင်းမွန် သန့်ရှင်းသည့် ပတ်ဝန်းကျင် အခြေအနေကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် ဆောင်ရွက်နေ ရသည့် လုပ်ငန်းဖြစ်၍ မိမိတို့ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်မှုကော်မတီတို့ အနေဖြင့် ထိုတာဝန်ကို ဆောင်ရွက်နေရခြင်းသည် အလွန်ဂုဏ်ယူစရာဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းတာဝန်များနှင့် ပတ်သက်၍  နိုင်ငံတော်က ချမှတ်ထားသည့် ပတ်ဝန်းကျင် ရေးရာ မူဝါဒ၊ ဆက်စပ်မဟာဗျူဟာ ပင်မလုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံ တကာ စံချိန်စံညွှန်း အလေ့အကျင့်ကောင်းများနှင့်အညီ     ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အလွန်အရေးကြီးကြောင်း။

ကော်မတီ၏ ထူးခြားသည့် အောင်မြင်မှု အနေနှင့် နိုင်ငံတော်က ထုတ်ပြန်ထား သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော  ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)ပါ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ''မဟာဗျူဟာ'' နှင့် ''ပင်မလုပ်ငန်း အစီအစဉ်''၊ မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်တို့ကို ထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်မှု အပိုင်းအနေဖြင့် ချမှတ်ထားသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းစဉ်များမှာ သတ်မှတ်ထားသော အခြေခံကျသည့် လမ်းညွှန်မူဘောင်များနှင့်အညီ ကဏ္ဍအသီးသီးမှာ ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း လုပ်ငန်းများ၊  အသေးစား၊  အငယ်စား၊ အလတ်စား   စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာမှာ ပတ်ဝန်းကျင်ဆိုင်ရာအစီအမံတွေကို  ပေါင်းစပ်ဆောင်ရွက်နေသည့်အတွက် တိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေး လုပ်ငန်းများသည်ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများသည် အလွန်ကျယ်ပြန့်သည့် နယ်ပယ်များဖြစ်သည်နှင့်အညီ အရေးကြီးသည့် နယ်ပယ်သစ်များကိုလည်း ဖော်ထုတ်သွားရမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ''သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရေး၊ စက်ရုံ၊အလုပ်ရုံနှင့် မြို့ပြလုပ်ငန်းများကြောင့် ဖြစ်လာသည့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရေး၊ ပလတ်စတစ်အမှိုက်များ ထိန်းချုပ်ရေး၊ လူများ၏ကျန်းမာရေးကို ထိခိုက်စေမည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်ရေး''  စသည့် နယ်ပယ်များအတွက် ရေရှည်အစီအမံများ ဆက်လက်ရေးဆွဲ ချမှတ် အကောင်အထည်ဖော်နိုင်ရေးကိုလည်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။

မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို ချမှတ်ခြင်းသာမက ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အနေနှင့် လက်တွေ့နယ်ပယ်အသီးသီးမှာ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးကိုလည်း အလေးပေး ဆောင်ရွက်ကြရန် အလွန်အရေးကြီးကြောင်း၊ သို့မှသာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများကို လျှော့ချနိုင်မည်ဖြစ်ပြီး မိမိတို့မျှော်မှန်းသည့် သန့်ရှင်းသည့် ပတ်ဝန်းကျင်၊ ကောင်းမွန်သည့်ဂေဟစနစ်များကို ထိန်းထားနိုင်ခြင်းအားဖြင့် သာယာဝပြောသည့် လူ့အဖွဲ့အစည်းကို ရရှိမှာဖြစ်ကြောင်း၊ ချမှတ်ထားသည့်မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော်သည့် နေရာမှာ ပိုမိုထိရောက်စေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊  ပြည်သူများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်အောင် အသိပညာပေးခြင်းကို အဓိကလုပ်ငန်းတစ်ခုအနေဖြင့် အမြဲမပြတ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒါ့အပြင် ခွင့်ပြုချက်၊ လိုင်စင်ထုတ်ပေးထားသည့် လုပ်ငန်းစီမံကိန်းများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်သွားကြရန်လည်း လိုအပ်ကြောင်း။

