၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပဲမျိုးစုံ ၂၄ သိန်းကျော် စိုက်ပျိုးရန် လျာထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးတွင် ပဲမျိုးစုံ ၂၄ သိန်းကျော် စိုက်ပျိုးရန် လျာထား

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၁၁ ခုနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း  ပဲမျိုးစုံ ၂၄၃၇၉၇၀ ဧက စိုက်ပျိုးရန် လျာထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စိုက်ပျိုးမြေဧက ၂၃၁ သိန်းကျော် ရှိသည့်အနက် သီးနှံစုံ    အသားတင် စိုက်ပျိုးမြေဧက ၄၅၀၀၀၀ ကျော်ရှိ၍ သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်သည့် မြေဧကသိန်း ၉၀ ခန့်ရှိရာ ယခု ဘဏ္ဍာရေးနှစ်အတွင်း ပဲမျိုးစုံဧက ၂၄ သိန်းကျော် စိုက်ပျိုး ထုတ်လုပ်မည်ဖြစ်သည်။

“ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှာ ပဲမျိုးစုံ ၂၃၉၅၂၀၀ ဧက လျာထား လုပ်ဆောင်ခဲ့တယ်။ အခုဘဏ္ဍာနှစ်မှာတော့ ဧကပိုတိုးပြီး စိုက်ပျိုးသွားဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နောက်တိုင်းဒေသကြီး အတွင်းမှာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကနေစပြီးတော့  ပဲမျိုးစုံ အထွက်တိုးရေး စီမံချက် ချလုပ်ဆောင်နေပါတယ်။ တောင်သူတွေ လိုအပ်တဲ့စိုက်ပျိုးရေး နည်းစနစ်တွေ၊ သွင်းအားစုတွေကို သဘာ၀ နည်းလမ်းတွေနဲ့    ထုတ်လုပ်ပုံတွေကို တောင်သူတွေကို သင်ကြားပေးသလို အခြားပုဂ္ဂလိက လုပ်ငန်းရှင်တွေ   ထုတ်လုပ်တဲ့ ဆေးတွေ/ မျိုးကောင်းမျိုးသန့်တွေ အသုံးပြုနိုင်ဖို့  လိုအပ်တဲ့ ချိတ်ဆက်မှုတွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး   စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းလှိုင်ဦး ကပြောသည်။

ပဲအမျိုးအစားအလိုက် စိုက်ပျိုးရန် လျာထားမှုအနေဖြင့် မတ်ပဲ ၁၇၂၅၈၀ ဧက၊ ပဲတီစိမ်း ၅၈၀၈၃၀ ဧက၊ ထောပတ်ပဲ ၃၉၂၅၀ ဧက၊ စွန်တာနီ ၉၃၅၀ ဧက၊ စွန်တာပြာ ၂၂၂၈၅၀ ဧက၊ ပဲပုပ် ၃၆၇၅၀ ဧက၊ ကုလားပဲ  ၄၁၇၃၀၀ ဧက၊ ပဲလွမ်း ၅၄၆၀၀ ဧက၊ ပဲစင်းငုံ ၄၈၆၂၀၀ ဧက၊ ပဲယဉ်း ၃၅၃၀၀ ဧက၊ ပဲဖြူလေး ၄၀၀၀ ဧက၊ ပဲကြီး  ၆၄၆၀၀ ဧက၊ ပဲကျား  ၈၇၂၅ ဧက၊ စားတော်ပဲ  ၅၃၃၅၀ ဧက၊ ပဲရာဇာ  ၁၂၀၀ ဧက၊ ပဲနောက်  ၁၈၅၈၅ ဧက၊ မြေထောက်ပဲ  ၆၅၉၄၂ ဧက၊ အခြားပဲ  ၁၆၆၅၅၈ ဧကကို စိုက်ပျိုးသွားရန် လျာထားကြောင်း သိရသည်။