လူမှုဒုက္ခများမှ ကင်းဝေးကြပါစေ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၃ ရက်)

လူသားတစ်ယောက်အဖြစ် မွေးဖွားလာသည်မှ အသက်အရွယ် အပိုင်းအခြားအလိုက် ပညာသင်ယူခြင်း၊လုပ်ငန်းခွင်ဝင်ရောက်ခြင်း၊ အိမ်ထောင်ပြုခြင်းများမှသည်  နောက်ဆုံး ထွက်သက်အထိ ရုန်းကန်နေခြင်းတို့သည် လူမှုဒုက္ခများဖြစ်သည်။ လူတိုင်းသည် အသက်ရှည်ရှည်နှင့် ျမ်းချမ်းသာသာ နေလိုကြသည်။ အသက်ရှည်ရှည်ဟု ဆိုရာတွင် ရောဂါကင်းကင်းနေလိုခြင်းဖြစ်သည်။ အသက်ရှည်ပြီး ရောဂါမကင်းဘဲ အိပ်ရာထဲမှာ နေရသည့် ဘဝမျိုးသည်လည်း ကောင်းလှသည်မဟုတ်။ ထို့အတူ ချမ်းချမ်းသာသာ နေလိုချင်သော်လည်း ငွေကြေးတော့ ချမ်းသာပါရဲ့ သားရေးသမီးရေး မိသားစုအရေးအတွက် စိတ်သောကများနေလျှင်လည်း အဆိုပါ ချမ်းသာခြင်းသည် အချည်းနှီးပင်ဖြစ်နေပေလိမ့်မည်။

ယခုအခါကမ္ဘာတစ်ဝန်းလုံးကို လှည့်လည်လျက်ရှိသော COVID-19 ရောဂါသည် မြန်မာနိုင်ငံသို့လည်း မဖိတ်ခေါ်ဘဲ ရောက်လာခဲ့သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်စတင်ခဲ့သည်မှာ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလဖြစ်သည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးက COVID-19ဟု အမည်သတ်မှတ်ခဲ့သည်။ တပ်မတော်အနေဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပရန်ရှိသည့် စိန်ရတု တပ်မတော်နေ့ အခမ်းအနားကိုပင် ရပ်နားထားခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည်ပင် မတ်လ ၄ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် တညီတညွတ်တည်း နှာခေါင်းစည်းများ တပ်ဆင်ကာ လွှတ်တော်တက်ရောက်ခဲ့သည်။ COVID-19 ရောဂါကို ပြည်သူများသတိပြုမိစေရန် သတိပေးခြင်း စေတနာအမှန်ဖြစ်သည်။

တပ်မတော်သားများ သတိပေးသည့်အတိုင်း COVID-19 က မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ COVID-19 ရောဂါသည် သြဂုတ်လ ပထမပိုင်းအထိ မြန်မာနိုင်ငံတွင် ဆိုးဆိုးရွားရွား လွန်လွန်ကဲကဲ မဖြစ်ခဲ့သော်လည်း သြဂုတ်လအလယ်၊ စက်တင်ဘာတစ်လလုံးမှသည် ယနေ့အထိ ကူးစက်မှုနှုန်း မြင့်မားလာနေသည်။ မတ်လ၊ ဧပြီလများက လူနာတွေမများဘဲ ကောင်းမွန်စွာထိန်းသိမ်းနိုင်ခဲ့ပြီး သြဂုတ်လအလယ်မှ

စ၍ COVID-19 ရောဂါဖြစ်ပွားမှု များပြားလာခဲ့သည့်အတွက် ထိန်းသိမ်းရာတွင် ခက်ခဲလျက်ရှိသည်။ သြဂုတ် ၁၆ ရက်မှစပြီး ကူးစက်မှုများလာသည်။ ယခုဗိုင်းရပ်ပိုးမှာ အသွင်ပြောင်းဗိုင်းရပ်ဖြစ်ပြီး ကူးစက်ပြန့်ပွားမှုနှုန်း မြန်ဆန်သည်။ လူထုအတွင်း အနံ့ပျောက်သွားသော လက္ခဏာများ ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။