ထို့ပြင် ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များအရ သတ်မှတ်ထားသည့်ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရေး အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အစီအမံများ ရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို နည်းပညာနှင့်ဘဏ္ဍာငွေအထောက်အပံ့ ရရှိရေးအတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားဖို့ တိုက်တွန်းလိုကြောင်း၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်ကြီး ကြပ်မှုကော်မတီများ၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်မှု၊ ကြီးကြပ်ဆောင်ရွက်နိုင်မှုများကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်လာသည်ကို တွေ့ရသည့် အတွက် အလွန်ဝမ်းမြောက် ဂုဏ်ယူမိကြောင်း၊ထို့ပြင် ဆက်လက်ပြီး လက်တွေ့ကျသည့် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်သစ်များဖော်ထုတ်၍ ရေရှည်အစီအမံများ၊ မဟာဗျူဟာ မူဘောင်များ ဆက်လက်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ''အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဝါဒမူဘောင်'' ၊ '' အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာမူဘောင်''၊ ''ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု ပင်မလုပ်ငန်းအစီအစဉ်'' ၊''ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရေး ဆိုင်ရာနိုင်ငံအဆင့် လုပ်ငန်းအစီအစဉ်'' တို့ကို ယနေ့အစည်းအဝေးတွင် အတည်ပြုနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုထိန်းသိမ်းနိုင်ရန်၊ ရာသီဥတု ပြောင်းလဲမှုကို လျှော့ချနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစီမံနိုင်ရေး အတွက် နိုင်ငံတော်မှ ချမှတ်ထားပြီးဖြစ်သည့် မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်ပါ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက်၊ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေး အစီအစဉ်တွင် ထည့်သွင်းပေါင်းစပ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးတတ်ရောက် ကြသည့်သူများက ကဏ္ဍအလိုက်အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဒါရှီလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးလာလ်ထောင်ထန်း၊ ဦးလှထွေး၊ ဒေါက်တာ စောညိုဝင်း၊ ဦးမျိုးသစ်၊ ဒေါက်တာမင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်းနှင့် ဦးတင် အောင်ဝင်းတို့က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသည့် ဦးစိုးဟန်၊ ဦးဇော်သန်းသင်း၊ ဦးခိုင်ထွန်းဦး၊ ဦးရဲနိုင်၊ ဦးကိုကိုလွင်၊ ဦးအောင် နိုင်ဦး၊ ဦးမျိုးမြင့်မောင်၊ ဦးထွန်းအုံ၊ ဦးဝင်း ခန့်၊ ဦးခင်မောင်ရီ၊ ဦးသန်းဇော်၊ ဦးမြင့်လွင် နှင့် ဦးရွှေလေး၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးမောင်မောင်ကျော်၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံ သစ်တောအသင်းအတွင်းရေးမှူး ဦးတင် အေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ရက် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းပေါ်ဦးနှင့် ပုဂ္ဂလိကစီးပွား ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်  ဒုတိယဥက္ကဋ္ဌ  ဒေါက်တာမျိုးသက်တို့ က ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များ၊ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နေမှု အပေါ် တွေ့ကြုံနေရ သည့်အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်နေမှုအခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအရ ကာကွယ်ကြပ်မတ် ဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ရန်ပုံငွေတိုးမြှင့်ရရှိရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်း စွန့်ပစ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း ၍ ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ၏  ဒသမအကြိမ် ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များကို တင်ပြပြီး အစည်းအဝေး တက်ရောက်သူအားလုံး၏ သဘောတူညီချက်အရ အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း ၁၆ ချက်ကို အတည်ပြု ချမှတ်ခဲ့သည်။

ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုကော်မတီနာယက ဒုတိယ သမ္မတက ဆွေးနွေးတင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။