ထို့ကြောင့် အထိရောက်ဆုံးသော ကာကွယ်နည်းမှာ အိမ်မှာပဲနေခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လိုအပ်သော အကာအကွယ်သုံးခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ လက်ဆေးရာတွင် ဆပ်ပြာနဲ့စက္ကန့် ၂ဝ ကြာဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်ခြင်းတို့ဖြစ်သည်။

ဆေးပညာရှင်များ၏အဆိုအရ ယခုဖြစ်ပေါ်ကူးစက်နေသော COVID-19 သည် ကူးစက်မှုမြန်သည်။

တချို့ ၁ဝ ဆ၊ အဆ ၂ဝ ပိုများသည်။ အသက်ရှူလမ်းကြောင်းထဲသို့ ဝင်သွားလျှင် ပိုပြီးတွယ်ကပ်မှုများသည်။

တွယ်ကပ်မှုများသည် ဆိုခြင်းမှာ အသက်ရှူလမ်းကြောင်းထဲမှ တော်တော်နှင့် ပြန်ထွက်မလာခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အထဲသို့ဝင်ရောက်သွားသော ပိုးအကောင်ရေမှာလည်း ပိုမိုများပြားသည်ဟု သိရှိရသည်။ ဝါရင့် သမားတော်များ ကိုယ်တိုင်က ဤရောဂါသည် အလွန်ကြောက်စရာ ကောင်းကြောင်း၊ သက်ကြီးပိုင်းဆိုလျှင် သေဆုံးမှုနှုန်းများကြောင်း၊ သက်ကြီးပိုင်းအသက် ၆ဝ၊ ၇ဝ တွင် အခြားရောဂါလည်း ရှိကြောင်း ဥပမာ-နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ ရှိနေမည်ဆိုလျှင် ရောဂါ၏ဒဏ်ကို ပိုမိုခံစားရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ရောဂါလျော့နည်း ပပျောက်ရေးအတွက် ပြည်သူလူထုအတွင်း ဆင့်ပွား ကူးစက်ခံရသူများကို အချိန်မီရှာဖွေပြီး အချိန်မီထိန်းသိမ်းရန် လိုအပ်သည်။  ဤသည်မှာ အလွန်အရေးကြီးသော ထိန်းချုပ်ရေး လုပ်ငန်းစဉ်ဖြစ်ပါသည်။

တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် နေထိုင်စားသောက်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မှော်ဘီမြို့ရှိ တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်းတွင် ဆေးကုသမှု ခံယူနေသည့် ဦးပဉ္စင်းတစ်ပါးက ''ဦးပဉ္စင်းတို့ ညီတော်နောင်တော်များရဲ့ ရပ်ရွာမှာရှိတဲ့ ဆွေမျိုးမိဘ ဆရာသမားတွေကို ပြောကြားလိုပါတယ်။

ဦးပဉ္စင်းတို့ COVID-19 ကူးစက်ခံရတဲ့ ညီတော်နောင်တော် အားလုံး ကျန်းမာရေး အကုန်ကောင်းမွန်ကြပါတယ်။ ပုံမှန်လိုပဲ ရှိကြပါတယ်။ နှာစေးချောင်းဆိုးတောင် မရှိကြပါဘူး။ တပ်မတော်သား မိသားစုအားလုံးက ကူညီစောင့်ရှောက်ပေးတဲ့အတွက် စိုးရိမ်ပူပန်မှု မရှိပါနဲ့လို့ ပြောကြားလိုပါတယ်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုအားလုံးကို ကျေးဇူးတင်ပါတယ်'' ဟူသော မိန့်ကြားချက်မှာ မိဘဆွေမျိုးများနှင့် ပြည်သူတစ်ရပ်လုံးအတွက် ဝမ်းသာဖွယ်ဖြစ်ပေသည်။ ရဟန်းရှင်လူ ပြည်သူအပေါင်းသည် လူမှုဒုက္ခအပေါင်းမှ ကင်းဝေး၍ အမျိုးဘာသာ သာသနာကောင်းကျိုး သယ်ပိုးဆောင်ရွက် အောင်မြင်ပါစေကြောင်း မြဝတီက ဆုမွန်ကောင်း တောင်းလိုက်ရပေသည်။   ။